Connect with us

Hi, what are you looking for?

အတွေးအမြင်

ရွေးကောက်ပွဲတွေကဒီမိုကရေစီကိုဆောင်ကျဉ်းပေးသလား

၂၀၀၇ခုနှစ်က အာဖရိကတိုက်၊ဆူဒန်နိုင်ငံဖွားဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီးမိုအီဘရာဟင်က‌ ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီး အာဏာနဲ့ ရာထူးကနေရိုးရိုးသားသားထွက်ခွာပေးမယ့် အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ၅သန်း ဆုချီးမြှင့်မှာဖြစ်ပါသတဲ့။ နိုင်ငံပေါင်း၅၄နိုင်ငံလောက်မှာဒီနေ့အထိဒီဆုကိုရသူစုစုပေါင်းလက်၅ ချောင်းစာပဲရှိပါတယ်။

မောင်ငယ်လေးရေးသားသည်။

၂၀၀၇ ခုနှစ်က အာဖရိကတိုက်၊ဆူဒန်နိုင်ငံဖွားဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီးမိုအီဘရာဟင်က‌ ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တိုင်းပြည်ကိုကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီး အာဏာနဲ့ ရာထူးကနေရိုးရိုးသားသားထွက်ခွာပေးမယ့် အာဖရိကတိုက်ကခေါင်းဆောင်ရှိရင်ဒေါ်လာ၅သန်း ဆုချီးမြှင့်မှာဖြစ်ပါသတဲ့။ နိုင်ငံပေါင်း၅၄နိုင်ငံလောက်မှာဒီနေ့အထိဒီဆုကိုရသူစုစုပေါင်းလက်၅ ချောင်းစာပဲရှိပါတယ်။

ဒါကဘာကိုပြသလဲဆိုတော့နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေဟာအာဏာကိုဖက်တွယ်ထားကြပြီးမျက်လှည့်အမျိုးမျိုးနဲ့ကုလားထိုင်ကိုဆုပ်ကိုင်ထားကြတယ်ဆိုတာပါပဲ။

အဲဒီအထဲကမျက်လှည့်တစ်ကွက်ကတော့ ရွေးကောက်ပွဲများဖြစ်ပါတယ်။ မျက်လှည့်ဆရာကဦးထုပ်ထဲကိုငှက်တစ်ကောင်ထည့်ပြီး ပြန်ထုတ်ပြ လိုက်တော့ယုန်ဖြစ်နေတဲ့အကွက်တွေပါ။ ရိုးပြီးသားပြကွက်ဖြစ်ပေမယ့် အမြဲမြင်တွေ့နေရတာလည်း ဒါပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင်တစ်ဦးကရွေးကောက်ပွဲကျင်းပတယ်ဆိုရင်တော့ရည်ရွယ်ချက်ကသူ့အကျိုး အမြတ်အတွက်ပါပဲ။နိုင်ငံတကာကရွေးကောက်ပွဲတော်တော်များများမှာပြည်သူတွေကအဖြေဘာထွက်လာမယ်ဆိုတာကိုသိပြီးသားပါ။ ဦးထုပ်ထဲကိုငှက်ထည့်ပြီးယုန်ကိုပြန်ဆွဲထုတ်ပြတာကိုလူတိုင်းမြင်ဖူးထားကြလို့ပါပဲ။

ဒီလိုရွေးကောက်ပွဲတွေရဲ့ရလဒ်ကတော့ ElectoralAutocracy လို့ခေါ်တဲ့ရွေးကောက်ခံအာဏာရှင်စနစ် ပါပဲ။ရှိပြီးသားအာဏာရှင်အစိုးရကသူ့ကိုယ်သူတရားဝင်ဖြစ်ဖို့အတွက်သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာတဲ့မဲပေးမှုစနစ်၊မျှတတဲ့တရားစီရင်ရေးစနစ်တွေကိုမျက်ကွယ်ပြုပြီးကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေထွက်လာတဲ့အဖြေတွေပါ။

ကမ္ဘာ့ပြည်သူတွေရဲ့ ၄၄ရာခိုင်နှုန်းဟာရွေးကောက်ခံအာဏာရှင်စနစ်အောက်မှာနေကြရတယ်လို့ Danish Institute for Parties and Democracy (DIPD)ကဆိုပါတယ်။ ဒါဟာအာ
ဏာရှင်နိုင်ငံ အကုန်တော့ မဟုတ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကိုလုံးလုံးမကျင်းပတဲ့နိုင်ငံတွေလည်းရှိနေလို့ ဖြစ်ပါတယ်။ သိပ်လှပတဲ့ကမ္ဘာကြီးတော့မဟုတ်လှပါဘူး။

အာဏာကိုလက်မလွှတ်ချင်တဲ့နေရာတော့အမေရိကန်လိုနိုင်ငံမှာတောင် သမ္မတက ဥပဒေကိုကျော်ပြီး တတိယအကြိမ်သမ္မတသက်တမ်းကိုစဉ်းစားနေတယ်လို့ပြောထွက်ခဲ့ပါတယ်။ဒါဆိုရင်အာဖရိက၊ အရှေ့တောင်အာရှနဲ့လက်တင်အမေရိကလိုနေရာတွေမှာတော့အာဏာရှင်တွေကဖင်နဲ့ကုလားထိုင် ကပ်ထားဖို့ကိုတွံတေးသိန်းတန်လေသံနဲ့”ပျင်းတောင်ပျင်းသေးတယ်..ဟေ့”လိုအော်ကြမှာပါ။

Cline Centerရဲ့ဒေတာတွေအရ ၁၉၄၅ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အကြားနိုင်ငံပေါင်း၁၄၀ မှာ အာ
ဏာသိမ်းမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ဒီအထဲမှာဘိုလီးဗီးယားက ၄၈ကြိမ်၊ဆူဒန်က၃၁ကြိမ်၊ဗင်နီဇွဲလားက၂၄ကြိမ်၊ ဆီးရီးယားက၂၃ကြိမ်နဲ့အသီးသီပန်းဝင်ကြပါတယ်။

အာဏာသိမ်းပြီးတက်လာတဲ့သူတွေကတော့အကြောင်းနှစ်ချက်ကြောင့်ရွေးကောက်ပွဲကိုကျင်းပကြပါတယ်လို့ How to Sell A Coup: Election as Coup Legitimation စာတမ်းမှာစာရေးသူနှစ်ဦးက ဆိုပါတယ်။

ပထမအချက်ကသူအာဏာသိမ်းတာကိုတရားဝင်အောင်လုပ်တာဖြစ်ပြီး၊ ဒုတိယ အချက်ကတော့သူတို့ပဲဆက်အုပ်ချုပ်သင့်တယ်ဆိုတာကိုတရားဝင်အောင်ပြုလုပ်ဖို့ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ၂၀၁၃ခုနှစ်တုန်းကရွေးကောက်ခံသမ္မတမိုဟာမက်မော်စီကို ကာကွယ် ရေးဦးစီးချုပ် အယ်လ်စီစီ ဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပါတယ်။၂၀၁၄မှာရွေးကောက်ပွဲလုပ်ပေးပေမယ့် တရားမျှတမှုမရှိဘူးလို့နိုင်ငံတကာကဆိုကြပါတယ်။ရွေးကောက်ပွဲအပြီးမှာတော့ဗိုလ်ချုပ်ကြီးအယ်လ်စီစီကနေသမ္မတကြီးအယ်လ်စီစီဖြစ်လာတော့တာပါပဲ။

၂၀၁၈နဲ့၂၀၂၃မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေ မှာတော့အတိုက်အခံပြိုင်ဖက်တွေကို နိုင်ငံရေးလုပ်ခွင့်ပယ်ဖျက်ပြီးကျန်တဲ့အဖွဲ့တွေကရွေးကောက်ပွဲကိုသပိတ်မှောက်ကြလို့သူအသာလေးအနိုင်ရခဲ့ပါတယ်။ စီစီတို့ခုထိပြုံးပြံးကြီးအုပ်ချုပ်နေဆဲပါ။
မျက်လှည့်အနေနဲ့ပြောရရင်တော့ဦးထုပ်ထဲကိုမော်စီကိုထည့်ပြီးပြန်ဆွဲထုပ်လိုက်တော့စီစီထွက်လာတာပါပဲ။

သုတေသနပြုမှုတွေအရ ရွေးကောက်ပွဲနဲ့မျက်လှည့်ပြပြီးအာဏာဆုပ်ကိုင်သူအာဏာရှင်တွေက ပိုသက်တမ်းရှည်ပါသတဲ့။ မျက်စိထဲမှာကမ္ဘောဒီးယားက”ဟွန်ဆန်နှင့်သားများကုမ္ပဏီလီမိတက်”ကို မြင်ယောင်မိပါရဲ့။

ရွေးကောက်ပွဲပြီးတဲ့အခါအာဏာရှင်များကဒီမိုကရေစီဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်လို့အမြဲလိုလိုပြောလေ့ရှိကြပါတယ်။ရည်ရွယ်ချက်ကတော့သူတို့ဟာတရားဝင်ကြောင်းနိုင်ငံတကာက အသိအမှတ်ပြုစေချင်လို့ပါပဲ။အကူအညီတွေရဖို့နဲ့အနေအစားချောင်ဖို့ပဲဆိုပါစို့။

သတင်းမီဒီယာကို(နိုင်ငံတော်ကိုမထိပါးရင်)လွတ်လပ်ခွင့်ပေးမယ်လို့ပြောပြီး နိုင်ငံတကာကို ဖြားယောင်းလေ့ရှိပါတယ်။ “နိုင်ငံတော်”ဆိုတာဘာလဲလို့သွားမေးရင်တော့ထိပ်ဆုံးကဆရာသမားက “နိုင်ငံတော်ဆိုတာငါပေါ့ကွ”လို့ပြန်ဖြေမှာပါ။ သူတို့ပြောတာကိုယုံစားပြီးအမှန်တရားကိုထုတ်ဖေါ်မိသူ သတင်းသမားများကတော့နှစ်ရှည်ငါးပိကြော်စားရကိန်းရှိပါတယ်။

အမည်ပြောင်းပြီးတက်လာတဲ့အာဏာရှင်ဟာအသိအမှတ်ပြမှုအထိုက်အလျောက်ရပြီးပြီဆိုရင်တော့ ခိုးရာပါပစ္စည်းများကိုခွဲဝေရေးစမှာပါ။သစ္စာခံတွေကိုရာထူးပေး၊စပွန်ဆာစီးပွားရေးသမားတွေကိုတင်ဒါတွေချပေးတာတွေလုပ်လာကြပါတယ်။

နောက်တစ်ဆင့်မှာတော့အတိုက်အခံတွေကြားမှာအုပ်စုခွဲထုတ်လိုက်တော့တာပါပဲ။သူအမုန်းဆုံး အတိုက်အခံကိုအားနည်းအောင်ပြုလုပ်ဖို့သူနဲ့အဆင်ပြေနိုင်တဲ့အတိုက်အခံကိုနေရာပေးဆက်ဆံတတ်ပါတယ်။နေရာပေးခံရတဲ့လူကလည်းအဟုတ်မှတ်ပြီးပါသွားလေ့ရှိတာနိုင်ငံအတော်များများမှာတွေ့ရလေ့ရှိပါတယ်။ဒီနည်းကအမြဲအလုပ်ဖြစ်ပါတယ်။နိုင်ငံတကာကိုအတိုက်အခံနဲ့လက်တွဲလုပ်တယ်လို့ မျက်လှည့်ပြပြီး၊ပြည်တွင်းကိုလည်းပလီပြတာပါ။

အဟုတ်မှတ်ပြီးပေါင်းမိတဲ့အတိုက်အခံအချို့လည်းအချိန်တန်တော့ငါးပိကြော်စားရတာပါပဲ။ အဲဒီအချိန်ကြမှအာဏာရှင်နဲ့မပူးပေါင်းလို့သူ့အရင်ရောက်နှင့်ပြီးသားရဲဘော်တွေနဲ့ပြန်ပေါင်းထုပ်ရတဲ့ ဇါတ်လမ်းပါ။ Happy Ending တော့မဟုတ်လှပါ။

ဆိုင်းသံဗုံသံတော့ကြားနေရကြောင်းပါ ။မျက်လှည့်ဆရာကတော့ဦးထုပ်ဆောင်းပြီးထွက်လာပါပြီ။ ခဏနေရင်တော့ပြုံးနေတဲ့ယုန်လေးတစ်ကောင်ဦးထုပ်ထဲကထွက်လာတော့မှာပေါ့။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။