ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ဇေအောင်/People’s Spring
ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးမြို့က ကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က လာမယ့် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ နှစ်ကူးပျော်ပွဲရွှင်ပွဲ ပြုလုပ်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
အဲဒီနှစ်သစ်ကူးပွဲမှာ စစ်ကောင်စီထောက်ခံတဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement
မုံရွာမြို့မှာလည်း သီတင်းကျွတ်နဲ့တန်ဆောင်တိုင်ကာလတွေမှာ စစ်ကောင်စီက ပျော်ပွဲ၊ ရွင်ပွဲတွေလုပ်ပေးပြီး ပွဲတော်လာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်။
မန္တလေးမြို့က ပျော်ပွဲရွှင်ပွဲတွေဟာလည်းစစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရနိုင်တဲ့အခြေအနေ ရှိနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။
“အပျော်ပါးမက်တဲ့သူတွေ အစွဲခံရမှာ။ ရပ်ကွက် အလှူတောင် စွဲသေးတာ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၁ နာရီခွဲခန့်ကပဲ စစ်အုပ်စုရှိရာ နန်းတွင်းကို တိုက်ခိုက်ခံရလို့ စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အောင်မြေသာစံမြို့နယ်၊ ၅လမ်းနဲ့ ၈၆လမ်းအနီးရှိ ပြည်သူ့အိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


















































