ဧပြီ -၁၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊မင်းလက်ပံရွာနဲ့ဖလူးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တွေအကြားမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မနေ့က မင်းလက်ပံရွာထဲကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာပါ။
“ သူများတွေ သင်္ကြန်လည်ကြတဲ့အချိန် ကျွန်တော်တို့ဒေသမှာတော့ မီးလောင်ဗုံးတွေ နေ့တိုင်းကျတယ်” လို့ ဖလူးဒေသခံပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

Public Service Announcement
စစ်တပ်က ဗုံးကြဲချလို့ မင်းလက်ပံရွာက လူနေအိမ်တွေ မီးအကြီးအကျယ်လောင်ကျွမ်းနေတာကိုလည်း မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်က တာဝန်ရှိသူတစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။
“ (မီးလောင်တာ)မင်းလက်ပံ အုန်းတောအပိုင်။ (လူထိခိုက်တာ)ရှိမယ်၊ လူတွေပြန်နေတယ်လေ” လို့ ဒေသတွင်းရှိ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးတဲ့ မင်းလက်ပံနဲ့ ဖလူးနယ်မြေတွေအတွင်းမှာ ဗုံး ကြဲချလို့ ဖလူးရွာမှာလည်း နေအိမ်တော်တော်များများ မီးလောင်ပျက်စီးတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် လည်း ထိခိုက်ပျက်စီးနေပါတယ်။
ဝေါ်လေ-မြ၀တီ လမ်းပိုင်းကို စိုးမိုးထိန်းချုပ်ဖို့နဲ့ ဝေါ်လေစစ်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ရေးတို့အတွက် စစ်တပ်က မြ၀တီမြို့နဲ့ လေးကေကော်မြို့ကနေတဆင့် မင်းလက်ပံ၊ ဖလူးကျေးရွာတွေဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတာဖြစ်ပြီး KNU ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာပါ။



















































