ဇူလိုင် ၇၊၂၀၂၆။People’s Spring
ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇူလိုင် ၇ ရက်မှာ ကျရောက်တဲ့ (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ဒီကနေ့ဟာ ကျောင်းသားရာကျော်အသတ်ခံခဲ့ရပြီး သမိုင်းဝင်သမဂ္ဂအဆောက်အဦအား ဗုံးခွဲဖြိုဖျက်ဆီးခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ပေါ်ပေါက်ခဲ့သည်မှာ (၆၄) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သကန်ကို ပထမဆုံးထုတ်ဖော်တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်ရဲဘော်အပေါင်းအား ဗကသများအဖွဲ့ချုပ်က လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
ဆဲဗင်းဂျူလိုင်တိုက်ပွဲဟာ အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲပဲဖြစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်ဟာ လူမျိုးပေါင်းစုံပြည်သူလူထုဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ရင်း စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဆင်ခဲ့တာကြောင့် စစ်အုပ်စုရဲ့ အငြိုးထားခြင်းခံရပြီး ရက်စက်စွာနှိမ်နင်းဖြိုခွဲခြင်းကိုလည်း ယနေ့ထက်တိုင် ခံနေရဆဲဖြစ်ကြောင်း ဗကသအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နှစ်ပေါင်းများစွာ ကြာလွန်သွားပေမယ့် ဆဲဗင်းဂျူလိုင်မှာ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရာကျော်ရဲ့ အရိုးတွေဟာ စစ်အာဏာရှင်တွေ ကျောချမ်းရလောက်အောင် တွန်မြည်နေဆဲဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မပြီးဆုံးသေးတဲ့ စစ်(၃)စစ် တိုက်ဖျက်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ခိုင်မာစွာရပ်တည်ရင်း အောင်ပွဲရသည်အထိ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို သယ်ပိုးကာ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပါအဝင် ဒေသအချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
၁၉၆၂ ဇူလိုင် ၇ ရက်က အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ၅,၀၀၀ ခန့် တက်ရောက်တဲ့ ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသား ၁၀၀ကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်ခဲ့ပြီး စစ်တပ်ကတော့သေဆုံးသူ ၁၅ ဦးလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်နေ့ မနက်အစောပိုင်းမှာတော့ စစ်တပ်ဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) အဆောက်အအုံကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။


















































