ဧပြီ-၂၀၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ ကရင်ပြည်နယ်ဖက်ခြမ်း နယ်စပ်တကျောမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်ရာက နယ်စပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ထိုင်းရဲ့ Khaosod သတင်းဌာနက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မိုးရာသီ မဝင်ရောက်ခင် ကာလအတွင်း KNU နယ်မြေတွေကို ရနိုင်သလောက် သိမ်းယူဖို့ ရှေ့တန်းရောက် တပ်တွေကို အာဏာသိမ်း စစ်တပ်က အမိန့်ပေးထားကြောင်းလည်း Khaosod ကဖော်ပြပါတယ်။
ဧပြီ ၂၀ မှာတော့ အမှတ် ၂၂ ခြေမြန်တပ်မ လက်အောက်ခံ တပ်တွေနဲ့ KNUကြား တိုက်ပွဲတွေကြောင့် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ဆူညံနေခဲ့တာကို ထိုင်းဖက်ခြမ်း၊ တက်ခ်ပြည်နယ်ရဲ့ နယ်စပ်ဒေသတွေကနေ ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
KNUရဲ့ အမာခံ ခြေကုပ်စခန်းတွေကို စစ်တပ်က သိမ်းယူဖို့ ကြိုးစားနေတဲ့ စစ်ဆင်ရေးဟာ လတွေနဲ့ချီ ကြာမြင့်နေပြီး စစ်တပ်ဟာ ခြေလျင်တပ်တွေအပြင် လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကိုပါ အသုံးပြုနေပေမယ့် KNUရဲ့ မာကျောတဲ့ ခံစစ်ကို မတိုးနိုင်သေးဘဲ ဖြစ်နေတယ်လို့ Khaosodက ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဖက်ကတော့ အသေအပျောက် ပိုများတယ်လို့လည်း သိရပါတယ်။ ရန်သူတပ်တွေဟာ မြဝတီမြို့နယ်ရဲ့ မင်းလက်ပံ ကျေးရွာနဲ့ အနီးတဝိုက် ဧရိယာတွေကို မိုးရာသီ
မဝင်ရောက်ခင် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ အထက်အမိန့် ရထားတယ်လို့ KNU သတင်းရင်းမြစ်တွေက ထိုင်းသတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ မိုးရာသီ ဝင်ရောက်လာတဲ့အခါ မြေပြင်အခြေအနေတွေက တပ်တွေ ချီတက်ဖို့ ပိုမိုခက်ခဲသွားလေ့ ရှိပါတယ်။
ဒါအပြင် ဧပြီ ၂၀ ရက်မှာ စစ်တပ်က မြန်မာ-ထိုင်းနယ်စပ်ကို ဗုံးကြဲရာမှာ ဗုံးတစ်လုံးက ထိုင်းနိုင်ငံပိုင်နက်ထဲကျရောက်ခဲ့တယ်လို့ ဘန်ကောက်ပိုစ်သတင်းစာကဖော်ပြပါတယ် ။
စစ်တပ်က MiG-29 ဂျက်ဖိုက်တာနဲ့ Y-12 လေယာဥ်တွေကို သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ။ဧပြီ ၂၀ ရက်မှာ စစ်တပ်က နယ်စပ်ကိုလေကြောင်းက ဗုံးကြဲတာမှာ အနည်းဆုံး ဗုံး ၉ လုံးကြဲခဲ့ပြီး တစ်လုံးက ထိုင်းပိုင်နက်တည်းကျရောက်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဘန်ကောက်ပိုစ်သတင်းဌာနကဖော်ပြပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေထိတ်လန့်ပြီးအရေးပေါ်ရွေ့ပြောင်းခဲ့ကြရပြီး ထိုင်းစစ်တပ်ကလည်း ဒါဇင်နဲ့ချီတဲ့ပြည်သူတွေကို နယ်စက်နဲ့ ၇ ကီလိုမီတာဝေးတဲ့ ကယ်ဆယ်ရေးစခန်းတွေကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။ဒါ့အပြင် ထိုင်းအာဏာပိုင်းတွေဟာ မြန်မာနယ်စပ်က တိုက်ပွဲတွေအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ဘန်ကောက်ပိုစ်ကဖော်ပြပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးကိုလည်း သက်ရောက် ထိခိုက်စေပါတယ်။ စစ်ကောင်စီကထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ဒုတိယ တစ်စင်းကို ပြန်မဖွင့်ပေးတာကြောင့် ပုံမှန် ကုန်သွယ်ရေး လည်ပတ်မှုတွေ ပြန်စနိုင်ဖို့ နှောင့်နှေးနေဆဲလို့ Khaosod ကဖော်ပြပါတယ်။
ကိုးကား- Khaosod ၊Bangkok Post


















































