ဇူလိုင်-၅၊၂၀၂၆။သတိုး/People’s Spring
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မယ့် သူပုန်မိန်းမ မင်္ဂလာကျန်းမာကမ်ပိန်းဟာ ရည်မှန်းထားတဲ့ ဘတ်ဂျတ်ထက်ကျော်လွန် ရရှိခဲ့တာကြောင့် ပါဝင်ပေးသူတွေကို ကျေးဇူးတင်ကြောင်း ဒီကမ်ပိန်းကို ဦးဆောင်တဲ့တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က ရေးသားထားပါတယ်။
“ရဲဘော်တွေအတွက် ငါတို့တွေစုပြီးနောက်တခု လုပ်ပေးနိုင်တော့မယ်၊သူတို့အသက်တွေကိုကယ်ပေးနိုင်တော့မယ် ဆိုတဲ့စိတ်နဲ့ပျော်ရပါတယ်။ရတနာကံစမ်းမဲနှိုက်ပြီး ကမ်ပိန်းပိတ်ပွဲ အစီအစဉ်များကိုလည်း မကြာမီ တင်ပြပေးသွားပါမည်။” လို့ ကိုပေါက်က အသိပေးထားပါတယ်။
အဲဒီကမ်ပိန်းက ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဆေးကုသမှုအတွက် ဆေးရုံဆောက်လုပ်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ကမ်ပိန်းရဲ့ရည်မှန်းဘတ်ဂျတ်က ကျပ်သိန်း ၃၈၀၀ ဖြစ်ပြီး ကမ်ပိန်းပိတ်သိမ်းချိန်မှာ ၁၀၁ ရာခိုင်နှုန်းအထိရရှိခဲ့တယ်လို့ သူပုန်မိန်းမကမ်ပိန်းရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။
ကမ်ပိန်းက ကမ္ဘာအနှံ့ကထောက်ပို့ပြည်သူများရဲ့ပါဝင်မှု၊နိုင်ငံအနှံ့က Fundraisers များရဲ့ကြိုးစားမှု၊ပြည်သူတွေ ရဲ့တော်လှန်ရေးအောင်စိတ်ပြင်းပြမှုတွေကြောင့် အောင်မြင်ခဲ့တာဖြစ်ပြီး ကမ်ပိန်းမှာပါဝင်ပေးသူတွေ ပို့စ်ရှယ်ပေးသူတွေ ၊ ဗီဒီယိုဖိုင်ရိုက်ကူးပါဝင်ပေးတဲ့ တော်လှန်ညီအစ်ကိုမောင်နှမတွေနဲ့ တောထဲအထိလိုက်ပါဝန်းရံပေးတဲ့ ဆရာဝန်ညီအစ်ကိုတွေကိုလည်း ကျေးဇူးတင်ကြောင်း ကိုပေါက်ကရေးသားထားပါတယ်။
” သူပုန်မိန်းမဆေးရုံက အားလုံးရဲ့ဆေးရုံဖြစ်ပါတယ်။ ဆေးရုံဆောက်ဖို့နဲ့ဆေးရုံလည်ပတ်ဖို့ ကျနော်နောက်တဆင့်ရုန်းရပါအုံးမယ်။”လို့ ကိုပေါက်က ဆိုပါတယ်။
အဲဒီကမ်ပိန်းကို မတ်လ ၂၀ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ကမ်ပိန်းကာလ ၄၉ ရက်သတ်မှတ်ခဲ့ပေမယ့် ရာခိုင်နှုန်းပြည့်မီဖို့ လိုအပ်ခဲ့တာကြောင့် ဇူလိုင်လဆန်းအထိ ရက်တိုးခဲ့ရတာဖြစ်ပါတယ်။

















































