မေ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ သင်တန်းတွေကို ဆက်လက်ချဲ့ထွင်ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၆ မတ်လအတွင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း ၄၅ဦး တက်ရောက်ခဲ့တဲ့ သင်တန်းအကြောင်း သတင်းထုတ်ပြန်ရာမှာ အခုလို အသိပေးခဲ့တာပါ။
သင်တန်းမှာ လူ့အခွင့်အရေးစံနှုန်းတွေ၊ စစ်ပွဲဆိုင်ရာ စည်းကမ်းတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ကျင့်ဝတ်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အသေးစိတ် ဆွေးနွေးခဲ့ကြ တယ်လို့ အသိပေးပါတယ်။

Public Service Announcement
တော်လှန်ရေး အစကတည်းက အခုလို သင်တန်းတွေပေးခဲ့ရင် ချိုးဖောက်မှုတွေ နည်းမယ်လို့ သင်တန်းတက်ရောက်ခဲ့တဲ့ စစ်ကြောင်းမှူးတဦးက ပြောကြားပြီး ဒေသတွင်းမှာ အသိပညာပေးတာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်စေချင်ကြောင်း အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သင်တန်းသားတဦးကလည်း “အရင်ကတော့ အထက်ကပေးတဲ့ အမိန့် (Command) ကိုပဲ သိခဲ့တာပါ၊ သင်တန်းတက်ပြီးမှ လူတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားရမယ်ဆိုတာ သိလာရသလို၊ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ရမယ်ဆိုတာ ပိုပြီး နားလည်သွားပါတယ်” လို့ ရင်ဖွင့်ခဲ့ပါတယ်။ သင်တန်းကို တောတွင်းတနေရာမှာ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရပေမယ့် မြေပြင်မှာ တာဝန်ယူထားသူတွေအနေနဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိစေဘဲ ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းသွားနိုင်ဖို့ ထိထိရောက်ရောက် ပို့ချပေးနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC) နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ နည်းပြသင်တန်းအား လူ့အခွင့်အရေးရာတာဝန်ခံတွေကိုလေ့ကျင့်ပေးခဲ့ပြီးနောက် လူထုအတွင်း ဆင့်ပွား အသိပညာပေးမှုတွေ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုလို သင်တန်းတွေကို ၂၀၂၄ ခုနှစ်ကတည်း ကစတင်ခဲ့တာဖြစ်ပြီး ပြည်သူလူထုကို အသိပညာပေးမှုတွေဆက်လက်ချဲ့ထွင် ပြုလုပ်လျက်ရှိဟု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီး အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ အနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေအနေ့ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာဖို့ ဆော်ဩတာတွေ အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာနဲ့အညီ ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းရန်မှာ အသက်တမျှ အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖ ဖွဲ့စည်းမှု ၅နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ (၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။ ဤအချက်များအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိပါသည်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့ တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်လာစေဖို့ ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က ကတိပြုထားပါတယ်။


















































