နေ့သစ်/People’s Spring
အွန်လိုင်းပေါ်မှာ လူသိများတဲ့ ဗိုလ်နဂါး အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းသွားသလို ၊စစ်တပ်က လည်းရဟတ်ယာဉ်နဲ့တောင် ခေါ်ထုတ်ပေးတဲ့ဖြစ်ရပ်က ဒီရက်ပိုင်း ပြည်သူတွေကြားလူပြောအများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ် ။တော်လှန်ရေးအပေါ်သစ္စာဖောက်ပြီး စစ်တပ်နဲ့ ပေါင်းဖက်ခဲ့တဲ့ ဗိုလ်နဂါးအဖြစ်ကနေ နွေဦးတော်လှန်ရေးအတွက် ဘာတွေ သင်ခန်းစာယူကြမလဲ ဆိုတာ ဒီတစ်ပါတ် ပြောပြပါမယ် ။
ဗိုလ်နဂါးလို့ပြောလိုက်တာနဲ့ အွန်လိုင်းပေါ်မှာအညာလေသံပြောဟန်ဆိုဟန်နဲ့ စကားပြောကောင်းတဲ့သူအဖြစ် ပြည်သူအများစုမျက်လုံးထဲ တန်းရောက်လာမယ် ထင်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်သတ်ဖြတ်ခဲ့တာကြောင့် နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်တဲ့ အဆင့်ကို ကူးပြောင်းခဲ့ပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်တဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းက အစောဆုံးဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။
လက်လုပ်သေနတ်တွေ ၊တူးမီးသေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေက ရရာလက်နက်ဆွဲ ခုခံတော်လှန်ခဲ့ကြတာပါ။ လက်လုပ်မိုင်းတွေကို အဓိကသုံးပြီး အညာသားတော်လှန်ရေးသမားတွေရဲ့ တိုက်ပွဲအတွေ့ကြုံတွေက စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လိုတဲ့ နိုင်ငံတစ်ဝန်းကလူတွေအတွက် အားတက်စရာ ဇာတ်လမ်းတွေ ဖြစ်နေပါတယ်။ ၂၀၂၁နှစ်ကုန်ပိုင်းမှာတော့ အဲ့လိုဇာတ်လမ်းတွေကို ကြားရသူအများစု သဘောကျအောင်ပြောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ထွက်ပေါ်လာပါတယ်။ သူကတော့ ဗိုလ်နဂါးပါ။

Public Service Announcement
“သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့တိုက်တာ။အကိုတို့က တူမီးတွေနဲ့ခံတိုက်တယ်။ပထမ တစ်ကြိမ်တုန်းက ၈၃ ယောက်လာတဲ့စစ်ကြောင်းမှာဆိုရင် စစ်ကြောင်းမှူး သေတယ်။ တောင်ပေါ်မှာ ချရတာ။သူတို့က ပြည်သူလူထုရဲ့ နေအိမ်ကို အချိန်မရွေးဝင်ပြီးသူတို့ရိက္ခါအတွက် ရိုက်သတ်ချက်။အကိုတို့ကတော့ လူမနေတဲ့အိမ်တွေမှာဝင်ပြီး စောင့်တိုက်ရတယ်။အဲဒီအချိန်မှာ မရဲတရဲနဲ့လာမေးတဲ့ ပြည်သူတွေရှိတယ်။အကိုတို့က PDF တွေလားတဲ့။ဟုတ်တယ်လို့ပြောတဲ့အခါ သူတို့ကျွေးပါ့မယ်ဆိုပြီး သူတို့ရဲ့ ဝေစုထဲက ထမင်းဟင်းလေးတွေကို ဖြစ်သလိုစားပြီးတိုက်ခဲ့ရတာ။ အဲဒီ တိုက်ပွဲက ခြောက်ရက်ကြာတယ်။တချို့ရက်တွေကတော့ ထမင်းလွတ် တိုက်ခဲ့ရတာ။သူတို့ဘက်က အယောက် လေးဆယ် စွန်းရုံပဲကျန်တာ။ညတွင်းချင်း သူတို့ယာဉ်တန်းတွေနဲ့ ထုတ်သွားရတာမျိုးတွေက အကြိမ် ကြိမ်ရှိခဲ့တယ်။အဲဒီ အခြေအနေက ပိုပြီးကြမ်းတမ်းခဲ့တယ်”
ဗိုလ်နဂါးက ၂၀၂၁ထဲမှာ သူတို့တိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုဆိုပြီး အပြောကောင်းကောင်းနဲ့ ပုံပြင်တစ်ပုဒ်လို ပြောခဲ့တာပါ။ အဲ့လိုဖြစ်ရပ်တွေကို ဗိုလ်နဂါးက အွန်လိုင်းပေါ်မှာ liveလွှင့်ပြီးတော့ရော မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာရော မထပ်ရအောင်ဖြစ်ရပ်တွေအများကြီးပြောခဲ့တာပါ။ထူးခြားတာကတော့ အဲ့ဖြစ်ရပ်တွေရဲ့ အများစုက မမှန်တာ ပုံကြီးချဲ့ပြောတာတွေလို့ မြေပြင်တော်လှန်ရေးသမားတွေက ပြောကြပါတယ်။
စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းပြီး အာဏာသိမ်းစစ်တပ်ကို သူရဲကောင်းဆန်ဆန် တိုက်ခိုက်တဲ့ တော်လှန်ရေးသမားတွေကို အားကိုးမျှော်လင့်ကြတဲ့ ပြည်သူတွေကြားထဲမှာ ဗိုလ်နဂါးက အဲဒီလိုအပြောကောင်းကောင်းနဲ့ လူသိများလာခဲ့ပါတယ်။
လူသိများလာတာကြောင့် ပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းမှု ၊ထောက်ပို့အဖွဲ့တွေရဲ့ ထောက်ပို့မှုတွေကိုလည်း ကျန် အညာကအဖွဲ့တွေထက် ပိုရခဲ့ပါတယ် ။ ငွေကြေး ဘဏ္ဍာတောင့်တင်းလာတာကြောင့် လက်နက်ခဲယမ်းတွေကိုလည်း ပိုဝယ်နိုင်ခဲ့တာပါ ။
ဒေသတွင်းက တော်လှန်ရေးအဖွဲ့ငယ်လေးတွေထက် ငွေကြေး ၊လက်နက်၊ခဲယမ်း ပိုတောင်းတဲ့ ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က နွေဦးတော်လှန်ရေးမှာ သူများတွေ မတွေး မလုပ်တာကို စွန့်ဦးတီထွင် လုပ်ခဲ့တာရှိတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေကပြောကြပါတယ် ။ အဲတာကတော့ ဒေသကာကွယ်ရေးအဖွဲ့-LDF ငယ်လေးတွေက အညာမှာ စစ်တပ်စစ်ကြောင်းတွေလာရင် ရှိတဲ့လက်လုပ်မိုင်း ၊လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ပြီး အဲလိုတိုက်ခိုက်တဲ့ ဓါတ်ပုံ ၊ဗီဒီယို ၊တိုက်ပွဲမှတ်တမ်းတွေကို ဗိုလ်နဂါးက ဝယ်ယူတာပါ ။ အဲလိုဝယ်ပြီး အဲဒီစစ်ဆင်ရေးကိုသူတို့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဖေစ်ဘွခ်မှာသတင်းထုတ်တယ်လို့ PDFတချို့ကပြောပါတယ်။
တိုက်ပွဲတွေကို ပြန်ဝယ်တဲ့အခါဓါတ်ပုံ ၊ဗီဒီယို ကောင်းကောင်းပါရင် ၊စစ်သားထိခိုက်သေဆုံးတာပါရင် ဈေးပိုပေးဝယ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ ဒီလိုနဲ့ ဗိုလ်နဂါးရဲ့ ဟာ အွန်လိုင်းပေါ်မှာ တိုက်ပွဲသတင်းတွေပိုထုတ်နိုင် ၊ပိုနာမည်ကြီး ၊အလှူငွေတွေပိုရနဲ့အဖွဲ့က ပိုကြီးလာခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့MRDA ကနေ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဆိုပြီးပြောင်းလဲဖွဲ့စည်းခဲ့ပါတယ် ။
အညာမှာ စစ်တပ်က PDFတွေရှိတဲ့နေရာတွေကို ရဟတ်ယာဉ်တွေနဲ့စီးနင်းတိုက်ခိုက်လို့ အကျအဆုံးများချိန်မှာ ၊ စစ်ကိုင်းတိုင်းအတွင်းစစ်တပ်ကဘီလူးစစ်ကြောင်း ဆိုပြီး ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ချိန်နေမှာ ဒီစစ်ကြောင်းတွေကို တိုက်ခိုက်မယ်ဆိုပြီး ဗိုလ်နဂါးကအလှူခံခဲ့သလို အလှူငွေလည်းမျာစွာရရှိခဲ့ပါတယ်။ဒါပေမယ့် ဒီစစ်ကြောင်းတွေကို ဗိုလ်နဂါးတပ်တွေက တိုက်ခိုက်နိုင်ခဲ့တာမရှိဘူးလို့ PDF တွေကပြောပါတယ် ။
၂၀၂၁ အောက်တိုဘာလမှာ ဗိုလ်နဂါးက NUG နဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ် ။ “NUG ရဲ့ အောက်ကနေပဲသွားမှာ အကိုတို့ ခံယူချက်ပဲ။ အကိုတို့နိုင်ငံရဲ့ ပြည်သူ့အာဏာကို စစ် အုပ်စုကလုသွားတယ်။လုသွားတဲ့နောက်ပိုင်းမှာ အာဏာကို ပြန်ပေးပါဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုတယ်။မရဘူး ပစ်သတ်တယ်။အကိုတို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တယ်။ပြည်သူ့အာဏာကို ပြန်မရမချင်း အကိုတို့ အသက်နဲ့ ခန္ဓာကိုယ်ကို ပဓန မထားပဲတိုက်မယ်။အဲဒီလို ခံယူထားတဲ့အတွက် တစ်နေ့မှာ ဒီကောင်တွေကျရှုံးရမယ်။အဲဒီနေ့မှာ သူတို့ဆီက အာဏာကို ပြန်ပြီး လက်ခံမယ် NUG လို အစိုးရတစ်ရပ် လိုအပ်တယ်။”
ဒါပေမယ့် လက်တွေ့မှာတော့ ဗိုလ်နဂါးတပ်ဖွဲ့နဲ့ NUG ဆက်ဆံရေးဟာ ကြာလေပိုဆိုးလာလေဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ထောက်ခံသူများစွာရှိတဲ့ ဗိုလ်နဂါးဟာ NUG ကိုရော ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုရော ၊ ဝန်ကြီးဦးရည်မွန်ကိုရော ၊ ပသုံးလုံးကိုရော မကောင်းပြောတာ ၊တိုက်ခိုက်တာ၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးတွေမှာ နှောက်ယှက်တာတွေပိုလုပ်လာတယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ် ။ ဗိုလ်နဂါးအောက်က တပ်ရင်းအချို့ဟာ သူလက်အောက်မှာတာဝန်မထမ်းလိုတော့တာကြောင့် PDF တပ်ရင်းတွေအဖြစ်ကူးပြောင်းသွားပြီးနောက်ပိုင်း အခြေအနေပိုဆိုးလာပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကြားပြသာနာဖြစ်ရင်နွေဦးတော်လှန်ရေးအပေါ် ထိခိုက်နိုင်သလို ပြည်သူတွေ စိတ်ဓါတ်ကျနိုင်တာကြောင့် NUG ကအကြိမိကြိမ်သည်းခံစည်းရုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဖူးလို့ အညာဒေသ PDF တပ်ရင်းမှူးတဦးကဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း နဲ့ ဒုတယလှိုင်းတွေမှာရှမ်းမြောက် ၊ရခိုင် ၊ စစ်ကိုင်း၊ကရင်နီ ၊မန္တလေးစတဲ့ဒေသတွေမှာမြို့သိမ်းတိုက်ပွဲတွေပြင်းထန်ချိန်မှာ ဗိုလ်နဂါးတပ်ကထူးထူးခြားခြားငြိမ်သက်နေခဲ့ပါတယ်။
ဒါပေမယ့်၂၀၂၄ ခုနှစ်နောက်ပိုင်း ဗိုလ်နဂါးရဲ့ BNRAပါဝင်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲနှစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲ ၂ ခုလုံး ရှုံးခဲ့ပြီး BNRA ရဲဘော်တွေရော ၊ပါဝင်တိုက်ခိုက်ပေးတဲ့ မဟာမိတ်တပ်တွေပါ ထိခိုက်ကျဆုံးမှုများခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာ၁၁ရက်မှာ BNRA ဦးဆောင်ပြီးမဟာမိတ်တပ်ဖွဲ့အချို့ နဲ့ပုလဲမြို့သိမ်းတိုက်ပွဲတိုက်ခဲ့တာမှာ အထိနာပြီး ပြန်ဆုတ်ခဲ့ရပါတယ်။
“ဗိုလ်နဂါးက စစ်မတိုက်တက်ဘူး ။ စစ်ဦးလန်ပြီး ကိုရှုံးခဲ့တာ ။ စစ်ဘေးရှောင်ပြည်သူတွေ အတွက်လည်း စစ်ရေးစီမံချက်မှာ ဘာမှထည့်စဉ်းစားထားတာမရှိခဲ့ဘူး ။ ပြည်သူတွေအတွက်မပြောနဲ့ ရဲဘော်တွေအတွက် တန်ပြန်စစ်ကြောင်းထိုးလာရင်တောင် ဘယ်လိုကာမယ်ဆိုတာ ဘာမှမစီစဉ်ထားဘူး”လို့ အဲဒီတိုက်ပွဲမှာ ကူညီပေးခဲ့တဲ့ရဲဘော်တဦးကအတွေ့အကြုံကိုပြောပါတယ် ။
၂၀၂၅ နိုဝင်ဘာ ၁ရက်မှာလည်း ဗိုလ်နဂါးအဖွဲ့ဟာပုလဲမြို့နယ်က ဇီးဖြူကုန်းပျူစောထီးကျေးရွာကို တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် ရဲဘော်တွေ သေဆုံးဒဏ်ရာရသူများပြီး ပြန်ဆုတ်ခဲ့ရပြန်ပါတယ် ။ အဲဒီနောက်ပိုင်းမှာ ဘာစစ်ဆင်ရေးမှမလုပ်တော့ပါဘူး ။
စစ်တပ်က စိတ်တိုင်းကျစီစဉ်ထားတဲ့ရွေးကောက်ပွဲ နီးလာချိန် စစ်တပ်က မထိန်းချုပ်နိုင်တဲ့ဒေသတွေကို လေကြောင်းကဗုံးကြဲ ၊ မြေပြင်းကစစ်ကြောင်းထိုးပြီး ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်လာပါတယ် ။ ဒီအချိန်မှာ ဗိုလ်နဂါးရဲ့ BNRA က လှုပ်ရှားလာပါတယ်။ တိုက်ပွဲမဖြစ်တာကြာပြီဖြစ်တဲ့ ပုလဲမြို့နယ်ထဲက PDF နဲ့ ပကဖ တွေလှုပ်ရှားတဲ့နေရာတွေမှာ ဂိတ်စခန်းတွေဖွင့်ငွေကောက်လိုက်တာဖြစ်ပါတယ် ။
အဲဒီဂိတ်တွေကိုပိတ်သိမ်းဖို့ ယင်းမာပင်ခရိုင်ထဲက PDFတပ်ရင်းတွေက သတိပေးခဲ့ပေမယ့် BNRA ကမပိတ်ခဲ့ပါဘူး ။ ၂၀၂၆ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာတော့ ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက အခွန်ကောက်တဲ့ BNRA ဂိတ်နှစ်ခုကို PDF တွေက ဝင်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။
နောက်ရက်မှာတော့ PDF တွေက စီးနင်းထားစဉ် ဖမ်းဆီးထားတဲ့ BNRA ရဲဘော်အချို့ကိုပြန်လွှတ်ပေးခဲ့သလို လက်နက်တွေကိုလည်း ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ဖြစ်ပြီးရက်ပိုင်းအကြာမှာပဲ BNRA က ပကဖ ဂိတ်တစ်ဂိတ်ကို သေနတ်နဲ့ ပစ်ခတ်စီးနင်းပြီး ရဲဘော်အချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ယင်းမာပင်ခရိုင် PDFတပ်ရင်း (၄)မှ ရဲဘော်ကတုံးကို BNRA တပ်ရင်း(၃)က ရဲဘော်နှစ်ဦးကပစ်သတ်ခဲ့ပါတယ် ။ BNRA က အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။
ဒါအပြင် ရဲဘော်ကတုံးက လုယက်မှုတစ်ခုနဲ့ပတ်သက်ပြီး ပက်သက်လို့ မုံရွာခရိုင်ပကဖ ကဖမ်းပေးဖို့အကူအညီတောင်းလို့ ဖမ်းရသလို လိမ်လည်ထုတ်ပြန်ခဲ့ပါတယ် ။
ဒီလိုအခြေအနေ အတင်းမာဆုံးဖြစ်ပြီးနောက်မှာတော့ BNRA တပ်စခန်းအချို့ကို NUGလက်အောက်ခံ ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းမှာ ဝိုင်းဝန်းထားစဉ်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
BNRA စခန်းတွေကိုတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ PDF တွေထံလက်နက်ချသွားသလို ၊စခန်းတွေကို PDF တပ်ရင်းတွေ ဝိုင်းဝန်းထားစဉ်မှာပဲဖေဖော်ဝါရီ ၁၈ ရက်မှာ ဗိုလ်နဂါးဟာ စစ်တပ်ဆီထွက်ပြေးပြီး စစ်တပ်နဲ့ပူးပေါင်းသွားတာပါ။
စစ်တပ်က ဗိုလ်နဂါးနဲ့ မိသားစုနဲ့ နောက်လိုက်အချို့ကို ရဟတ်ယာဉ် ၂ စီးနဲ့သွားခေါ်ပေးခဲ့တာပါ။ စစ်တပ်က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်တပ်ဗိုလ်ချုပ်အချို့ကိုတောင် ရဟတ်ယာဉ်နဲ့ခေါ်ထုတ်မပေးခဲ့ပဲအသေခံစစ်တိုင်းခိုင်းခဲ့ပေမယ့် ဗိုလ်နဂါးကို ကြ ရဟတ်ယာဉ်နဲ့ခေါ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်တပ်က နဂါးကိုရဟတ်ယာဉ်နဲ့လာခေါ် တာဟာ PDFတွေက မိသွားရင် နဂါး နဲ့ စစ်တပ် ဆက်သွယ်ခဲ့တာ တွေ၊ စစ်တပ်ကြိုးကိုင်ထားတဲ့NUG နဲ့ တော်လှန်ရေး အပုပ်ချ ကန်ပိန်းတွေ၊ တတိယအုပ်စု ထဲ ကစစ်တပ်လူတွေ နဲ့ ချိတ်ဆက် လုပ်ဆောင်တာ တွေ ကို သက်သေ နဲ့တကွ မိမှာ စိုးလို့ လာခေါ်တာလို့ ယူဆတယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကသုံးသပ်ပါတယ်။ စစ်ကောင်စီအတွက် ဗိုလ်နဂါးဟာတန်ဖိုးရှိတဲ့ရင်းမြစ်ဖြစ်နေတယ်လို့သူကဆက်ပြေပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ဗိုလ်နဂါး ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ ပုလဲမြို့နယ်ထဲက BNRA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ BNRA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ပုလဲမြို့နယ် စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာပြုလုပ်လာတာဖြစ်ပါတယ်။
စစ်တပ်က နဂါးကို ရဟတ်ယာဉ်နဲ့လာခေါ်တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်နဲ့ နဂါးဟာအရင်ကတည်းက အချိတ်အဆက်ရှိပြီးသားဖြစ်တယ်ဆိုတာပေါ်လွင်ကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီး ဦးကျော်နီကသုံးသပ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အရာရှိတဦးကတော့ “နဂါးဟာ အစကတည်းက ရန်သူ့လူပါ။ ကျနော်တို့ အကြိမ်းကြိမ်းသတိပေးဖူးပါတယ်။ သူကိုင်ဆောင်တဲ့ လက်နက်တွေက ရန်သူ့ဆီကနေ ရရှိတာက ပိုများပါတယ်”လို့ပြောပါတယ်။
PDF တပ်ရင်းမှူးအချို့ကလည်း ၂၀၂၃ သြဂုတ်နောက်ပိုင်းမှစ၍ ဗိုလ်နဂါးဟာ စစ်တပ်နဲ့အဆက်အသွယ်ရှိခဲ့တာလို့ သိရပြီး အဲနောက်ပိုင်းသူ့လုပ်ရပ်တွေကြည့်ရင်သိနိုင်သလို ၊သူ့ကို သတိထား ဆက်ဆံခဲ့တယ်လို့ပြောပါတယ် ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်က “တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်ကြတာကို စကမက ကြားထဲက ဒိုင်စားခြင်း မဟုတ်။ နဂိုကတည်းက သူတို့ မြှုပ်ထားတဲ့အပင်းကို သူတို့ဘာသာ ပြန်နှုတ်သွားခြင်းသာလျှင်ဖြစ်တယ်” လို့ ဗိုလ်နဂါး စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ဖြစ်ရပ်အပေါ် လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ကိုယ်တိုင် လုပ်ဆောင်တာ၊ တပ်ဖွဲ့ဝင်တွေကို လုပ်ဆောင်စေတာ ၊ တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်တာကို မျက်ကွယ်ပြုတာတွေကြောင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့NUG ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
ရန်သူအကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စတဲ့ လုပ်ရပ် အတွက် ယုံကြည်ရလောက်တဲ့ အထောက်အထား ရှိနေတာ အပါအဝင် အချက် ၄ချက်ကြောင့် BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူ ဆောင်ရွက်ခဲ့တာလို့ အသိပေးပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်နဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့လို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။
ပြည်သူလူထုအပေါ် ဖိနှိပ်တာ ၊သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစတဲ့ ရာဇဝတ်မှုများ ကျူးလွန်တာတွေ ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
အခုဖြစ်ရပ်ကြောင့် ဗိုလ်နဂါးဆီက ပုလဲမြို့နယ်အတွင်း စစ်ရေးအချက်အလက်နဲ့ တော်လှန်ရေးအဆက်အသွယ်တွေကို စစ်တပ်ကရသွားတာကြောင့် ဒေသတွင်းစစ်တပ်ကပိုဖိနှိပ်လာနိုင်တာ ၊စစ်ကြောင်းထိုးတာတွေပိုလုပ်လာနိုင်တယ်လို့ တော်လှန်ရေးရင်းမြစ်တွေကပြောပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော်လှန်ရေးအတွက် အနှောက်အယှက်ပိုနည်းသွားလို့ ပိုစုစည်းလာနိုင်၊ စစ်ရေးပိုဖော်ဆောင်လာနိူင်မယ်လို့ PDF တွေကပြောပါတယ် ။
သင်ခန်းစာအနေ နဲ့ကတော့ တော်လှန်ရေးမှာအွန်လိုင်းပေါ်မှာနာမည်ကြီးတိုင်း ပြည်သူတွေကအလွယ်တကူမယုံကြဖို့ နဲ့ လူသိများမှအလှူငွေရမယ်ဆိုတာရဲ့နောက်မှာ စစ်ရေးအရ လျှိုဝှက် ရတာတွေကျိုးပေါက်နိုင်တာမို့ နာမည်မကြီးပေမယ့် စစ်စစ်မှန်မှန်လုပ်နေတဲ့ တော်လှန်ရေးရဲဘော်တွေများစွာရှိတယ်ဆိုတာ ကို သတိချပ်ကြဖို့ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ် ။
“ကျွန်တော်အရှင်းဆုံးနဲ့ အတိုချုပ်ပြောရရင်တော့ လိုင်းပေါ်မှာ ဆယ်လီဖြစ်တိုင်းမယုံပါနဲ့”လို့ NUG ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်နီကပြောပါတယ် ။ ။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴


















































