မေ-၁၂၊ ၂၀၂၆။ People’s Spring
အာဆီယံက အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ ချမှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နဲ့ပတ်သက်လို့ NUG နိုင်ငံခြားရေးက သဘောထားထုတ်ပြန်ခဲ့ရာမှာ ဖော်ပြထားတာပါ။
ခွဲခြားမှုမရှိအကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်သွားကြဖို့ ထိပ်သီးအစည်းအဝေးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းချက်အပေါ် NUG က ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရှုတ်ချပြစ်တင်ပြောဆိုမှုတွေဟာ တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ ယန္တရားများ တွဲဖက်ပါဝင်ရမှာဖြစ်တယ်လို့ တိုက်တွန်းပါတယ်။

Public Service Announcement
အရပ်သားပြည်သူများနဲ့ အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနဲ့ အခြားသော ခွဲခြားမှုမရှိ အကြမ်းဖက်နေမှုများ ရပ်တန့်စေဖို့အတွက် အာဆီယံအနေနဲ့ ရှင်းလင်းပြတ်သားတဲ့၊ အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်များကို ချမှတ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။
အာဆီယံအနေနဲ့ အဲဒီလိုယန္တရားများမချမှတ်ပါက အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့ NUG နိုင်ငံခြားရေးက ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဆက်လက် အရှိန်မြင့်တက်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် ထိပ်သီးအစည်းအဝေးရဲ့ စိုးရိမ်ပူပန်ကြောင်းဖော်ပြချက်နဲ့ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချချက်များကို NUGက ကြိုဆိုပါတယ်။
နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်က အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်း ထိပ်သီးအစည်းအဝေးရဲ့ ထပ်လောင်း အတည်ပြုချက်ကို ထောက်ခံပြီး အဲဒီမူဘောင်ကို စစ်မှန်ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် NUG က ဆက်လက် ကတိကဝတ်ပြုကြောင်းလည်း ထပ်လောင်း အတည်ပြုပါတယ်။
NUGဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်လာဇာရိုရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးအသိအမှတ်ပြုပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သည့်အစုအဖွဲ့များနဲ့ ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံနေမှုကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ရေရှည်တာဝန်ပေးအပ်ရေးအတွက် လုပ်ငန်း တာဝန်သတ်မှတ်ချက်များနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းနေမှုများကိုလည်း ထောက်ခံကြောင်း ဖော်ပြပါတယ်။
အဲဒီလို လုပ်ပိုင်ခွင့်သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို တရားဝင်သက်ဆိုင်သူ အစုအဖွဲ့များအဖြစ် အသိအမှတ်ပြုကာ တရားဝင် စနစ်တကျ ထိတွေ့ဆက်ဆံရေးကိုလည်း အတိအလင်း ထည့်သွင်းဖို့ အလေးအနက်တိုက်တွန်းပါတယ်။
နောက်ပြီး နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးမှုအပေါ် အာဆီယံရဲ့ မှတ်သားချက်ကို အသိအမှတ်ပြုပေမယ့် အဲဒီ ဆောင်ရွက်ချက်တွေဟာ လုံးဝ လုံလောက်မှု မရှိသေးကြောင်းနဲ့ လက်ရှိအချိန်မှာ နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာတို့မှာ မတရားသဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။
ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မဖြစ်မနေ လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


















































