ဧပြီ-၁၇၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ဆိပ်ကြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၅ရက်မှာ ခမရ(၃၅၁) က တပ်သားဟာ သူတို့ တပ်ဖွဲ့အထိုင်ချ တပ်စွဲထားတဲ့ ဆိပ်ကြီးဘုန်းကြီးကျောင်းက ကနေ ထွက်ပြေးပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)ထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်လာသူစစ်ကောင်စီတပ်သားဟာ MA1 တစ်လက် နဲ့ ကျည်တွေ အီနာဂါဗုံးသီးနဲ့ ကျည်ကာ ၁ခုယူလာကြောင်းဖော်ပြထားပါတယ်။အလင်းဝင်လာသူကို ဆုငွေ ၅သိန်း ပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားဟု အသိပေးပါတယ်။

Public Service Announcement
အရင်ကလည်း KNLA တပ်ရင်း(၈)ဆီကို စစ်သားသစ်တွေ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂ရက်က ခမရ(၅၉၉)က တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း KNUက အသိပေးပါတယ်။
အလားတူ၂၀၂၅ ဒီဇင်ဘာ ၂၉ရက်ကလည်း စစ်ကောင်စီရဲ့ ခမရ(၅၉၉) တပ်ရင်းက အသက်(၁၇)နှစ်အရွယ် အသက်မပြည့်သေးသူ အပါအဝင် စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၅ဦး KNLA တပ်ရင်း(၈) ဆီကို ဘက်ပြောင်းခိုလှုံခဲ့ပါသေးတယ်။
ဒါ့အပြင်ဒီဇင်ဘာတတိယပတ်အတွင်းကလည်းစစ်ကောင်စီရဲ့ ခလရ (၇၅)၊ ခလရ(၃၀)နဲ့ ခမရ(၄၃၉) တပ်ရင်းတွေက စစ်ကောင်စီတပ်သား ၈ဦး KNLA တပ်ရင်း (၈)ဆီကို အလင်းဝင်ခဲ့ဖူးပါတယ်။
အဲဒီလို အလင်းဝင်တပ်သားအများစုဟာ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းထားတဲ့ သူတွေဖြစ်ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်တွင်းမှ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲကတွေဆီ လက်နက်ချအလင်းဝင်ဖို့လည်း KNUက ထပ်မံ တိုက်တွန်းပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီတပ်သားတွေ ပြည်သူ့ဘက် ကူးပြောင်းကြဖို့ ဧပြီ ၁၆ရက်မှာ စစ်ကောင်စီတပ်သားတွေထံ သတင်းစကား ပြောကြားထားပါတယ်။
ပြည်သူ့တော်လှန်ရေးရဲ့ အရှိန်အဟုန် ကြီးမားမှုကြောင့်၊ အာဏာသိမ်းစစ်တပ်ထဲမှာ၊ အမြင်မှန် ရလာ ကြတဲ့ ပြည်သူ့တပ်မတော်သားတွေ အများအပြား ရှိနေသလိုတစ်ဖက်မှာလည်းစစ်အာဏာရှင် စနစ်ရဲ့ အမြစ်တွယ်မှုကို မဖယ်ရှားနိုင်သေးတာကြောင့်၊ ပြည်သူ့ဘက်ကို ရုန်းမထွက်နိုင်သေးတဲ့ စစ်ဗိုလ် စစ်သားတွေ အများအပြား ရှိနေကြောင်း ယာယီသမ္မတက ပြောပါတယ်။
“ပြည်သူလူထုကနေ တစ်ဆင့်၊ အကြမ်းဖက် စစ်တပ်အတွင်းက စစ်သည် စစ်သားတွေကို သတင်း
စကား တချို ပါးလိုပါတယ်။ အဲဒါကတော့ ပြည်သူကို အလုပ်အကျွေးပြုရမယ့် တပ်မတော်ဟာ ပြည်သူ့ဆန္ဒကို လျစ်လျှူမရှုသင့်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ ကျွန်တော်တို နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ အဓိက တရားခံဘဝကို ရောက်နေ ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် စစ်တပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိနေတာဖြစ်ကြောင်း သတိချပ်စေလို ပါတယ်” လို ယာယီသမ္မတက ပြောပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ဆိုတဲ့ နိမ့်ကျ ဆိုးဝါးသော အခြေအနေကနေ အမြန်ဆုံး ရုန်းထွက်ပြီး၊ ပြည်သူချစ်သော မြန်မာ့တပ်မတော် အဖြစ် ပြန်လည် အဖက်ဆယ်ကြဖိုလည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။


















































