ဇွန်-၆၊၂၀၂၆။ထားမြတ်၊ဖိုးသား/People’s Spring
ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနရဲ့စစ်ဆင်ရေးအခြေအနေကိုဇွန်လ ၆ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန်လ ၃ရက်နံနက်အစော ၅ နာရီ ၁၀ မိနစ်မှာ ပဲခူးတိုင်းဆွာမြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ရေးအရ အချက်အချာကျတဲ့ဆွာမကြီးရွာတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီမနက် ၆ နာရီ ၄၀ မှာရွာသစ်ရွာ တပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။အလားတူ ဇွန်လ ၄ ရက်မှာလည်းနတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
အင်အား ၆၀ ခန့်တပ်စွဲထားတဲ့ ဆွာမကြီးရွာစစ်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က တင့်ကားတပ်ရင်း (တကရ-၆၀၁၇) က ဗိုလ်မှူး ကျော်လင်းအောင်အပါအဝင်စစ်တပ်က ၂၀ ကျော် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားပြီး PDF တွေက ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ စခန်းကိုသိမ်းနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီစခန်းကို PDF တွေက ၂၀၂၅ ခုနှစ်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပေမယ့် မသိမ်းပိုက်နိုင်ခဲ့ပဲ ဒီတစ်ကြိမ်မှာ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊တိုင်းတာ၀န်ခံဗိုလ်လကျာ် ကပြောပါတယ် ။
“မအောင်မြင်တဲ့အကြောင်းအရင်းတွေကို သင်ခန်းစာယူပြီး ဒီတခေါက်တော့ ရလိုက်တာပေါ့။ဆွာမကြီး ကိုအောင်မြင်လိုက်တာပေါ့။”လို့ ဗိုလ်လကျာ် ကပြောပါတယ် ။
ဆွာမကြီးစခန်းဟာ PDF တွေကသိမ်းပိုက်ခဲ့တဲ့ အုတ်မြေဒူးစခန်း ၊ရွာသစ်စခန်းတို့အတွက် လူအင်အား နဲ့ လက်နက်ခဲယမ်းရိက္ခာတို့ကိုအဓိကထောက်ပံ့တဲ့စခန်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာဆို ဆွာမကြီးက မိန်းပဲ။ရန်သူ့စစ်ကူလမ်းကြောင်းရော၊ထောက်ပံ့ရေးလမ်းကြောင်းရောအဓိကဆွာမကြီးပဲ”
ဆွာမကြီးစခန်း သိမ်းပိုက်မှုမှာ လက်နက်မျိုးစုံ ၁၄ လက် နဲ့ စစ်အသုံးအဆောင်တွေ သိမ်းရခဲ့တယ်လို့ သတင်းဓါတ်ပုံတွေနဲ့ တကွဖော်ပြထားပါတယ်။
G-3 (၁၁)လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ ပစ္စတို (၁)လက် နဲ့ ကျည်ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီနာဂါ(၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄ မိုင်း (၃)လုံး၊ ၆၀ မမ ပို့ယမ်း (၁၅) တောင့် ၊ G3 ကျည်ဘောက် (၇)ဘောက်၊ MA ဘောက် (၂) ဘောက်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဆွာမကြီးရွာ စစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန၊ဗျူဟာအမှတ်(၁၈)၊ဗျူဟာအမှတ်(၁၉)လက်အောက်ရှိ PDF တပ်ရင်းများနဲ့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာအနီးမှာလည်း စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာတဲ့ ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇) လက်အောက်ခံ တပ်ရင်း (၉၀၂၊ ၉၀၃)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စိုင်ကောင်း ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။စစ်တပ်ဘက်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ဒရုန်းဖြင့် ဗုံးကြဲချမှုများကြောင့် ပြည်သူအချို့ ထိခိုက်ဆုံးပါးမှုများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများလည်း ရှိနေကြောင်း အသိပေးပါတယ်။
အချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပြည်သူတွေကိုစာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာ ပိတ်လှောင်ထားပြီး လူသားဒိုင်းပြုလုပ်ခြင်း၊ ပြည်သူများအား ရိုက်နှက်ခြင်း၊ပြည်သူပိုင် ဥစ္စာပစ္စည်းများကို ခိုးဝှက်ယူငင်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်ကပဲခူးတိုင်းရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေလို့ နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိဗျူဟာ(၁၈၊ ၁၉)တပ်ရင်းများ၊နေပြည်တော်ပကဖများ၊ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်း၊ ပူးပေါင်း မဟာမိတ်များနဲ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးလျက်ရှိဟုလည်း အသိပေးထားပါတယ်။
အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊နေပြည်တော်တိုင်းစစ်ဌာနအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)ရဲ့ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံကာ နေပြည်တော်ကို ဝိုင်းပတ်ပြီး စစ်ဆင်ရေးအရှိန်အဟုန်မြှင့် ကာ စစ်ကောင်စီတပ်ကို ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေတယ်လို့ လည်း ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့လည်း စစ်ကောင်စီကို စစ်မျက်နှာအသီးသီးမှာတိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း PDF တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ကူညီဖေးမ ကြဖို့လည်းနေပြည်တော်တိုင်းစစ်ဌာနက မေတ္တာရပ်ခံထားပါတယ်။
လက်ရှိမှာစစ်တပ်ကစစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ် နဲ့ ဆွာမြို့နယ်အတွင်းက ကျေးရွာတွေထဲစစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့လက်နက်ကြီး ၊ ဒရုန်းနဲ့ ဗုံးကြဲချမှုတွေ ကြောင့် ပြည်သူတချို့ ထိခိုက်ဆုံးပါးမှုတွေ နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။
တချို့ကျေးရွာတွေမှာ စစ်တပ်က ပြည်သူတွေကို စာသင်ကျောင်း ဒါမှ မဟုတ် ဘုန်းကြီးကျောင်းတွေမှာ ပိတ်လှောင်ထားပြီး လူသားဒိုင်းလုပ်တာ၊ပြည်သူတွေကြိ ရိုက်နှက်တာ၊ ပြည်သူပိုင် ဥစ္စာပစ္စည်းတွေကို ယူနေတယ်လို့လည်း အသိပေးပါတယ်။
“အင်အား ၆၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတာ။ရွာတော်တော်များများရှောင်နေကြရတယ်။ဒီမနက်လည်း ဗုံးကြဲလို့ သေတဲ့သူတစ်ဦးရှိတယ်”လို့ ရေတာရှည်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ဘေးရှောင်ကူညီရေးအချင်အလက်တွေအရ ပိတောက်ကုန်း၊ အုတ်မြေလူး၊ဆီဆိုင်၊ အေးရွာလေး၊ကျွန်းကုန်း၊ရေတာရှည်လေး၊ ရေငံ၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊ကံလှ ဂွေးသဲ၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကြိတ်ပုတီးတွေ က ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။






















































