ဩဂုတ် ၇ ၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးငယ် ၁ဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့အမှုမှာ ကျူးလွန်သူကို မသေမချင်း လည်ပင်ကြိုးကွင်း စွပ်သတ်ဖို့နဲ့ ပူးပေါင်းပါဝင်သူ ၂ဦး ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ဖို့ အာရက္ခတပ်တော်(AA) တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဇူလိုင် ၁၈ ရက်က ဖြစ်ခဲ့တဲ့အဲဒီအမှုကို ဇူလိုင် ၃၁ ရက်မှာ တရားရုံးတင်ပြီး တရားလိုပြသက်သေ ၁၉ ဦးအပါအဝင် နှစ်ဖက်စစ်ဆေးမှုတွေ ငါးရက်ကြာ ပြုလုပ်ပြီးနောက် ဩဂုတ် ၅ရက်မှာ စစ်တွေခရိုင်တရားရုံး အပြီးသတ်အမိန့်ချလိုက်တာဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာမှ အသက် ၂၀ကျော်အရွယ် မနှင်းနှင်းဝေဟာ ပြီးခဲ့ တဲ့ ဇူလိုင် ၁၈ ရက်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သူမရဲ့ရုပ်အလောင်းကို ဇူလိုင် ၂၂ ရက်က သေဆုံးလျက်သား ပြန်တွေ့ခဲ့ကာ အလောင်းတွေ့ပြီးနောက် ၂ရက်အကြာ ဇူလိုင် ၂၄ ရက်မှာ ရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တာပါ။

Public Service Announcement
ခရိုင်တရားရုံးမှာ ၅ရက်ကြာစစ်ဆေးပြီးနောက် သတ်ဖြတ်၊ မုဒိမ်းကျင့်၊ အလောင်းဖျောက်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့ နယ် ဆင်အင်းကြီးရွာက တင်ဝင်း (၃၇ နှစ်)ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)နဲ့ မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခဲ့တာလို့ ဆိုပါတယ်။
” ဒီကောင်က မုဒိမ်းမှုရော၊ လူသတ်မှုရော ကျူးလွန်တာဖြစ်တယ်။ ရာဇသတ်ကြီးမှာက ထောင် ၇ နှစ်နဲ့အထက် ပြစ်မှုနှစ်ခုကို တပြိုင်တည်းကျူးလွန်ရင် သေဒဏ်ချလို့ရတယ်လို့ ပါတယ်။ အဲဒီအတိုင်း ချမှတ်တာ။ မျှတတဲ့ စီရင်ချက် လို့ ပြောလို့ရတယ်”လို့ ရခိုင်ဒေသခံ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မနှင်းနှင်းဝေကို မုဒိန်းကျင့်၊ သတ်ဖြတ်နိုင်ဖို့ လက်ထိပ်ခတ်တာ၊ မျက်နှာကို အဝတ်နဲ့ စည်းပြီး အခင်းဖြစ်နေရာသို့ ပို့ပေးတာတွေ လုပ်ပေးခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကယ်ဆယ်ရေးစခန်းမှ အေးကျော်(ခ) မောင်ပု(၂၉နှစ်)နဲ့ သန်းစိုး(ခ)င/လုံး(၂၁နှစ်)တို့ကိုတော့ အသတ်ခံရမယ့်ဘေးရောက်အောင်စီမံ၊ သွေးဆောင် မှုပုဒ်မ ၃၆၄ နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်ပါတယ်။
အခုလိုမြန်မြန်ဆန်ဆန်အမိန့်ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုပြီး အမိန့်ချမှတ်ထားတဲ့ပြစ်ဒဏ်အတိုင်း အပြည့်အ၀ကျ ခံစေဖို့ လိုအပ်ကြောင်း ပုဏ္ဏားကျွန်းဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အမိန့်တွေကတော့ ကျေနပ်စရာကောင်းပါတယ်။ ကျေနပ်ပါတယ်။ တောင်းဆိုရကျိုးနပ်တယ်ပြောရမယ်။ ဒါပေ မယ့် ကြားကောင်းအောင် ပြစ်ဒဏ် ချပြီးတော့ လွှတ်ပေးတာတွေ၊ လွတ်သွားတာတွေ မဖြစ်စေချင်ဘူး။ အမှုက ပြီးသွား ပြီဆိုပေမယ့် ဆက်ပြီးစောင့်ကြည့်ကြဖို့လိုသေးတယ်” လို့ ၎င်းက ဆိုပါတယ်။
အခုပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ရဲလက်ထဲမှာကတည်းက သူတို့ကိုယ်တိုင်ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားခဲ့ ကြသူတွေ ဖြစ်ပါတယ်။
မနှင်းနှင်းဝေကို ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ တင်ဝင်းက ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ အဓမ္မပြုကျင့်ဖို့ ကြိုတင်ကြံရွယ်ကာ လူမှုရေးကိစ္စတခုအတွက် အကူအညီလိုတယ်လို့ လိမ်ညာခေါ်ယူခဲ့တာပါ။
တင်ဝင်းဟာ ဇေယျမဏ္ဍိုင်ဘုန်းကြီးကျောင်းနားကနေ ဘေးတွဲဆိုင်ကယ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူနဲ့အတူ ကြံခင်းကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ အေးကျော်(ခ)မောင်ပု(၂၉နှစ်)နဲ့ သန်းစိုး(ခ)င/လုံး(၂၁နှစ်) တို့နှစ်ဦးလည်း အတူပါသွားခဲ့ပါတယ်။
တင်ဝင်းဟာ မနှင်းနှင်းဝေကို ခေါ်ယူလာပြီး ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာနား သရက်တောခြံဝင်းအတွင်း မြောင်(စမ်းချောင်း) ထဲအရောက်မှာ ကြိုတင်ကြံစည်၊ ဝှက်ထားခဲ့တဲ့ လက်ထိပ်နဲ့ လက်ထိပ်ခတ်ဖို့ မျက်လုံးတွေကို အဝတ်နဲ့ စည်း ဖို့ အတူပါလာတဲ့ အေးကျော်နဲ့ သန်းစိုးတို့ကို ခိုင်းစေခဲ့ပါတယ်။
ယင်းနောက် အေးကျော်နဲ့ သန်းစိုးတို့ကို မြောင်(စမ်းချောင်း)ကနေ အပြင်ထွက်ပြီး ကားလမ်းမဘေးမှာ စောင့်နေဖို့ ခိုင်းစေပြီး နောက်ပြန်လက်ထိပ်ခတ်၊ မျက်လုံးအဝတ်စည်းထားတဲ့ မနှင်းနှင်းဝေကို ကာမအလိုဆန္ဒဖြည့်ပေးဖို့ တောင်းဆိုရာ ခွင့်မပြုတာကြောင့် အနားမှာရှိတဲ့ ကျောက်ခဲနဲ့ ဂုတ်ဆစ်ကို ထုသတ်ခဲ့ကြောင်း၊ ယင်းသို့ ထုသတ်ရာ အော်တဲ့အတွက် ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ဘေးစ၊ မျက်နှာနဲ့ ဦးခေါင်းတို့ကို ထပ်မံထုသတ်ခဲ့တယ်လို့ ကျူး လွန်သူတွေက ထွက်ဆိုကြောင်း ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်ပြီးချိန် မနှင်းနှင်းဝေမှာ အသက်မရှိတော့တာကြောင့် အလောင်းကို အခြားလူတွေမမြင်စေဖို့ ရေအိုင်ထဲ ဆွဲချဝှက်ထားခဲ့ကာ လမ်းဘေးမှာအဆင်သင့်စောင့်နေတဲ့ အေးကျော်၊ သန်းစိုးတို့နဲ့အတူ ပြန်လာခဲ့ ကြတယ်လို့ ၃ဦးလုံးက ထွက်ဆိုခဲ့ကြတာပါ။
မုဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်တယ်လို့ ဝန်ခံထားတဲ့ တင်ဝင်းဟာ မနှင်းနှင်းဝေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်း က ရင်းနှီးခဲ့ကြတာဖြစ်ပြီး သူဟာ အမဲသားရောင်းတဲ့သူတဦးဖြစ်တယ်လို့ ရဲထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအမျိုးသမီးငယ်ဟာ သူငယ်ချင်းတွေနဲ့အတူ ယိုးတရုတ်မြောင်(ရေတံခွန်)ဆီ သွားဖို့ ပြင်ဆင်နေချိန် မောင်တင်ဝင်းက ခေါ်သွားခဲ့တာပါ။
အဲဒီအမှုကိစ္စနဲ့ပတ်သက်ပြီးပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး၊ အာရက္ခအမျိုးသမီးများအသံစတဲ့ အဖွဲ့အစည်းတွေကလည်း ထုတ်ပြန်ချက်ထုတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ၁၀ကျော်အထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံး ထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာနတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။


















































