မောင်ငယ်လေးရေးသားသည်။
ဒီရက်ပိုင်းအတွင်းမှာ သဘာဝတရားက လူ့ယဉ်ကျေးမှုကိုခပ်စိပ်စိပ်ပဲသွေးတိုးစမ်းလာနေတယ်။
ခုမနက်ပဲ၄.၉ပြင်းအားရှိတဲ့ငလျင်တစ်ခုကမြန်မာနိုင်ငံအလယ်ပိုင်းမြင်းမူတစ်ဝိုက်ကိုအခြေခံပြီးလှုပ်ခတ်သွားခဲ့ပါတယ်။ စိတ်ဒါဏ်ရာရပြီးသား မန္တလေးမှာပြည်သူတွေအိမ်ထဲကထွက်ပြေးကြတယ်။
ဂျပန်နိုင်ငံအနောက်တောင်ဒေသကဂျပန်ကျွန်းမကြီးနဲ့အိုကီနာဝါကြားကကျွန်းစုတွေမှာနှစ်ပါတ်အတွင်း ငလျင် အကြိမ်ပေါင်း ၈၇၀လှုပ်ခဲ့ပြီးပြီလို့ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။ ဗုဓ္ဒဟူးနေ့ကတော့ပြင်းအား ၅.၆အထိရှိခဲ့တယ်။

Public Service Announcement
“ငလျင်လား၊ဝင်ခဲ့လေ” ဆိုတဲ့ဂျပန်တွေတောင်ဒီလောက်အကြိမ်ရေစိပ်လာတဲ့အခါထိတ်လန့်လာကြပါတယ်။ ဒေသခံတွေကမအိပ်နိုင်တာကြာပြီလို့ အဆာဟိရှင်ဘွန်းသတင်းစာကိုရင်ဖွင့်ကြတာဖတ်ရပါတယ်။
ကပ္ပလီပင်လယ်အတွင်းက နီကိုဘာကျွန်းတစ်ဝိုက်မှာလည်းခုရက်ပိုင်းလှုပ်တဲ့ငလျင်တွေကြောင့် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေကြတယ်။ ထင်ရှားတဲ့ထိုင်းပညာရှင်တစ်ယောက်ကတိကျတဲ့ အထောက်အထားတွေမရှိသေးပေမယ့် ကပ္ပလီပင်လယ်ရဲ့ကြမ်းပြင်တစ်နေရာမှာမီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ သည်နေးရှင်းသတင်းဌာနကိုပြောတာတွေ့ရပါတယ်။
လောလောဆယ်မှာဆူနာမီကိုအလွန်အကျွံမစိုးရိမ်ကြဖို့လည်းသူကအကြံပြုပါတယ်။
ကမ္ဘာကြီးကိုစားသုံးခဲ့တဲ့လူသားဟာသဘာဝတရားကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်ကြပါရဲ့လား။
တကယ်တော့ ယေဘူယျအားဖြင့်ပြောရရင်လူ့အဖွဲ့အစည်းဟာသဘာဝဘေးအန္တရာယ်တွေကိုရှေးအရင်ကထက်ပိုပြီးကြံ့ကြံ့ခံနိုင်စွမ်းရှိလာတာကိုတွေ့ရမှာပါလို့ အောက်စဖို့တက္ကသိုလ်ကဒေတာသိပ္ပံပညာရှင် ဟန်နာရစ်ချီကသူတို့ထုတ်တဲ့ Our World in Data စာစောင်မှာပြောပါတယ်။
ဘင်ဂလားဒေ့ရှ်မှာ၁၉၇၀တုန်းက “ဆိုင်ကလုန်းဘိုလာ”တိုက်တော့ လူ့အသက် ၃၀၀,၀၀၀ကျော် ဆုံးရှုံးခဲ့ရတယ်။ ၁၉၈၅မှာနောက်မုန်တိုင်းတစ်လုံးနဲ့လူ၁၅,၀၀၀သေဆုံးပါတယ်၂၀၂၀ခုနှစ်မှာပြင်းထန်တဲ့ ဆိုင်ကလုန်း အမ်ဖန်တိုက်ခိုက်တော့သေဆုံးသူအရေအတွက်ဟာ ၂၆ဦးအထိကျဆင်းလာခဲ့ပါတယ်။
အထင်မကြီးစရာဖြစ်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာတောင် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုတွေကို ထိထိရောက်ရောက်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ ကြိုတင်သတိပေးချက်တွေ၊အချိန်မီရွှေ့ပြောင်း နိုင်မှုတွေ၊ ကယ်ဆယ်ရေးစနစ်တွေက ဆုံးရှုံးမှုတွေကိုလျှော့ချနိုင်တာပါပဲ။
International Disaster Database(EM-DAT)ကိုကြည့်တဲ့အခါ ၂၀ရာစုရဲ့ရှေ့တစ်ဝက်မှာ သဘာဝဘေးအန္တရာယ်တစ်ခုကြောင့်လူတစ်သန်းလောက်သေဆုံးတယ်ဆိုတာဟာအထူးအဆန်း မဟုတ်ခဲ့ဘူးဆိုတာကိုတွေ့ရပါတယ်။
၁၉၃၁ခုနှစ်ကတရုတ်ပြည်မှာယန်ဇီမြစ်ရေကြီးတော့လူပေါင်း၃ သန်းဝန်းကျင်သေဆုံးခဲ့ကြရတယ်လို့မှတ်တမ်းတွေမှာတွေ့ပါတယ်။ နောက်ဆက်တွဲ အစာငတ်မွတ်မှုကြောင့် သေဆုံးရတာကအများအပြားပါ။ ရှင်းပါတယ်၊အဲဒီအချိန်တရုတ်ပြည်ဟာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတာပါ။
ဂျပန်ကလည်းမန်ချူးရီးယားကိုဝင်တိုက်နေခဲ့ပါတယ်။စာရင်းဇယားတွေကိုပြန်ကြည့်တဲ့အခါ ၁၉ ရာစုတုန်းကလည်းကြောက်စရာကောင်းတဲ့ဆုံးရှုံးမှုတွေကိုတွေ့ရပါတယ်။
၁၈၇၀ခုနှစ်တွေမှာ အယ်လ်နီညိုရာသီကြောင့် တရုတ်၊အိန္ဒိယနဲ့ဘရာဇီးတို့မှာ အစာငတ်မွတ်မှုကြောင့် လူဦးရေသန်းကိုဆယ်နဲ့ချီပြီး သေဆုံးကြရပါတယ်။
ဒီဘက်ခေတ်ကိုရောက်လေသူအသေအပျောက်နည်းလာလေဆိုတာကို EM-DAT အချက်အလက် တွေကပြနေပါတယ်။ စိုက်ပျိုးရေးကိုစနစ်တကျလုပ်ကိုင်လာနိုင်လို့အငတ်ဘေးကို ထိန်းသိမ်းနိုင် လာတာ၊ မိုးလေဝသနဲ့ဇလဗေဒပညာကိုလေ့လာလိုက်စားလာကြလို့သဘာဝဘေးတွေဖြစ်တဲ့မိုးခေါင်မှု၊မုန်တိုင်း၊ဆူနာမီလိုအခြေအနေတွေကိုကြိုတင် သတိပေးလာနိုင်ကြတယ်။
ပြီးခဲ့တဲ့နှစ်၅၀အတွင်းမှာ မိုးလေဝသပညာဟာအထူးတိုးတက်လာတယ်လို့ ဒေတာသိပ္ပံပညာရှင် ဟန်နာရစ်ချီက Our World In Data မှာရေးသားထားပါတယ်။
မြန်မာလူငယ်တွေဒီပညာကိုဘယ်လို လေ့လာသင်ယူခွင့်ရမလဲဆိုတာကိုအခုဆောင်းပါးရှင်မသိပါ။ အရေးသိပ်ကြီးပြီးပျောက်ဆုံးနေတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာတဲ့အခါအချက်သုံးချက်ကဆုံးရှုံးနိုင်ချေကိုဆုံးဖြတ်တယ်လို့ သူမကပြောပါတယ်။
တစ်အချက်က ဘေးအန္တရာယ်ရဲ့အခြေအနေပါတဲ့။ ငလျင်ပဲဖြစ်ဖြစ်၊မုန်တိုင်းပဲဖြစ်ဖြစ်၊ မိုးခေါင်တာပဲဖြစ်ဖြစ်၊ သူ့ရဲ့ပြင်းအားကဘယ်လောက်ရှိလဲ၊ ဘယ်လောက်ကြာမြင့်မှာလဲဆိုတဲ့အချက်တွေပါ။ နှစ်အချက်ကတော့ ဒီသဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့လူဦးရေဖြစ်ပါတယ်။ငလျင်လှုပ်တဲ့ နေရာဟာလူဦးရေသိပ်သည်းတဲ့မြို့ကြီးတစ်ခုလား၊ မုန်တိုင်းဝင်တဲ့ကမ်းခြေမှာလူဦးရေဘယ်လောက် ရှိလဲ၊တံတား၊တာတမံ၊ စတဲ့အခြေခံအဆောက်အဦတွေဘယ်လောက်ရှိသလဲဆိုတာဖြစ်ပါတယ်။
တတိယနဲ့နောက်ဆုံးအချက်ကတော့ အဲဒီဒေသမှာရှိတဲ့ပြည်သူတွေရဲ့ခံနိုင်စွမ်းအား(ဒါမှမဟုတ်) ထိခိုက်မခံနိုင်တဲ့အခြေအနေကဘယ်လောက်ရှိသလဲဆိုတာပါပဲ။ ဆိုလိုတာက ဒူဘိုင်းကိုအပူလှိုင်း ဖြတ်တာနဲ့၊ မြန်မာပြည်မကွေးတိုင်းကိုအပူလှိုင်းဖြတ်တာက အကျိုးသက်ရောက်မှု အလွန်အကျွံ ကွာခြားမှာပါ။ ဒူဘိုင်းကလူက အဲကွန်းခန်းထဲမှာ Netflixကြည့်နေတဲ့အချိန်မှာ မကွေးတိုင်း၊ချောက်ကလူက မီးမလာတဲ့အိမ်ထဲမှာလျှာထွက်နေမှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့အဓိကပြဿနာက တတိယအချက်ဖြစ်ပါတယ်။ ဘာပဲဖြစ်လာဖြစ်လာငုတ်တုပ်ပဲ ခံကြရတာပါ။ ဒီကြားထဲ “လူကြီး”ဆိုသူတွေလာပြီးဓါတ်ပုံရိုက်ပြတာ၊ဩဝါဒချီးမြှင့်တာကိုပါ ခံကြရပါတယ်။ ထားပါတော့။
ဒီနေရာမှာအန္တရာယ် (Hazard) နဲ့ ကပ်ဒုက္ခ (Disaster)ခွဲကြည့်ရအောင်ပါ။ အန္တရာယ်တွေကလျှော့ချလို့ မရပါဘူး။ Climate Change ကိုရှောင်လို့မရကြပါဘူး။ ငလျင်ကိုတားလို့မရသလို မုန်တိုင်းကိုလည်း တားလို့မရပါဘူး။
ကပ်ဒုက္ခ (Disaster) ဆိုတာကတော့ လူ့အသက်တွေ၊အိုးအိမ်တွေ၊စီးပွားရေးတွေပျက်စီးဆုံးရှုံးလာတဲ့ အခါမှာဖြစ်လာတာပါ။ ဒါကတော့ ကြိုတင်ကာကွယ်ဖို့၊စီမံခန့်ခွဲ့ဖို့လုပ်နိုင်ရမှာပါ။ဆိုလိုတာက Hazard ကို Disaster အဆင့်ရောက်မလာအောင် စီမံခန့်ခွဲရမှာဖြစ်ပါတယ်။
ကိုယ့်တိုင်းပြည်ကိုယ်ပြန်ဗုံးကြဲတဲ့နိုင်ငံမှာအခုလိုဆွေးနွေးရတာဟာသိပ်လောဘကြီးလွန်းသွားရင်တော့အပြစ်တင်ခံရမှာပါ။
တစ်ချိန်ကအထင်သေးခဲ့ကြတဲ့ဘင်ဂလားဒေ့ရှ်ဟာကိုယ့်ထက်အများကြီး သာသွားပြီဆိုတာကိုတော့ “လူကြီး” ဆိုသူများသတိချပ်ကြပါ။ သူ့နိုင်ငံကလည်းနိုင်ငံရေး သိပ်ကောင်းလွန်းတဲ့နိုင်ငံတော့မဟုတ်ပါ။မကြာသေးမီကမှဝန်ကြီးချုပ်ထွက်ပြေးသွားရတဲ့ အခြေအနေပါ။ ဒါပေမယ့်သူ့မှာလူသားဆန်တဲ့စိတ်တော့ကြမ်းခင်းဈေးအဖြစ်ရှိနေပါတယ်။
ဘာမှမလုပ်နိုင်ရင်တောင်လေကြီးမိုးကျယ်မပြောကြဖို့တော့တောင်းဆိုချင်ပါတယ်။ ။
