Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေမှာ ၂၀၂၅အတွင်း တိုက်ပွဲ ၂၀၀၀ ကျော်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၂၀၂၅ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၂၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်း ၁၇ခု သိမ်းရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

(မောတောင်မြို့သိမ်းတိုက်ပွဲနဲ့ သေဘာဘိုးတပ် စခန်းက KNLAပူးပေါင်းတပ် သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU၊FFD)

▪️စစ်တပ်စခန်း ၁၇ခု သိမ်းရ၊ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉၀၀ ကျော်သေ၊ စစ်မှုထမ်း တပ်သားသစ် ၂၀၀ ကျော် အလင်းဝင်၊ တော်လှန်ရေးရဲဘော် ၁၀၈ဦးကျဆုံးဟု အသိပေး

ဇန်နဝါရီ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၂၀၂၅ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၂၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်း ၁၇ခု သိမ်းရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ၊ KNLA/KNDOဦးဆောင်မှုအောက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု နှစ်ဖက်ထိခိုက်ကျဆုံးခဲ့မှုနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အလင်းဝင်ရောက်မှု အခြေအနေတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး (၂) ဦး ဒုရင်းမှူး (၂) ဦး G-3 တစ်ဦး နဲ့ တပ်ခွဲမှူး (၃) ဦးအပါအဝင် ၁၉၇၄ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး တပ်ရင်းမှူး (၂) ဦး အပါ အဝင်၁၆၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

KNLAနဲ့ KNDO တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၁၀၈ဦး ကျဆုံးကာ ၃၈၀ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်တွေဟာ KNUနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

” ပြည်သူလူထုများ၏ လွတ်လပ်မှုနှင့် အနာဂတ်ကို ကာကွယ်ရန် မလျှော့သောဇွဲဖြင့် တိုက်ပွဲဝင်ခဲ့ကြ သော သူရဲကောင်းများ၏ ဇွဲ၊ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှု၊ စွမ်းဆောင်ရည်နှင့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လေးစားဂုဏ်ပြုအပ်ပါကြောင်းနှင့် အစဉ်အမြဲ အသိ မှတ်ပြု အလေးထားလျက် ရှိနေမည်ဖြစ်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ ထောက်ပို့ယဉ် (၄၂)စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်း တပ်သားသစ် ၂၁၄ ဦးလည်း လက်နက်ချ အလင်းဝင်ခဲ့ဟု ဖော်ပြပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းလူငယ်လူရွယ်တွေကို အဓမ္မ စစ်သားစုဆောင်းပြီး စစ်မြေပြင်မှာ အသုံးပြုနေတာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ အင်အားအလုံးအရင်းသုံးပြီး KNU ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းခဲ့ရာ ၂၀၂၄ ဧပြီမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင် ဒေသကို စစ်ကောင်စီက ၂၀၂၅ စက်တင်ဘာမှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၂၀၂၅ အတွင်း KNU သိမ်းပိုက်ခဲ့တဲ့တပ်စခန်းတွေ အများစုဟာ မြန်မာ-ထိုင်းနယ်စပ်က တပ်စခန်းတွေဖြစ်ပြီး KNU တပ်မဟာ(၄)၊ တပ်မဟာ(၆)နဲ့ တပ်မဟာ(၇) နယ်မြေတွေက နယ်စပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီလို KNU သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေထဲမှာ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင် နယ်စပ်မြို့ လည်း အပါအဝင်ဖြစ်ပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေတဲ့ လုပ်ရပ်ဟာ လုံး၀ လက်ခံလိုမရဘဲ ပြတ်သားစွာဆန့်ကျင်ဖို့ လိုအပ်ကြောင်း ဒီကနေ့ ဇန်နဝါရီ ၃၁ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်ဖိုအတွက် အရေးကြီးဆုံးလုပ်ဆောင်ရမယ့် အရာဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်အာဏာရှင်စနစ်ယန္တရားအားလုံးကို တိုက်ဖျက်ပြီး ဒီမိုကရေစီ အရေး၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသာလျှင် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားပြီး တော်လှန်ရေးအင်အားစုတွေညီညွတ်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့ သတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။