မေ ၈၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် အလုပ်သမားပြည်သူအဖွဲ့ဝင်တွေက “Proof of Life” လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံပြည်သူတွေက “Proof of Life” ၊ “အမေစုနဲ့အတူ နိုင်ငံရေး အကျဥ်းသားများ အားလုံး ချက်ချင်းလွှတ်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်ခဲ့ကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရုပ်သံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
























































