ဇူလိုင်-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
ငွေဆောင်၊ရိုးမအစပ်မှာလူနေကျေးရွာထဲ တောဆင်ရိုင်းဝင်လာလို့ခြောက်လှန့်စဉ် ဆင်နင်းခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ၃ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ငွေဆောင်မြို့၊ ငှက်ပျောချောင်းကွင်းအနောက်ဘက်က တောင်ယာထဲကို ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းမှာ တောဆင်ရိုင်းတစ်ကောင်ရောက်ရှိလာတာပါ။တောင်ယာတဲထဲမှာ မိသားစုဝင်လေးဦး အိပ်နေစဉ် ရောက်လာတာဖြစ်ပြီး ထွက်ပြေးချိန်မရလို့ ခြောက်လှန့်စဉ် ဆင်ကနင်းသွားတာလို့ သိရပါတယ်။
“အကုန်လုံးကို နင်းတာ။ကလေးတစ်ယောက်က ဒဏ်ရာနဲ့ ပြန်ရလိုက်တယ်။ တောင်ယာတဲ့ မလှမ်းမကမ်းမှာနေသူတွေက မနက်မိုးလင်းတော့တွေ့လို့ ကယ်နိုင်တာ”လို့ငွေဆောင်ဒေသခံကပြောပါတယ်။

Public Service Announcement
ဆင်နင်းခံရတာကြောင့် အသက် ၂၈နှစ်အရွယ် ဖခင်၊ ၂၁နှစ်အရွယ် မိခင်၊ ၆လသားအရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး ၃နှစ်အရွယ်ကလေး ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီကလေးငယ်ကို လက်ရှိမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ငွေဆောင်မြို့ဟာအပန်းဖြေကမ်းခြေမြို့အဖြစ်လူသိများပါတယ်။ရခိုင်ရိုးမနဲ့ဆက်စပ်နေပြီး တောဆင်ရိုင်းတွေလည်း မကြာခဏ မြင်တွေ့ရပါတယ်။အာဏာသိမ်းပြီးတဲ့နောက် လအနည်းငယ်အကြာမှာငွေဆောင်မှာ ဆင်ဖြူတော်တွေ့တယ်ဆိုပြီးစစ်တပ်ကတောနင်းရှာဖွေခဲ့ဖူးပါတယ်။

















































