ညီနွေဦး ရေးသားသည်။
ပြီးခဲ့တဲ့ရက်ကပြင်းထန်လှတဲ့ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ်ကို မြန်မာပြည်နေရာအတော်များများ အထူးသဖြင့် ရှမ်း ၊ ကရင်နီ ၊ ကရင် ၊ နေပြည်တော် ၊ စတဲ့ဒေသတွေကပြည်သူတွေကအလူးအလဲ နဲ့ မရှုမလှခံခဲ့ကြရပါတယ်။
ခံရတော့လည်းပြည်သူတွေချည်းပါပဲ။ သဘာဝဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခပျက်ဆီးခြင်းတွေကို ခါးစည်းခံကြရတဲ့ပြည်သူတွေကို ပြည်တွင်းပြည်ပက အလွှာပေါင်းစုံကပြည်သူတွေကပဲ အချင်းချင်းဖေးမကြ ကူကြ ကယ်ကြ အလှူငွေတွေ ပစ္စည်းတွေ စားသောက်စရာတွေကို ပေါ်ပေါ်ထင်ထင်လှူကြ တန်းကြတာတွေလည်း အားတက်ဖွယ်တွေ့ရပါတယ်။
အစိုးရဆိုတာမရှိတဲ့ ကျနော်တို့တိုင်းပြည်မှာ ဘေးဒုက္ခတခုခုကြုံရင် ပြည်သူအချင်းချင်းပဲ ကူကြကယ်ကြရတာပါပဲ။
အဲဒီမှာ တချို့သူတွေက မနှိုင်းယှဉ်သင့်တဲ့ကိစ္စတခုကို နှိုင်းယှဉ်ပြီး ကူညီဖေးမကြသူတွေကိုအပြစ်ဆိုတာ ခွဲခြားတာတွေလုပ်နေကြ ပြောနေကြတာ အံ့အားသင့်ဖွယ်တွေ့ရပါတယ်။
ဒါကဘာလဲဆိုတော့ တော်လှန်ရေးကိုသာ အခုလိုမျိုး လှူကြ ကူကြရင် နိုင်တာကြာပြီပေါ့တို့ ၊ မြန်မာပြည်ထဲ သူဌေးတွေရှိနေတာပဲ တော်လှန်ရေးကို ပိုပေးရမှာပေါ့တို့ ဒီလိုတွေရေးသားပြောဆိုတာတွေမြင်ရပါတယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ အတွေးအခေါ်အယူပါပဲ။
မြင့်မြတ်တဲ့တော်လှန်ရေးရဲ့ပုံရိပ်ကိုလည်း အကျည်းတန်စေပါတယ်။ နွေဦးတော်လှန်ရေးမှာတော်လှန်ရေးလုပ်နေသူတွေက အသက်တွေ ၊ဘဝတွေတောင် အဆုံးစွန်ပေးဆပ်ပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ် ။အဲလို စွန့်လွတ်စွန့်စားမှုနဲ့ ရဲစွမ်းသတ္တိတွေကြောင့်လည်း နှစ် ၇၀ လောက် နိုင်ငံ့ဘဏ္ဍတွေ စိတ်ထင်တိုင်းခိုးခွင့်ရထားတဲ့ ကမ္ဘာပေါ်မှာအယုတ်ညံဆုံးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ ရှုံးပွဲဆက်ပြီး အကြပ်ရိုက်နေတာဖြစ်ပါတယ် ။
မြင့်မြတ်လှတဲ့တော်လှန်ရေးမှာတော်လှန်ရေးသမားတွေက ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်သလို နောက်ကွယ်ကနေ အခက်အခဲပေါင်းစုံကြားကကြံ့ကြံ့ခံရင်း အကောင်းဆုံးပံ့နေတဲ့ ပြည်သူတွေကလည်း ခံစစ်မှူးတွေဖြစ်ကြပါတယ်။ အသင်းတစ်ခုလုံးကျရာနေရာကအကောင်းဆုံးကြိုးစားလို့ အောင်ပွဲတွေရကြတာလည်းဖြစ်ပါတယ်။
ကျနော်တို့စဉ်းစားကြည့်ရအောင်။
အခုရေဘေးအတွက် ပြည်သူတွေဘာ့ကြောင့်ပေါ်ပေါ်ထင်ထင်လှူဒါန်းရဲတာလည်း သူတို့လှူဒါန်းထားကြောင်း public ကိုချပြရဲတာလဲ။ အဖြေကရှင်းပါတယ်။ ဒီလှူဒါန်းမှုကြောင့် အကြမ်းဖက်အဖွဲ့ရဲ့ ဒုက္ခပေးခြင်းမခံရလို့ပါ။
အဖြေကရှင်းနေပြီးသားပါ။ ပြည်တွင်းနေပြည်သူတွေက အကြမ်းဖက်အဖွဲ့ရဲ့ သေနတ်ပြောင်းဝအောက်နေ နေရတယ်။ သူတို့စိတ်ထဲရှိတိုင်း ဘယ်အရာမှ လွတ်လပ်စွာလုပ်ခွင့်မရှိဘူး။ လုပ်တာနဲ့ လူတစ်ယောက်ဘဝပျက်အောင်၊အထိနည်းပေါင်းစုံနဲ့ ဒုက္ခပေးနေကြတာ အားလုံးအသိပါ။
ဒါဟာတော်လှန်ရေးအပေါ်စေတနာမရှိလို့ မယုံကြည်လို့ စစ်ကြောင့်ပေးဆပ်ဒုက္ခရောက်နေသူတွေကိုမစာနာလို့ဆိုတဲ့ အဓိပ္ပာယ်မျိုးမသက်ရောက်စေပါဘူး။
ဉာဏ်ရည်နိမ့်ပြီး မိုက်မဲတဲ့အုပ်ချုပ်သူတွေနဲ့နေရတဲ့ပြည်သူဆိုတာ လွတ်မြောက်ဖို့အတွက် ဉာဏ်ကိုလွှာသုံးမှ ကိုယ်တိုင်လည်းဘေးကင်း တခြားသူလည်းကူညီရာရောက်မှာပါ။ အဲ့လိုမှမဟုတ်ပဲ ဘာဖြစ်ဖြစ်လုပ်ကွာဆိုရင် ကျနော်တို့ဆုံးရှုံးမှာပြည်သူတစ်ယောက်နဲ့ သူ့ရဲ့စွမ်းအားတစ်ခုကိုဆုံးရှုံးသွားတာပဲအဖတ်တင်မှာပါ။
ဒီလိုပြောလို့ တော်လှန်ရေးကိုပြည်တွင်းကပြည်သူတွေမကူကြမလှူကြဘူးလားဆိုတာ ကမ်ပိန်းတွေ ပရောဂျက်တွေကိုလုပ်နေတဲ့သူတွေအသိဆုံးဖြစ်မှာပါ။
ကျနော်တို့အားလုံးနားလည်ထားရမှာက အပြစ်မဲ့ပြည်သူရောက်တဲ့ ဒုက္ခအားလုံးဟာ အဆင့်အတန်းလည်းတူတယ်။ တန်ဖိုးချင်းလည်းတူတယ်။ ဒီလိုပဲ ကူညီကယ်ဆယ်ပိုင်ခွင့်လည်းတူတူပါပဲ။ ငါတို့ကစစ်ဘေးသင့်မို့လို့ ငါတို့ကပိုရထိုက်တယ်။ မင်းတို့ကသဘာဝဘေးမို့လျှော့ရထိုက်တယ်။ သဘာဝဘေးကျပိုလှူတယ် တော်လှန်ရေးကျမလှူဘူးပြောရအောင် မိဘဆီကအမွေခွဲနေတာမှမဟုတ်တာ။
တချို့ကိစ္စတွေက အခြေနေအချိန်အခါက အခွင့်အခါမပေးတာတွေရှိတဲ့အခါ ကျနော်တို့ကဘယ်သူ့ကိုလိုက်အပြစ်တင်နေကြမှာလဲ။
တော်လှန်ရေးဖြစ်စေ စစ်ဘေးသင့်ရခြင်းဖြစ်စေ သဘာဝဘေးရောဂါကပ်ဘေးတွေဖြစ်စေ ဘယ်ပြည်သူကဖြစ်ချင်လုပ်ချင်ကြမှာလဲ။ ဘယ်ဘေးဒုက္ခ တစ်ခုကရောခံရတာသက်သာလိုက်တာဆိုတာရှိလို့လဲ။ ခံလိုက်ကြရရင်ပြည်သူတွေမှာ
တဆုံးတဆ။ ဒီကြားထဲမှာမှ ရတနာသုံးပါးမကြည်ညိုလို့ ကပ်ဆေးလို့ဖြစ်ကြတာဘာညာဆိုပြီး ဒုက္ခရောက်နေတဲ့ပြည်သူကိုအသားလွတ် လူကြမ်းဇာတ်သွင်းကြသူတွေလည်းရှိပါသေးတယ် ။
ဒီကြားထဲကမှ ငါတို့ပိုမလှူလို့ သူတို့ကိုပိုလှူလို့ဆိုပြီး ပြိုင်ဆိုင်နေကြသေးတယ်။အထက်ကပြောခဲ့သလိုအပြစ်မဲ့ပြည်သူတွေအတွက်ဘယ်ဒုက္ခကမှသက်သာမနေသလို တိုင်းပြည်လွတ်လပ်ရေးအတွက်ကြိုးပမ်းနေကြတဲ့ တော်လှန်ရေးသမားတိုင်းအတွက်လည်း ဘယ်ဒုက္ခကမှခံစားလို့ကောင်းမနေပါဘူး။
“စစ်မှန်တဲ့ တော်လှန်ရေးသမားဆိုတာ ချစ်ခြင်းမေတ္တာကြီးမားတဲ့သူတွေ ဖြစ်ပါတယ် ။ချစ်ခြင်းမေတ္တာ ကင်းမဲ့ရင် တော်လှန်ရေးသမားစစ်စစ်လို့ ထင်မြင်လို့မဖြစ်နိုင်ပါဘူး”လို့ ကမ္ဘာကျော် တော်လှန်ရေးသမား ချီဂွေဗားရားကပြောခဲ့ပါတယ် ။
ရဲဘော်ချီပြောသလိုပဲ တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသား ကြီးသူတွေသာလုပ်နိုင်တာပါ ။အခုလူငယ်တွေမျိုးဆက်ဟာ အဲဒီအရည်အချင်းပြည့်ဝသူတွေ များကြပါတယ် ။ဒါကြောင့်မြန်မာသမိုင်းတလျှောက် ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်မြင်မှုတွေ နွေဦးတော်လှန်ရေးမှာရနေကြတာဖြစ်ပါတယ် ။ ပြည်သူအများစုကလည်း ထုတ်သာမပြောခွင့်မသာရင်ရှိမယ် ဖက်ဆစ်တွေကို တွန်းလှန်ချေမှုန်းနေကြတဲ့ နွေဦးသူရဲကောင်းတွေအပေါ် နှလုံးသားထဲမှာ ချစ်ခင်၊လေးစား၊စာနာစိတ်အမြဲရှိပြီး ကျေးဇူးတင်နေကြတာပါ။
ဒါကြောင့် မြင့်မြတ်လှတဲ့ တော်လှန်ရေးရဲ့ ပုံရိပ်ထိခိုက်စေနိုင်တဲ့ အပြုအမူ ၊အပြောအဆိုတွေကို သတိထားရှောင်ရှားကြရအောင် ။
ငါတို့မှာ ငါတို့ပဲရှိလို့ ငါတို့အချင်းချင်း ပိုညီညွတ်ကြရအောင် ။ ။