မတ်-၁၊၂၀၂၆။မိုမို၊ရွှေပြည်စိုး/People’s Spring
မင်းတုန်းမြို့နယ်မှာ အများပြည်သူ စုဝေးရာနေရာဖြစ်တဲ့ ကုန်ကားစခန်းနေရာကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေအကြိမ်ကြိမ် ဗုံးကြဲလို့ အရပ်သား ၂၀ကျော်သေဆုံးပြီး ၊ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ နဲ့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ် ။
ဒီနေ့(မတ်လ ၁ ရက်နေ့)နံနက် ၁၁ နာရီကနေ ၁၁ နာရီ၂၀ မိနစ်ကြားမှာ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ အနီးကကုန်သွယ်ရေးကားတွေ စုရပ်နေရာကို ဂျက်ဖိုက်တာသုံးစင်းနဲ့ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“ တောင်ယာသိမ်းချိန်ကုန်ကားတွေ အလုပ်လုပ်တဲ့နေရာကို ကြဲတာ။ ပြောင်းရွာဘက် စစ်ဖြစ်မနေဘူးဗျ။ ကြားကြားချင်း ရှော့ခ်ဖြစ်ကုန်တာ။ ကျတော်တို့ နယ်မှာ အဆိုးဆုံးကြားဖူးတာ” လို့ မင်းတုန်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်တပ်ဗုံးကြဲခဲ့တဲ့ပြောင်းရွာဟာ မင်းတုန်းမြို့ရဲ့ အနောက်ခြမ်း၊မင်းတုန်းချောင်းဘေးမှာရှိတဲ့ ရွာအုပ်စုကြီးတယ်လို့ အသိပေးပါတယ်။
“ အခုထိစာရင်းရတာက သေတဲ့သူ ၂၅ ဦးရှိတယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေ လည်းပါတော့ သေဆုံးသူထပ်တိုးနိုင်တယ်။ဒဏ်ရာရတာက ၂၀ လောက်ရှိတယ်” လို့ မင်းတုန်းမြို့ခံတဦးကပြောပါတယ်။
မင်းတုန်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း” မကွေးလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာတွေနဲ့။အရပ်သားတွေမှန်းလည်းသူတို့သိတယ်။တိုက်ပွဲ ဖြစ်တာလည်းမရှိဘူး။သေဆုံးထိခိုက်တဲ့သူတွေများတယ်။ဒါက လူအစုခိုက်အပြုံလိုက်သတ်တဲ့စစ်ရာဇဝတ်မှု ဖြစ်တယ်” လို့ပြောပါတယ်။
ဗုံးကြဲခံရမှုတွေမှာကုန်ပစ္စည်းတွေ အပါအဝင် ဖောကား ရှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ၂၀ကျော် ဒဏ်ရာရတယ်လို့ဗမာပြည်ကာကွယ်ရေးတပ်-United States Of Burma Army (USBA) တာဝန်ရှိသူတစ်ဦးကလည်း အသိပေးထားပါတယ်။
တိုက်ခိုက်မှုမှာ သေဆုံးသူအများစုက တောင်ယာလုပ်ကိုင်သူတွေဖြစ်တယ်လို့ ကနဦးသိရပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ စာရင်းအရ စစ်တပ်ဟာ ဂျက်ဖိုက်တာသုံးစီးနဲ့ ပေါင်၂၀၀၊ ၃၀၀ ဗုံး ၁၀လုံးကို ကြဲချပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မင်းတုန်းမြို့နယ်ဟာပုသိမ် – မုံရွာကားလမ်းပိုင်းမှာပါဝင်ပြီးဒေသခံတွေနဲ့ခရီးသွားတွေအနေနဲ့ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
ဒေသခံတွေ၊ကုမ္ပဏီဝန်ထမ်းတွေ၊ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူတွေ၊စေတနာ့ဝန်ထမ်း တွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကိုသတိပြုဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုချိတ်ဆက်သတင်းပို့ဖို့၊ လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုလိုက်နာဖို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့လွတ်လပ်ရေးတပ်မတော်(PLA)နဲ့ USBAတို့က သတိပေးထားပါတယ်။
မင်းတုန်းမြို့အနီးကအထက်မင်းလှ၊ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ရေးတတင်းမာနေပါတယ်။စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)က တပ်ဖွဲ့ဝင်တွေကိုအသုံးပြုပြီးစစ်ကြောင်းထိုးနေပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်မနက်ပိုင်းမှာ အထက်မင်းလှမြို့နယ်၊ သမ္ဘရာကန်ရွာအနီး စစ်ကောင်စစ်တပ်စွဲထားတဲ့ မန်းသမ္ဘရာရေနံချက်စက်ရုံနဲ့ကပစ (၂) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင် ပြောင်းရွာ အပါအဝင် စစ်တပ်က မင်းတုန်းမြို့နယ်အနောက်ခြမ်းကို ပြီးခဲ့တဲ့လ(ဇန်နဝါရီ ၂၁ရက်ကနေ ၂၈ရက်)ထိ စစ် ကြောင်းထိုးခဲ့ပြီး အရပ်သားသုံးဦးကိုပါသတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါတယ်။
စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ အရပ်သားသေဆုံးမှု စုစုပေါင်း (၂,၃၂၆) ဦး နဲ့ ဒဏ်ရာရရှိသူ ၄,၁၄၆ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားပါတယ်။






















































