Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဂျိုရှုဝါ ဝေါင်ကို တရားရုံးက ထပ်တိုးထောင်ဒဏ် ၁၀ နှစ်ချမှတ်

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဂျိုရှုဝါ ဝေါင်ကို ဟောင်ကောင် တရားရုံး တစ်ခုက ထပ်တိုးထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ - AP

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဂျိုရှုဝါ ဝေါင်ကို ဟောင်ကောင် တရားရုံး တစ်ခုက ထပ်တိုးထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

တရုတ် အစိုးရ ထိန်းချုပ်ထားရာ နယ်မြေဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ် အစိုးရ အလိုကျ ထပ်မံ ပြဋ္ဌာန်းထားတဲ့ အမျိုးသား လုံခြုံရေး ဥပဒေတွေကို အသုံးပြုပြီး တရားရုံးက နိုဝင်ဘာ ၅ ရက်နေ့မှာ အခုလို ထောင်ဒဏ် တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဝေါင်ဟာ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဆယ်ကျော်သက် အရွယ်မှာ စတင်ခဲ့ပြီး ဟောင်ကောင် ဒီမိုကရေစီ အရေးကို နိုင်ငံတကာ ပူးပေါင်း ထောက်ခံမှုတွေ ရရှိလာအောင် အားတက်သရော ကြိုးပမ်းခဲ့ပါတယ်။

အခုတော့ သူဟာ နိုင်ငံရပ်ခြား အင်အားစုတွေနဲ့ ပူးပေါင်း ကြံစည်မှု စွပ်စွဲချက်မှာ ထပ်တိုးထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝေါင်ဟာ အမျိုးသား လုံခြုံရေး ဥပဒေအရ နိုင်ငံတော် အာဏာကို ဖီဆန်မှုမြောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း ထောင်ဒဏ် ၄ နှစ်နဲ့ ၈ လ ချမှတ်ခံခဲ့ရပြီးသားပါ။ ဒါ့အပြင် အရင်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာတွေအတွက် ထောင်ဒဏ် လပိုင်းလောက်တွေလည်း ကျခံခဲ့ရဖူးပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ပြည့်နှစ်မှာ တရုတ်က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား လုံခြုံရေး ဥပဒေဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းဖို့ ရည်ရွယ်ထားတာလို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

အသက် ၃၀ အရွယ် ဝေါင်ဟာ ၂၀၂၀ ပြည့်နှစ် ကတည်းက ဆက်တိုက် အကျဉ်းချ ခံထားရတဲ့ ထိပ်တန်း ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ဟောင်ကောင်မှာ တရုတ်လိုလားတဲ့ မျိုးချစ် သင်ရိုးညွှန်းတမ်းတွေကို ဆန့်ကျင်တဲ့ ထီးသပိတ်မှာ ဝေါင်က စတင် ထင်ရှားလာခဲ့ပြီး အဲဒီတုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။

ဝေါင်အပေါ် ထပ်တိုးပြစ်ဒဏ် ချမှတ်တာကို အမေရိကန် အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တစ်ဖက်မှာတော့ တရုတ်နဲ့ ဟောင်ကောင် အာဏာပိုင်တွေက အခုစီရင်ချက်နဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုထားပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွမ်က ဝေါင်ကိုယ်တိုင် သူ့အပေါ် စွပ်စွဲချက်တွေကို ဝန်ခံထားပြီး တရုတ် အစိုးရကလည်း ဟောင်ကောင်ရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ခိုင်မာ တည်တံ့ရေးကို အားပေး ကူညီခဲ့ကြောင်း ပြောပါတယ်။ ဟောင်ကောင် အစိုးရ ခေါင်းဆောင် ဂျွန်လီကလည်း ဟောင်ကောင်ရဲ့ သာယာဝပြောမှုနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက် ဖျက်ဆီးသူတွေထဲမှာ ဝေါင်နဲ့ ကြံရာပါတွေက အဓိက တရားခံတွေ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ