Connect with us

Hi, what are you looking for?

အတွေးအမြင်

ငရဲခန်းထဲက မြန်မာပြည်

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာအခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။မြန်မာနိုင်ငံအတွက် ဒီငါးနှစ်တာဟာ ငရဲခန်းထဲ ကျနေသလိုပါပဲ။

-ကိုဗလ​ရေးသားသည်။

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာအခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။မြန်မာနိုင်ငံအတွက် ဒီငါးနှစ်တာဟာ ငရဲခန်းထဲ ကျနေသလိုပါပဲ။

ဒါ့အပြင် မြွေပူရာကင်းမှောင့်၊ ဗူးလေးရာ ဖရုံဆင့် ဆိုသလို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဗဟိုပြလှုပ်ခဲ့တဲ့ ပြင်းအား ၇.၇ရစ်ချ်တာစ​ကေးရှိတဲ့ ငလျင်ကြောင့်လည်း တပူပေါ် တပူဆင့်ပြီး အပူမီးတွေ ပိုပြင်းထန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ ဒီငါးနှစ်တာကာလဟာ ပြည်သူ သန်း ၅၀ ကျော်ရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့အနာဂတ်တွေကိုရိုက်ချိုးခဲ့ပါတယ်။ စစ်အာဏာရှင် လက်​အောက် ကျရောက်ခဲ့တဲ့ ဒီငါးနှစ်အတွင်း မြန်မာနိုင်ငံဟာ ဘာတွေဆုံးရှုံးခဲ့ရသလဲ ပြန်ကြည့်ကြရအောင်ပါ။

Public Service Announcement

Public Service Announcement

●ပြိုလဲသွားတဲ့ ကျန်းမာရေးစနစ်

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် ကျန်းမာရေးကဏ္ဍဟာ လုံးဝနီးပါး ပျက်စီးသွားခဲ့ပါတယ်။ အစိုးရဆေးရုံတွေမှာ ကုသပေးစရာ ဆေးလည်းမရှိသလို ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း​တွေလည်းရှားပါးခဲ့ပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ကျန်းမာရေးဝန်ထမ်း တော်တော်များများ အကြမ်းမဖက်အာဏာဖီဆန်မှု -CDM ပြုလုပ်ခဲ့ကြပြီး အစိုးရဆေးရုံတွေမှာ ကုသမှုယန္တရား ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အများဆုံးထဲ ပါခဲ့ပါတယ်။

ကလေးငယ်တွေအတွက်ပုံမှန်ထိုးရမယ့်ကာကွယ်ဆေးတွေ (ဥပမာ- ပိုလီယို၊ ဝက်သက်)လပေါင်းများစွာ ကြာအောင် မထိုးပေးနိုင်သလိုနာတာရှည် ရောဂါသည်တွေအတွက်ပုံမှန်သောက်သုံးရမယ့် အခမဲ့ဆေးဝါးတွေ(ဥပမာ- ART)လည်း ပြတ်တောက်ခဲ့ရပါတယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ လအတော်ကြာပြတ်တောက်ခဲ့မှုကြောင့် နောင်မှာ ကြုံတွေ့ရမယ့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ၊ ပြဿနာတွေဟာ တွက်ဆဖို့တောင် ခက်ခဲလှပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရပ်တန့်ခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးတွေ၊နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်မှုတွေ၊ကျပ်ငွေတန်ဖိုးအဆပေါင်းများစွာ ကျဆင်းခဲ့လို့ အသက်ကယ်ဆေးဝါးတွေရဲ့ ဈေးနှုန်းတွေအဆမတန်မြင့်တက်ခြင်းနှင့် ပြတ်လပ်ခြင်းတို့အတွက် နာတာရှည်ရောဂါသည်တွေရဲ့ ဒီငါးနှစ်အတွင်း သေဆုံးနှုန်းဟာ အလွန်များခဲ့ပါတယ်။

ပညာရေးနှင့်လူသားအရင်းအမြစ်ဆုံးရှုံးမှုအကြီးမားဆုံးနဲ့ ပြန်လည်ကုစားဖို့ အခက်ခဲဆုံး ဆုံးရှုံးမှုကတော့ လူငယ်မျိုးဆက်တခု ပျောက်ဆုံးခြင်းပဲ ဖြစ်ပါတယ်။ မြန်မာလူငယ် အများအပြားဟာ စာသင်ခန်းတွေထဲမှာ ရှိမယ့်အစား တောတောင်တွေထဲမှာ ဒါမှမဟုတ် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြရပါတယ်။

မြန်မာ့သမိုင်းတလျှောက်လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုလို့တောင် ပြောလို့ရပါတယ်။လူငယ်တွေရဲ့ဦးနှောက်ယိုစီးမှုကြောင့်နိုင်ငံတွင်းမှာ တတ်သိကျွမ်းကျင်လူငယ်ပညာရှင်တွေအလုပ်သမား၊ လယ်သမားတွေတော်တော် ရှားပါးခဲ့ပါပြီဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေရယ် အဖက်ဖက်က ဖိအားတွေရယ်ကြောင့် ငါးနှစ်တာ ကာလအတွင်း ပညာရေးစနစ် ပြိုလဲလုနီးပါ ဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ဆယ်စုနှစ်တခုစာမက နောက်ကောက်ကျသွားခဲ့ပါပြီ။ ဒီနောက်ကောက်ကျမှုဟာ လာမယ့် နိုင်ငံ့အနာဂတ်အတွက် ရင်လေးစရာ ကောင်းပါတယ်။

●ရုပ်သိမ်းခံထားရတဲ့ လူ့အခွင့်အရေးတွေ

စစ်တပ်ဟာ နိုင်ငံကို အရေးပေါ်အခြေနေကြေညာပြီး မတရား အာဏာသိမ်းခဲ့ကာ နိုင်ငံသားတွေရဲ့ အခွင့်အရေးပေါင်းစုံကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်တွေနဲ့ ဥပဒေတွေကပေးထားတဲ့ အခွင့်အရေးတွေကို ထိန်းချုပ်ခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ ရုပ်သိမ်းပြီး သတင်းသမားများစွာကိုဖမ်းဆီးထောင်ချခဲ့တယ်။ လူမှုကွန်ယက်ပေါ် ပိုစ့်တင်တာ၊ ရှဲလ်တာ၊ Like ပေးတာ၊ React ပေးတာတွေကိုတောင် အလွတ်မပေးပဲ မတရားဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေကြောင့် မြန်မာနိုင်ငံဟာ လူ့အခွင့်ရေး အနိမ့်ကျဆုံး စာရင်းဝင် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ရပါပြီ။

●စီးပွားရေး နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပျက်စီးမှု

၂၀၁၀ နောက်ပိုင်း တရိပ်ရိပ် တက်လာခဲ့တဲ့ စီးပွားရေး အရှိန်အဟုန်ဟာ စစ်တပ်အာဏာသိမ်းမှု အပြီးမှာတော့ ထိုးဆင်းသွားခဲ့ပါတယ်။ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုဟာ အခြေခံလူတန်းစားတွေကို ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်ဆီတွန်းပို့ခဲ့ပါတယ်။ငတ်မွတ်ခေါင်းပါးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ရာဇဝတ်မှုတွေပိုများလာခဲ့ပါတယ်။စစ်တပ်အာဏာမသိမ်းခင် ၂ ရက်အလို ၂၀၂၁ ခု ဇန်နဝါရီလ ၂၉ ရက်မှာ အမေရိကန်တဒေါ်လာလဲလှယ်နှုန်းဟာ၁၃၇၇ကျပ်ပဲရှိခဲ့ပေမယ့်အခုအခါ၄၀၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေ တကျပ်သားကို ကျပ် ၁၃ သိန်းကျော် ရှိခဲ့ရာကနေ အခုအခါ ကျပ်သိန်း ၁၀၀ ကျော် ထိ ရှိနေပါပြီ။

နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့ခံနေရတာရယ်၊နိုင်ငံခြားရင်းနှီးမြုတ်နှံနေတဲ့ ကမ္ဘာကျော် လုပ်ငန်းကြီးတွေ ထွက်ခွာသွားတာရယ်တို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။

●လုံခြုံမှုနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှု

ကိုယ့်အိမ်၊ ကိုယ့်ခြံထဲမှာတောင် မလုံခြုံတော့ခြင်းဟာ ငါးနှစ်တာ ကာလအတွင်း မြန်မာတို့ရဲ့ နေ့စဉ်ဘဝ ဖြစ်လာပါတယ်။ဟိုနားဒီနားတောင်ချင့်ချိန်ပြီး သွားလာနေကြရပါတယ်။ ခိုးဆိုးလုယက်တဲ့ဒဏ်၊ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲရတဲ့ဒဏ်၊စစ်အုပ်စုရဲ့မတရားဖိနှိပ်စစ်ဆေးပြီး ဓားပြဆန်ဆန် ငွေကြေးတောင်းခံရတဲ့ ဒဏ်တွေကြောင့် လူသူရှင်းတဲ့အချိန်တွေ၊ မှောင်ရိပ်ပျိုးစအချိန်တွေဆို မသွားရဲ မလာရဲကြတော့ပါဘူး။

စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်ပေါင်းများစွာ(အထူးသဖြင့် လူငယ်တွေ) ဆုံးရှုံးခဲ့ရသလို၊ သိန်းနဲ့ချီတဲ့ တိုင်းရင်းသားပြည်သူတွေဟာလည်းစစ်ဘေးရှောင်(IDPs)အဖြစ် နေရပ်စွန့်ခွာနေကြရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ခံစားနေရတဲ့စုပေါင်းစိတ်ဒဏ်ရာ(Collective Trauma) ဟာနောင်မျိုးဆက်တွေအထိသက်ရောက်မှုရှိနေဦးမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပညာရေးဟာတိုင်းပြည်တခုရဲ့ပင်မကျောရိုးဖြစ်ပြီးအခုငါးနှစ်တာအတွင်းမှာအဲ့ဒီကျောရိုးဟာ အပြင်းအထန် ကျိုးပျက်သွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ အစစအရာရာ ကျိုးပျက်ခဲ့ရခြင်းရဲ့အဓိကတရားခံကတော့မတရာအာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်တွေပဲ ဖြစ်ပါတယ်။

ငါးနှစ်ဆိုတဲ့ကာလဟာတိုင်းပြည်တပြည်တိုးတက်ဖို့အတွက်လုံလောက်တဲ့အချိန်ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ အဖက်ဖက်ဆုတ်ယုတ်မှုတွေပဲ ရခဲ့ပါတယ်။ ဒီဆုတ်ယုတ်မှုတွေရဲ့ ကြားကပဲ တိုင်းရင်းသားပြည်သူတွေဟာစစ်အာဏာရှင် ချုပ်ငြိမ်းသွားရေးအတွက် တွန်းလှန်တိုက်ပွဲဝင်လို စိတ်ကတော့ ပိုမိုခိုင်မာလာတာကိုတွေ့ရပါတယ်။အနာဂတ်မြန်မာပြည်အတွက်စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ အရေးကြီးလှပါတယ်။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

မနက်စာမစားရသေးရင်တော့ဒီဆောင်းပါးကိုမဖတ်ပါနဲ့ဦး။စားပြီးပြီဆိုရင်တော့အချိန်နည်းနည်းပေးပြီးဖတ်ကြည့်ပါ။

အတွေးအမြင်

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေကြား အထိန်းနဲ့ အထေဆိုသလို အပြန်အလှန် ထိန်းကျောင်းတာဝန်ခံကြရတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဆက်သွယ်ပြန်ကြားရေး မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင် နဲ့ ပြည်သူလူထုဆိုတဲ့ ပဥ္စမ မဏ္ဍိုင်တွေဟာလည်းကျန်တဲ့ မဏ္ဍိုင်သုံးခုကို ပြင်ပကနေ ထိန်းကျောင်းဖို့ အားထုတ်ကြိုးပမ်းရတဲ့ တာဝန် ရှိပါတယ်။

အတွေးအမြင်

သင်္ကြန်ရောက်တော့မယ်လို့ ဆိုလိုက်တာနဲ့ စိတ်အာရုံထဲမှာ အလိုအလျောက် ပေါ်လာတတ်တာကတော့ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ သင်္ကြန်သီချင်းတွေပဲ ဖြစ်ပါတယ်။

အတွေးအမြင်

နှစ်အနည်းငယ်အတွင်း လူပြက်တစ်ယောက် ဖြစ်လာမယ့် စစ်ဗိုလ်ချုပ်တစ်ဦးက စစ်ရေးပြအခမ်းအနားတစ်ခုမှာ သူ့ကိုယ်သူ အရေးပါဆုံးလူတစ်ယောက်လို ပုံဖမ်းထားပါတယ်။