Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်စုသစ်အတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ တိုင်းရင်းသားခေါင်းဆောင် တွေကို NUGယာယီသမ္မတ မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ်ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ တိုင်းရင်းသားခေါင်းဆောင် တွေကို အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ။ ဓာတ်ပုံ - NUG

ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ်ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ တိုင်းရင်းသားခေါင်းဆောင် တွေကို အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ (ပြည်ထောင်စုနေ့ ) အခမ်းအနား ကျင်းပစဉ် ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ပြီး အခုလို တိုက်တွန်းခဲ့တာပါ။

” တိုင်းရင်းသားပြည်သူတရပ်လုံးမှ တဆင့် ကျနော့်အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်အသီးသီးကို ဒီနေရာကနေ အထူးမေတ္တာရပ်ခံလိုတာရှိတယ်။ ကျနော်တို့အနေနဲ့ ပြည်ထောင်စုစစ်စစ်ကို ထူထောင်နိုင်ဖို့ဆိုရင် သဘောထား ကြီးမှုနဲ့ အမြော်အမြင်ကြီးမှုက အင်မတန်အရေးကြီးပါတယ်။ လူအများစုက လူအနည်းစုကို ဖိနှိပ်တာ လူအုပ်ကြီးကနေ လူတဦးချင်းစီကိုဖိနှိပ်တာတွေ ယနေ့ ကာလအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေဆဲဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ အထွေထွေ နစ်နာဆုံးရှုံးမှုတွေကို ယနေ့အချိန်ကာလမှာ အဆုံးသတ်နိုင်ဖို့လိုနေပြီဖြစ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့ ဆင်းရဲဒုက္ခနဲ့ အထွေထွေအကြပ်အတည်းကို လစ်လျူမရှုကျဖို့ ကျနော့်အနေနဲ့ အလေးအနက် တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွတ်လပ်ခွင့်နဲ့ တရားမျှတခွင့်နဲ့ တန်းတူမျှတမှုတွေဖြစ်ထွန်းတဲ့ ခေတ်သစ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးကို အတူတကွ တက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း အသိပေးပါတယ်။ တယောက်အားနဲ့ ယူလို့မရတဲ့အရာကို တသောင်းအားနဲ့ ယူမှရလိမ့်မယ်လို့ ယုံကြည်သလို တသောင်းအားနဲ့ ယူလို့မရတဲ့ဟာကို တသိန်းအားနဲ့ ယူလို့ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
အခု ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် သန်းနဲ့ချီတဲ့ ပြည်သူလူထုကြီးတရပ်လုံးရှိထားပြီးဖြစ်ကြောင်းလည်း အသိပေးပါတယ်။

” သက်ဆိုင်ရာလူမျိုးစုခေါင်းဆောင်အသီးသီးက အမြှော်အမြင်ကြီးကြီး သဘောထား ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပေါင်းစည်းခေါင်းဆောင်နိုင်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။တိုင်းရင်းသားပြည်သူလူထုအားလုံးဟာ စစ်မှန်တဲ့ ပြည်ထောင်စုအစိုးရ တရပ်ကို အထူးအလိုရှိတာ တွေ့ရပါတယ်။”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

တိုင်းရင်းသားပြည်သူအားလုံးဟာ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ အထူးမျှော်လင့်နေကြတာတွေ့ရကြောင်း ပြောပြပါတယ်။

” ကျနော်တို့အနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ချိုးဖျက်ပြီး ပြည်ထောင်စုပေါင်းစည်းရေးနဲ့ ခေတ်သစ်နိုင်ငံတော်သစ်တရပ်ကို ဆက်လက်တည်ထောင်ဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။တိုင်းရင်းသားပြည်သူတရပ်လုံးအနေနနဲ့လည်း အာဏာရှင်စနစ်အမျိုးမျိုးရဲ့ ဖိနှိပ်မှုကနေ ရုန်းထနိုင်ပြီး လွတ်လပ်သော တရားမျှတသော တန်းတူညီမျှသော လောကပါလတရားနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုသစ်ကို အတူတကွ ချီတက်ကြပါစို့”လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

တောင်တန်းနဲ့ ပြည်မပေါင်းစည်းမှုဟာ ပြည်ထောင်စုသင်္ကေတအဖြစ် တည်ရှိခဲ့တဲ့အပြင် တိုင်းရင်းသားအားလုံးရဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ နိုင်ငံရေးဂုဏ်ဒြပ်ကို ပြည်ထောင်စုသင်္ကေတအဖြစ် မှတ်ယူနိုင်ကြောင်း မိန့်ခွန်းမှာ ပြောပြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ၊ လူမျိုးရေးအရဖိနှိပ်မှုတွေ အပြင် စနစ်အရ ဖိနှိပ်မှုတွေကိုပါ တိုင်းရင်းသား ပြည်သူ တရပ်လုံး ပုံစံအမျိုးမျိုးနဲ့ ခံစားခဲ့ရ ကြောင်း အသိပေးခဲ့ပြီး ဒါတွေ အားလုံးရဲ့ အခြေခံ အရင်းမြစ်ဟာ ပြည်ထောင်စု အနှစ်သာရကို ပြည့်၀စွာ မဖော်ဆောင်နိုင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားခေါင်းဆောင်အဆက်ဆက်ဟာ အထွေထွေဖိနှိပ်မှုတွေကို လျော့ပါးသက်သာအောင်ပြင်ဆင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြောင်း၊ ပြည်ထောင်စု စစ်စစ်မူ ဖြစ်ထွန်းဖို့ နိုင်ငံရေးနဲ့ ကြိုးစားခဲ့သလို အမျိုးသားရေးနည်းလမ်း၊ခုခံတော်လှန်ရေးနည်းလမ်းတွေနဲ့လည်း အားထုတ်ခဲ့တာ တွေ့ရမှာ ဖြစ်ကြောင်း ယာယီသမ္မတက ပြောပြပြီး တိုင်းရင်းသားခေါင်းဆောင်အဆက်ဆက်ရဲ့ အားထုတ်မှုတွေ အလကားမဖြစ်ခဲ့ဘူးဆိုတာ နွေဦးတော်လှန်ရေးက သက်သေပြနေကြောင်း ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီရေး သပ်သပ်မဟုတ်သလို အရပ်သားအစိုးရ ပေါ်ပေါက်လာရေးဆိုတာထက် ပိုမိုလွန်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

တိုင်းရင်းသားအားလုံးရဲ့ အထွေထွေအာဏာဖီဆန်ရေးလှုပ်ရှားမှုကို နွေဦးတော်လှန်ရေးလှုပ်ရှားမှုနဲ့ ပေါင်းစပ်ထားတဲ့ အခင်းအကျင်းဖြစ်တာကို တိုင်းရင်းသားနယ်မြေတွေက ခုခံတော်လှန်စစ်အောင်ပွဲက သက်သေပြနေကြောင်း ပြောပါတယ်။

” ကျနော်တို့ အနေနဲ့လည်း ဒီလိုတော်လှန်ရေးလှုပ်ရှားမှုကနေ ပြည်ထောင်စု စစ်စစ် ဖြစ်ထွန်းပေါ်ပေါက်ရေးကို အစဉ်တစိုက် ဦးတည်လျှောက်လှမ်းနေကြောင်း ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိမှာ NUG အနေနဲ့ တော်လှန်ရေးပိုမိုအားကောင်းစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးအစုအဖွဲ့ ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီလို ကြိုးပမ်းရာမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ ကဲ့သို့သော ဦးဆောင်အဖွဲ့ ဖြစ်ပေါ်လာရေးစဉ်းစားချက်တွေရှိနေပါတယ်။ အဲဒီလို ဦးဆောင်မှု ဖြစ်ပေါ်လာရေး၊ တော်လှန်ရေးအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် NUG၊ ကချင်၊ ကရင်၊ ကရင်နီ၊ချင်း တော်လှန်ရေးအဖွဲ့တွေအကြားဆွေးနွေးမှုတွေ ရှိနေသလို NUG အနေနဲ့ NUCC အပါအဝင် အခြားအဖွဲ့တွေနဲ့လည်း ဆွေးနွေးမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ကြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အတိုင်းအတာ တရပ်အထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သလို ပိုမိုကောင်းမွန် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် အဖြစ် ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ ကတိပြုခဲ့တာကြောင့် တယ်လီကျန်းမာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖွဲ့အစည်းတစ်ရပ်အနေဖြင့်...