ဖေဖော်ဝါရီ-၂၀၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းမှာ မူးယစ်စိတ်ကြွဆေးပြား သယ်လောင်လာတဲ့ ကလေးငယ် ၂ဦးကိုဖမ်းမိရာ စစ်တပ်က စေခိုင်းတာလို့ ထွက်ဆိုကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၁၆ရက်က မူးယစ်ဆေးဝါး WY အပြား ၁၀၀ခန့် သယ်လာတဲ့ အသက် (၁၆)နှစ်အရွယ်နဲ့ (၁၃)နှစ်အရွယ် ကလေး ၂ဦးအား ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) ကဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
” စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့ (၂) ဦးသည် ကျောက်တံခါးမြို့ ဈေးပိုင်းတွင် နေထိုင်သူများ ဖြစ်ကြပြီး အကြမ်းဖက် စစ်တပ်၏ ခိုင်စေမှုအရ လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်” လို့ KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားချိနဲ့ လာစေဖို့ အတွက် စစ်ရေးနည်းလမ်းဖြင့်သာမက၊ အကျိုးအမြတ်နဲ့ ဆွဲဆောင်တာ၊ တော်လှန်ရေးပုံရိပ်ညှိုးနွမ်းအောင် သတင်းတုသတင်းမှားများ ထုတ်လွှင့်ခြင်းသာမက ဒေသခံလူထုရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်လာခဲ့တာဟာ ကရင့်တော်လှန်ရေး အဆက်ဆက်ပင်ဖြစ်ကြောင်း KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ စစ်ကောင်စီတပ်သားတွေကို မူးယစ်ဆေးသုံးပြီး ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ခိုင်းနေသလို သင်တန်းကျောင်းတွေ အပါအဝင် တပ်တွင်းမှာလည်း မူးယစ်ဆေးဝါး သုံးစွဲတာ၊ ရောင်းဝယ်ဖောက် ကားတာတွေ လုပ်ဆောင်နေတာ တွေ့ရကြောင်း ရက္ခိုင်၊ မကွေး၊ ကရင်၊ ကချင် ဒေသ တိုက်ပွဲတွေမှာ ဖမ်းမိ၊ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေက ထွက်ဆိုထားတာ တွေ့ရပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၄ရက်မှာ မကွေးတိုင်း အမ်း-ပဒါန်းလမ်း နတ်ရေကန်ဗျူဟာကနေ အာရက္ခတပ်တော်(AA) ဆီအလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားသစ် တပ်သား နိုင်ခန့်ကျော်က ၂၀၂၅ ဩဂုတ် အပတ်စဉ် (၁၆) သင်တန်းမှာ သင်တန်းသား ၆၀၀ ကျော်နဲ့အတူ သင်တန်းတက်ခဲ့ရတာ ဖြစ်ပြီး သင်တန်းကာလမှာ သင်တန်းသားတွေ မူးယစ်ဆေးသုံးတာတွေရှိကြောင်း ပြောပြပါတယ်။
တပ်ရင်းမှာရှိတဲ့ အရာရှိတွေ ဗိုလ်တွေကကိုယ်တိုင်သုံးသလို သင်တန်းသားတွေကိုရောင်းဝယ်ဖောက်ကားနေတာရှိတယ်လို လည်း ပြောပြပါတယ်။
သင်တန်းအပြီး စစ်မြေပြင်ကို သွားရမယ် အေးချမ်းတဲ့နေရာကို သွားရမယ်လို ပြောဆိုခဲ့ပြီး ပဒန်းဒေသကို ပိုဆောင်ခဲ့ရာ အဲဒီဒေသရှိ ဒရုန်းတပ်ဖွဲ့ ရောက်တော့လည်း ဗိုလ်ကြီးတွေက WY မူးယစ်ဆေးပြားတွေရောင်းတာတွေ့ရကြောင်း တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။
” ဒရုန်းတပ်ဖွဲ ဗိုလ်ကြီးတွေက ပစတွေရောက်တာနဲ့ WY ဆေးပြားတွေ မူးယစ်ဆေးပြားတွေ စရောင်းတယ်။ ဒီဟာက ရှေ့တန်းစစ်မြေပြင်မှာ ကောင်းတယ် ဒါက မဖြစ်မနေဆောင်ထားရမှာလိုပြောတာရှိတယ်”လို တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။
အဲဒီ မူးယစ်ဆေးတွေကို တပ်ကြပ်တစ်ဦးက ဆိုင်ကယ်နဲ့ယူလာတာဖြစ်ပြီး (၁၀၁) တပ်မက ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေ ကိုလည်း သွားရောင်းတာရှိကြောင်း ပြောပါတယ်။
” အဲဒီမှာ တွေ့ရတာ စစ်တပ်နဲ့တောင်မတူတော့ဘူး။ မူးယစ်ဆေးဝါး WYဆေးရောင်းဝယ်ဖောက်ကားနေတဲ့ နေရာကြီးတခုလိုတူတယ်လို ထင်ခဲ့သေးတယ်”လို တပ်သား နိုင်ခန့်ကျော်က ပြောပါတယ်။
မူးယစ်ဆေးသုံးပြီး အချင်းချင်းရန်ဖြစ်စကားများတာတွေလည်းရှိတယ်လို ဆိုပါတယ်။
ခမရ(၅၇၄)တပ်ရင်းက တပ်ကြပ်တဦးဟာ မူးယစ်ဆေး အသုံးလွန်ပြီးကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ်သေဆုံးသွားတာရှိတယ်လို ပြောပြပါတယ်။


















































