သစ်ရွက်ရေးသားသည်။
လူနာကုတင်ပေါ်မှာကမ္ဘာမြေဟာအသက်ကိုကြိုးစားရှုနေရပါတယ်။ သူကျန်းမာဖို့အတွက်အရေးအကြီးဆုံးအောက်စီဂျင်က ဖြည်းဖြည်းနည်းပါးလာနေပါတယ်။ ဒီမိုကရေစီဟာသူ့အတွက်တော့ မရှိမဖြစ်အောက်စီဂျင်ပါပဲ။
အောက်စီဂျင်ကိုတိုင်းတာကြည့်ကြရအောင်ပါ။
ပြီးခဲ့တဲ့နှစ်၂၀လုံး ကမ္ဘာ့ဒီမိုကရေစီဟာတောက်လျှောက်ကျဆင်းလာနေခဲ့ပါတယ်။ ပြည့်ဝတဲ့ဒီမိုကရေစီတိုင်းပြည်တွေမှာ နေခွင့်ရတဲ့ပြည်သူတွေရဲ့အရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၆.၆ ရာခိုင်နှုန်းပဲရှိပါတော့တယ်။

Public Service Announcement
၂၀၂၃ ခုနှစ်မှာ ၈ ရာခိုင်နှုန်းရှိရာကနေကျဆင်းလာခဲ့တာပါ။ ပြီးခဲ့တဲ့၁၀နှစ်လောက်ကတော့ ၁၂.၅ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ကမ္ဘာအနှံ့အပြားရွေးကောက်ပွဲတွေကျင်းပတဲ့ ၂၀၂၄ခုနှစ်မှာနိုင်ငံပေါင်း ၈၃ နိုင်ငံဟာ ဒီမိုကရေစီကျဆင်း လာနေတာကိုတွေ့ရတယ်လို့ The Economist Intelligence Unit (EIU) ရဲ့ Democracy Index 2024 မှာဖေါ်ပြထားပါတယ်။ ကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံအများစုဟာဥရောပမှာပဲရှိနေကြပါတယ်။
EIU အဖွဲ့က နိုင်ငံတွေကို ၄မျိုးခွဲထုတ်လိုက်ပါတယ်။ ‘ပြည့်ဝတဲ့ဒီမိုကရေစီ’(Full Democracy)၊ မပီပြင်တဲ့ဒီမိုကရေစီ’ (Flawed Democracy)၊ ‘စပ်ကြားဒီမိုကရေစီ’ (Hybrid) နဲ့ အာဏာရှင်နိုင်ငံ (Authoritarian) တွေဖြစ်ပါတယ်။
စာရင်းမှာပါတဲ့ ၁၆၇နိုင်ငံမှာ ‘ပြည့်ဝတဲ့ဒီမိုကရေစီ’က၂၅နိုင်ငံ၊ ‘မပီပြင်တဲ့ဒီမိုကရေစီ’က ၄၆နိုင်ငံ၊ ‘စပ်ကျား’က ၃၆နိုင်ငံနဲ့ အာဏာရှင်က နိုင်ငံ၆၀နဲ့တခဲနက်ဗိုလ်စွဲနေတာကိုတွေ့ရပါတယ်။
ဒါဖြင့်မြန်မာနိုင်ငံရဲ့အခြေအနေကအောင်စာရင်းမှာဘယ်လိုနေလဲလို့ကြည့်တဲ့အခါမှာ ၁၆၇ နိုင်ငံပါတဲ့ Democracy Index 2024 မှာမြန်မာဟာ အဆင့်၁၆၆ချိတ်စွဲပါတယ်ခင်ဗျား။ အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်ပါတယ်။ နေပြည်တော်ကကြားရင်တော့ ဒို့အောက်မှာတစ်နိုင်ငံ ရှိသေး တယ်လို့ကြံဖန်ပြီးဇာတိမာန်တွေတက်ပြဦးမှာပါ။
အောက်ကဆရာကတော့အာဖဂန်နစ္စတန် ဖြစ်ပါတယ်။ မြန်မာရဲ့အပေါ်မှာတော့ မြောက်ကိုရီးယားကအဆင့် ၁၆၅ နဲ့ ငုတ်တုပ်ထိုင်နေတာ တွေ့ရပါတယ်။မြန်မာ့မိတ်ဆွေ တရုတ်နဲ့ရုရှတို့ကလည်း အဆင့်၁၄၅ ၊ ၁၅၀နဲ့ မရဏအုပ်စုဖြစ်တဲ့ ‘အာဏာရှင်နိုင်ငံ’ စာရင်းမှာ တပျော်တပါးရပ်တည်နေတာပါ။ အိန္ဒိယကတော့ ‘မပီပြင်တဲ့ဒီမိုကရေစီ’စာရင်းမှာ ပါနေပါတယ်။
ပြီးခဲ့တဲ့၁၀နှစ်အတွင်းမှာ ‘အာဏာရှင်နိုင်ငံ’ တွေရဲ့အရေအတွက်ဟာ ၅၂ နိုင်ငံကနေ ၆၀ အထိမြင့်တက် လာခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၉.၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကမ္ဘာပေါ်ကလူသုံးပုံတစ်ပုံကျော်ဟာ အာဏာရှင်တွေအောက်မှာနေနေကြရတာပါ။ အမေရိကန်ပြည်ထောင်စုကတော့၂၀၁၆ ကစလို့ ‘မပီပြင်တဲ့ဒီမိုကရေစီ’ (Flawed Democracy) အဖြစ် ဆက်တိုက်သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ ၂၀၁၇မှာ ဒေါ်နယ်ထရန့်သမ္မတစဖြစ်တာကို ထည့်စဉ်းစား ဖို့လိုမယ်ထင်ပါတယ်။
ပြင်သစ် နဲ့ တောင်ကိုရီးယားတို့ကလည်း ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှု တွေနဲ့အစိုးရအပေါ်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းလာမှုတွေနဲ့အတူ ‘မပီပြင်တဲ့ ဒီမိုကရေစီ’ တန်းဆင်းဇုံကိုရောက်လာကြပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ကမ္ဘာ့လွတ်လပ်ခွင့် အစီရင်ခံစာ ၂၀၂၅ (Freedom in the World 2025) မှာတော့ကမ္ဘာတလွှား လွတ်လပ်ခွင့်ဟာ ၁၉နှစ်ဆက်တိုက် ကျဆင်းလာနေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတွေရဲ့၄၀ရာခိုင်နှုန်းက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြပေမယ့် မဲဆန္ဒရှင်တွေကိုခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်တာတွေ၊အတိုက်အခံတွေရွေးကောက်ပွဲမှာမပါနိုင်အောင် နည်းမျိုးစုံသုံးပြီးညစ်တာတွေရှိခဲ့ပါတယ်။
ပဠိပက္ခတွေနဲ့ပြည်တွင်းစစ်တွေကြောင့် အကြမ်းဖက်မှုတွေကိုကမ္ဘာ့ပြည်သူတွေခံစားခဲ့ကြရပြီး ကြေးစားတပ်ဖွဲ့တွေ၊ ဒုစရိုက်အဖွဲ့အစည်းတွေကြောင့်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကျဆင်း နေခဲ့ရပါတယ်။
မလွတ်လပ်တဲ့နိုင်ငံ ၆၇နိုင်ငံထဲက အဆိုးတကာ့အဆိုးဆုံးနိုင်ငံ၁၇နိုင်ငံမှာ ရွှေမြန်မာပါဝင်ပါတယ်။ စုစုပေါင်းပေးမှတ်၁၀၀ မှာ ၇မှတ်သာရပါတယ်။ ၂၀၂၃မှာတော့စုစုပေါင်း ၈မှတ်ရထားခဲ့တာပါ။
နိုင်ငံရေးရေးလွတ်လပ်ခွင့်အတွက်ရမှတ်ကတော့ စုစုပေါင်းအမှတ် ၄၀ မှာ ဘဲဥပဲ ဖြစ်ပါတယ်။ မြန်မာရဲ့အင်တာနက်လွတ်လပ်ခွင့်ကတော့ အမှတ်၁၀၀ မှာ ၉ မှတ်ဖြစ်ပါတယ်။
ကမ္ဘာမြေဖျားနာရခြင်းအကြောင်းတရားတွေမှာစောင့်ကြည့်သူပညာရှင်တွေက အချက် ၃ ချက်ကို ထောက်ပြကြပါတယ်။ ပထမအချက်က တရုတ်နဲ့ရုရှလိုနိုင်ငံတွေက သူတို့အချင်းချင်းမိတ်ဖွဲ့ ပေါင်းဖက်လာကြတာဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အာဏာရှင်နိုင်ငံတွေက ဒေသတွင်း အဖွဲ့အစည်းတွေကိုအသုံးချပြီး ‘ဂျပိုးများသမဂ္ဂ’ လုပ်လာကြတာပါ။ နမူနာတစ်ခုပြောရရင် တရုတ်က ဦးဆောင်စုစည်းတဲ့ Shanghai Cooperation Organization (SCO) နဲ့ ရုရှရဲ့ Eurasian Economic Union (EEU) တို့ဖြစ်ပါတယ်။
တတိယနဲ့နောက်ဆုံးအချက်ကတော့ ဒီမိုကရေစီဆန်တဲ့ဒေသတွင်းအဖွဲ့အစည်းတွေဟာသူတို့ထဲက ဖျက်မြင်းနိုင်ငံတွေရဲ့အရေးကိစ္စနဲ့ဗျာများကြရတာပါပဲ။ ဥရောပသမဂ္ဂနဲ့ Organization of American States (OAS)တို့ဟာဟန်ဂေရီ၊ပိုလန်နဲ့ ဗင်နီဇွဲလားလိုနိုင်ငံတွေရဲ့နောက်ပြန်ဆွဲမှု ဒါဏ်ကို ရင်ဆိုင်ကြရပါတယ်။
ကမ္ဘာမြေရှုနေတဲ့အောက်စီဂျင်အိုးကိုထပ်ဖြည့်ဖို့လိုအပ်နေပါတယ်။ အရင်ဆုံးတော့အောက်စီဂျင် နည်းပါးနေတယ်ဆိုတာကိုသတိပြုမိဖို့ကအရေးပါလှပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အခြေအနေဟာအခြား နိုင်ငံတွေနဲ့ဆက်စပ်ဖြစ်တည်နေတယ်ဆိုတာကိုလည်း အာရုံပြုမိဖို့လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ကမ္ဘာ့ပြည်သူတွေဟာ သမိုင်းရဲ့ရှည်လျားတဲ့လမ်းခရီးတလျှောက်မှာ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကိုရင်ဆိုင်ပြီးကျော်ဖြတ်ခဲ့ကြတာဖြစ်တဲ့အတွက် ဒီတကြိမ်လည်းဆက်ချီတက်ကြ မှာပဲဖြစ်ပါတယ်။
၂၀၂၅ ဟာအာလုံးအတွက် စိုက်ထုတ်ရုန်းကန်ကြရမယ့်မှတ်တိုင်တစ်ခုဖြစ်လာပါလိမ့်မယ်။
