-ငြိမ်းငြိမ်းပြည့်ရေးသားသည်။
မင်းအောင်လှိုင်ဟာ စစ်အုပ်စိုးမှုကို စွန့်လွှတ်ချင်လွန်းလို့ သမ္မတရာထူးကို လိုချင်နေတာ မဟုတ်ပါဘူး။ စစ်အရင်းရှင်အုပ်စုအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အကျပ်အတည်းကြီးထဲကနေ သူတို့ရဲ့ ကြီးစိုးခြယ်လှယ်ရေးစနစ်ကို ကယ်ဆယ်ဖို့ ကြိုးစားနေလို့သာ လိုချင်နေတာပါ။ အဓိကပြောရရင်တော့ သူဟာ သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ဒီရာထူးကို လိုအပ်နေတာပါ။
ရာထူးကနေ ဆင်းပေးလိုက်ရတာနဲ့ သူရဲ့ impunity (ပြစ်မှုတွေအတွက် အရေးယူဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်ရနေမှု)ကို ဆုံးရှုံးသွားမှာကို သူ ကြောက်ရွံ့နေသလို၊ အဲဒီလို ဆုံးရှုံးသွားတာနဲ့အမျှ တာဝန်ခံရမှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း သူ ထိတ်လန့်နေပါတယ်။ ဒါ့အပြင် စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ အဆုံးအဖြတ်ပေးရမယ့် အချိန်တခုရောက်လာရင် သူ့ကို ဝန်ထုပ်ဝန်ပိုးတခုလို့ သဘောထားပြီး သူတို့ရဲ့အာဏာနဲ့အင်ပျူနတီကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူ့ကို ဖယ်ရှားပစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့်မို့လို့ သူက အဓိကကျတဲ့ ရာထူးနေရာ ခွဲဝေမှုတွေကို သူစိတ်တိုင်းကျ ပုံဖော်ထိန်းချုပ်ပြီး၊ အာဏာရဲ့အမြင့်ဆုံးနေရာတွေမှာ သူ့သစ္စာခံတွေကိုချည်း နေရာချထားဖို့ ကြိုးစားနေတာပါ။
မင်းအောင်လှိုင်၊ စစ်တပ်အင်စတီကျူးရှင်းနဲ့ သူတို့ကိုဝန်းရံထားတဲ့ စစ်အရင်းရှင်အုပ်စုတွေအားလုံးဟာ သူတို့ရဲ့ အမိန့်ပေးကွပ်ကဲမှု၊ နယ်မြေ၊ တရားဝင်မှု၊ အရင်းအမြစ်နှိုက်ထုတ်ယူမှု၊ အခွင့်ထူးခံမှု၊ ဓနဥစ္စာစည်းစိမ်နဲ့ အင်ပျူနတီတွေ အစစအရာရာ တိုက်စားခံရပြီး ပြိုကျပျက်စီးသွားမယ့် အန္တရာယ်ကို ထိတ်လန့်နေကြပါတယ်။ သူတို့ ရှာဖွေနေတာဟာစစ်အာဏာရှင်အုပ်စိုးမှုကနေလွတ်မြောက်ရေး ထွက်ပေါက်ရှာနေတာ မဟုတ်ဘဲ၊ အာဏာကို လက်မလွှတ်ရဘဲ သူတို့ရဲ့ကျဆင်းလာနေမှုကို အရှိန်လျှော့ပစ်နိုင်မယ့် လမ်းကြောင်းတခုကိုသာ ရှာဖွေနေကြတာပါ။

Public Service Announcement
တကယ်တော့ အခုသူတို့ ဖန်တီးကပြနေတာဟာ အသွင်ကူးပြောင်းရေးမဟုတ်ပါဘူး၊ အသွင်ကူးပြောင်းရေး လုပ်နေသယောင် ဟန်ပြလုပ်နေတာသာဖြစ်ပါတယ်။နိုင်ထက်စီးနင်းလုပ်တာ၊ လုယက်ခေါင်းပုံဖြတ်တာနဲ့ အင်ပျူနတီတွေ ပြည့်နှက်နေတဲ့ စနစ်ဟောင်းကြီးအတွက် အခွံသစ်တခု သက်သက်ပါပဲ။
မင်းအောင်လှိုင်အတွက် သမ္မတရာထူးဆိုတာ ကြားနေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရာထူးတခု မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးအရ အကာအကွယ်ယူမယ့် ခံတပ် (ဝါ) နိုင်ငံရေးကတုတ်ကျင်း တခုပါ။ ပြစ်ဒဏ်တွေကကင်းလွတ်ခွင့်ရနေတာကို ကာကွယ်ဖို့၊ ပြိုင်ဘက်တွေကို ထိန်းချုပ်ဖို့၊သူ့အာဏာကို ပိုခိုင်မာစေဖို့၊ စစ်တပ်ရဲ့ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံတော်အုပ်ချုပ်ရေးစနစ်အဖြစ် အသွင်ပြောင်း သက်ဆိုးရှည်စေဖို့ တမင်သက်သက် ဒီဇိုင်းထုတ်ထားတဲ့ အခွံတခုပါပဲ။ ဗြောင်ကျကျ အကြမ်းဖက်တဲ့ စစ်အုပ်စိုးမှုထက်စာရင် သမ္မတရာထူးက နိုင်ငံရေးအရ ပိုအလှည့်အပြောင်းလုပ်လို့ လွယ်ကူသလို၊ ပိုရောင်းပန်းလှပြီး နိုင်ငံရေးအရ ပိုအသုံးတည့်ပါတယ်။ တကယ်တော့ သူ ဒီရာထူးကို လှမ်းဆွဲနေတဲ့ အခုအချိန်ကာလမှာ မြန်မာစစ်တပ်သော်လည်းကောင်း မင်းအောင်လှိုင်သော်လည်းကောင်းဟာ အင်အားရှိနေလို့ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကြီး သမိုင်းဝင် ကျရှုံးနေတဲ့ အခြေအနေဆိုးထဲကနေ လှမ်းဆွဲနေတာပါ။
●UCC နဲ့ ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံရေးအရ ခဝါချခြင်း
ဒီစီမံကိန်းရဲ့ အထင်ရှားဆုံး အင်စတီကျူးရှင်းဆိုင်ရာ သက်သေတခုကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ (UCC) ဥပဒေသစ်ပါ။၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပြဋ္ဌာန်းခဲ့ပြီးယာယီသမ္မတအနေနဲ့ မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုးထားပါတယ်။ ဒီဥပဒေက အခမ်းအနားပြ အကြံပေးအဖွဲ့တခုကို ဖန်တီးလိုက်လို့အရေးပါနေတာမဟုတ်ဘဲ၊ သီးခြားစီရပ်တည်ရမယ့် အဓိကမဏ္ဍိုင်တွေအပေါ်မှာ သမ္မတရာထူးရဲ့ (ထိုမှတဆင့် စစ်တပ်ရဲ့) နိုင်ငံရေးအရ ခြယ်လှယ်လွှမ်းမိုးနိုင်စွမ်းကို ချဲ့ထွင်လိုက်လို့ အရေးပါနေတာပါ။
ဒီဥပဒေအရ သမ္မတကို ကောင်စီဖွဲ့စည်းဖို့၊ အဖွဲ့ဝင်တွေခန့်အပ်ဖို့၊ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သတ်မှတ်ဖို့၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းဖို့နဲ့ ကောင်စီရုံးကို သမ္မတရုံးအောက်မှာထားရှိဖို့ အာဏာပေးထားပါတယ်။ကောင်စီရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ဟာ ပြည်ထောင်စုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးရေးရာတွေနဲ့ ဥပဒေပြုရေးရာတွေအထိ ကျယ်ပြန့်ပါတယ်။ အဲဒါတွေဟာ သာမန်ဘေးဖယ်ထားလို့ရတဲ့ ကိစ္စရပ်တွေ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကို စုစည်းဖို့၊ ကာကွယ်ဖို့နဲ့ တရားဝင်မှုဖန်တီးဖို့ အဓိကကျတဲ့ နယ်ပယ်တွေပါ။ အခုလို ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဟာ အကြံပေးရုံသက်သက် လုပ်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စကားလုံးတွေကို သုံးနှုန်းထားရင်းနဲ့ပဲ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအပေါ် ကြီးကြပ်ကွပ်ကဲဖို့ အာဏာရှင်ရဲ့ သမ္မတရာထူးကို တရားဝင်ယန္တရားတခု အပ်နှင်းလိုက်တာပါပဲ။
ဒီအာဏာကိုကျင့်သုံးရာမှာအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ထိပါးကျူးကျော်ခြင်းမရှိဘဲ လုပ်ဆောင်မယ်ဆိုတဲ့ ဥပဒေရဲ့ အခိုင်အမာဆိုထားမှုကတောင် နိုင်ငံရေးအရ အတော်လေး ဖော်ပြနေပါတယ်။ဒီလိုငြင်းဆိုချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီး အကာအကွယ်ယူထားတဲ့ မျက်လှည့်ပြကွက်တခုပါပဲ။ သီးခြားစီခွဲထားရမယ့်နယ်ပယ်တွေအထိလွှမ်းမိုးစွက်ဖက်နိုင်အောင် သမ္မတရာထူးကိုတပ်ဆင်ပေးနေတယ်ဆိုတဲ့ ဝေဖန်ကန့်ကွက်စရာရှိတာတွေကို သူတို့ ကြိုတင် ငြင်းကွယ်နေတာပါ။ ဒီသဘောအရ ကြည့်ရင်၊ ဒီဥပဒေဟာ ရိုးရှင်းတဲ့ အာဏာသိမ်းယူမှုတခုထက် ပိုပါတယ်။ စစ်တပ်ကရေးဆွဲခဲ့ပြီး ပြည်သူတွေကလက်မခံတဲ့၊ စစ်ကျွန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တရားဝင်တည်ဆောက်ပုံကိုတောင်မှ စစ်အုပ်စုကိုယ်တိုင်က အကြိမ်ကြိမ် လိုရာစွဲ ကျူးလွန်ချဲ့ထွင်နေရင်း၊ တဖက်မှာ အဲဒီဥပဒေကို သစ္စာစောင့်သိနေသယောင် ဟန်ပြဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။
လက်တလော အသစ်တက်လာတဲ့ တပ်ချုပ်ကလည်း ဒီစစ်ကျွန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ ကြွေးကြော်ပြန်ပါတယ်။စစ်အုပ်စုဆီကထွက်လာတဲ့ UCCရဲ့ အဓိကရည်ရွယ်ချက်ကလည်း အာဏာခွဲဝေကျင့်သုံးရေး မဟုတ်နေပြန်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အာဏာခြယ်လှယ်ထိန်းချုပ်မှုကို စနစ်တကျ ဗဟိုချုပ်ကိုင်ဖို့ပါပဲ။
ဒါကြောင့်မို့လို့ အာဏာရှင်ရဲ့ သမ္မတရာထူးဆီ ရွှေ့လာမှုဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးထက် ပိုအရေးပါနေတာပါ။ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုကို စစ်တန်းလျားတွေ၊ ဒါမှမဟုတ်ရိုင်းစိုင်းကြမ်းတမ်းတဲ့ စစ်ကောင်စီယန္တရားကနေပဲ ကျင့်သုံးနေမယ့်အစား၊ နိုင်ငံတော်ယန္တရားကနေတဆင့် ပြန်လည်ဖြန့်ဝေနိုင်တဲ့ ပိုမြင့်မားတဲ့ ရာထူးတခုကို ပေးထားပါတယ်။ အာဏာရှင်ရဲ့ ဩဇာအာဏာကို ဗြောင်ကျကျမဖြစ်စေဘဲ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပိုအံဝင်ခွင်ကျဖြစ်စေပြီး အိမ်နီးချင်းတွေ၊ သံတမန်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အသွင်ကူးပြောင်းရေးပွဲစားတွေ နားလည်လက်ခံနိုင်အောင် ဖန်တီးပေးပါတယ်။ စစ်အုပ်စု အခု တည်ဆောက်နေတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဟုတ်ပါဘူး၊ အကျပ်အတည်းကာလမှာ စစ်အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် နောက်ထပ် ယန္တရားတခုကို ဖန်တီးနေတာသာ ဖြစ်ပါတယ်။
●သမ္မတရာထူးကို မင်းအောင်လှိုင်ရဲ့ အကာအကွယ်ဒိုင်းလွှားအဖြစ် အသုံးချခြင်း
မင်းအောင်လှိုင်က အာဏာကို ဘေးကင်းကင်းနဲ့ စွန့်လွှတ်နိုင်စွမ်း မရှိတဲ့အတွက် သမ္မတရာထူးကို ဖက်တွယ်ထားပါတယ်။ သူဟာ စစ်အုပ်စိုးမှုရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေရုံတင်မကဘဲ အဲဒီရာဇဝတ်မှုတွေကို အဓိက ဖန်တီးသူ၊ အဓိက ကျူးလွန်သူ ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ သူဟာ သူ့အတွက် ကျန်ရှိနေတဲ့ တခုတည်းသော အကာအကွယ်အဖြစ်အာဏာကို ဖက်တွယ်ထားတယ်ဆိုတာ သူ့ရဲ့ လုပ်ရပ်တွေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
သူ့အတွက်တော့ ရာထူးဆိုတာ အုပ်ချုပ်ဖို့သက်သက် မဟုတ်ပါဘူး၊ အကာအကွယ်တခုလည်း ဖြစ်ပါတယ်။ ရာထူးပြုတ်သွားပြီဆိုတာနဲ့ သူ့ကို ကာကွယ်ပေးထားတဲ့ အင်စတီကျူးရှင်းတွေ၊ ခေါင်းပုံဖြတ်ရယူထားတဲ့ သူ့မိသားစုရဲ့ဓနဥစ္စာစည်းစိမ်တွေ၊ သူ့ကိုဝန်းရံထားတဲ့ အခွင့်ထူးခံကွန်ရက်ကြီးတွေ အပေါ်မှာ သူ ထိန်းချုပ်နိုင်စွမ်းပါ ဆုံးရှုံးသွားမှာပါ။ ဒါက အာဏာရှိစဉ်က အချိန်ဆွဲထားခဲ့တဲ့ အရေးယူခံရမှုတွေနဲ့ ပိုပြီး ရင်ဆိုင်လာရမယ်ဆိုတဲ့ သဘောပါပဲ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးက သူ့အတွက် ကာလကြာရှည် ကာကွယ်ရေးတံတိုင်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီရာထူးက သူ့ကို အထက်အောက်အဆင့်ဆင့်စနစ်၊ လက်နက်ကိုင်အင်အားနဲ့ တာဝန်ခံရမှုတွေကိုအမိန့်နာခံမှုဆိုတဲ့အရာအောက်မှာ မြှုပ်နှံထားနိုင်တဲ့ ကွပ်ကဲမှုကွင်းဆက်တခုကို ပေးထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရာထူးက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ကွပ်ကဲမှုတာဝန်တွေမှာ အထင်ရှားဆုံး သွေးစွန်းနေတဲ့ ရာထူးလည်း ဖြစ်နေပါတယ်။
သမ္မတရာထူးကတော့ အကာအကွယ်အတွက် နောက်ထပ်လမ်းကြောင်းတခုပေးနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စကားလုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ ပိုမြင့်မားတဲ့ ရာထူးတခုပါပဲ။ အဓိကရည်ရွယ်ချက်က သူ့ ရာထူးသက်တမ်းကို ဆွဲဆန့်ဖို့သက်သက် မဟုတ်ပါဘူး။ သူ့ရဲ့ ပြစ်မှုတွေအတွက် ဒဏ်ခတ်မခံရဘဲ လွတ်နေမှုကို နာမည်တမျိုးနဲ့ ဆက်လက်ထိန်းသိမ်းဖို့ ကြံစည်တာ ဖြစ်ပါတယ်။
ဒါကသူ့ကိုအင်စတီကျူးရှင်းအတွင်းက အန္တရာယ်တွေကနေလည်းကာကွယ်ပေးပါတယ်။တပ်ချုပ်ရာထူးကို စွန့်လွှတ်လိုက်တာနဲ့ သူ့ကို ထောက်တိုင်လုပ်ပေးထားတဲ့ အထက်အောက်အဆင့်ဆင့်အပေါ် တိုက်ရိုက်ထိန်းချုပ်မှုတွေ ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တပ်မှူးသစ်တွေက သူတို့ရဲ့ ကိုယ်ပိုင်အာဏာအခြေခံတွေ တည်ဆောက်လာနိုင်ပါတယ်။ အရာရှိတွေက သူ့ရဲ့ကျရှုံးမှုတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားလာနိုင်ပါတယ်။ အတွင်းပိုင်းက အုပ်စုကွဲတွေကလည်း စစ်တပ်အနေနဲ့ သူ့ကို ဖယ်ထုတ်လိုက်ရင် ပိုလွယ်လွယ်ကူကူ ရှင်သန်နိုင်မယ်လို့ ဆုံးဖြတ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊သမ္မတရာထူးက ပြင်ပအရေးယူမှုတွေကနေတင်မကဘဲ အတွင်းပိုင်းကနေ ဖယ်ရှားခံရမယ့် အန္တရာယ်ကနေပါ အကာအကွယ်ပေးမယ့် ဒိုင်းလွှားတခု ဖြစ်လာပါတယ်။
ဒါ့အပြင် အဲဒီရာထူးက လုပ်ကြံဖန်တီးထားတဲ့ တရားဝင်မှုအတွက် နောက်ထပ် လမ်းကြောင်းတခုကိုလည်း ပေးစွမ်းနိုင်ပါတယ်။စစ်အုပ်စုရဲ့ အတုအယောင်လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်အုပ်စုက အမည်စာရင်းတင်သွင်းတဲ့ သမ္မတ တယောက်အနေနဲ့ ပေါ်ထွက်လာမယ့်အစား၊ မင်းအောင်လှိုင်ဟာ စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်ကနေတဆင့် အမည်စာရင်းတင်သွင်းခံရတဲ့ “ရွေးကောက်ခံ” သမ္မတတယောက်အဖြစ် ပုံဖော်ခံရဖို့ အသေအချာ ရည်ရွယ်ထားပုံရပါတယ်။ အဓိကရည်ရွယ်ချက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး မဟုတ်ပါဘူး၊ နိုင်ငံရေးအရ ခဝါချဖို့သက်သက်ပါပဲ။ အရင်အတိုင်းဖြစ်တဲ့ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဇာတ်ညွှန်းသစ်တခုကို ဖန်တီးလိုက်တာပါပဲ။
ဒီရှုထောင့်ကနေကြည့်ရင်၊ ဒီရာထူးဟာ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်သက်သက် မဟုတ်ပါဘူး။ဘေးကင်းလုံခြုံစွာ အာဏာကို မစွန့်လွှတ်နိုင်သလို၊ သူတိုက်ရိုက်မကွပ်ကဲတော့တဲ့အချိန်မှာ သူ့ကို ကာကွယ်ပေးမယ့် အနီးအနားက အင်စတီကျူးရှင်းကိုလည်း မယုံကြည်နိုင်တဲ့ အာဏာရူးတယောက်ရဲ့ ရှင်သန်ရေး ယန္တရားတခုသာ ဖြစ်ပါတယ်။
●အင်စတီကျူးရှင်းနဲ့ စနစ်အဆောက်အအုံဆိုင်ရာ အကျပ်အတည်းဆိုက်နေတဲ့ စစ်တပ်
ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေး မလုံခြုံမှုဆိုတာ ပြဿနာရဲ့ အလွှာတခု သက်သက်ပါပဲ။ သမ္မတရာထူး အရေးပါနေရတာက စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ သူတို့ကိုယ်တိုင် အကျပ်အတည်းဆီတွန်းပို့ခဲ့တဲ့ ဖိနှိပ်တဲ့ အုပ်စိုးရေးစနစ်ကို ကယ်တင်ဖို့ ကြိုးစားနေလို့ပါ။
မြန်မာစစ်တပ်ဟာ ကံမကောင်းလို့ မတည်ငြိမ်မှုတွေကြား ပိတ်မိနေတဲ့ ကြားနေအင်စတီကျူးရှင်းတခု မဟုတ်ပါဘူး။ စစ်တပ်ဟာ သူကိုယ်တိုင် ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ပြည်သူလူထုအပေါ် ကြီးစိုးမှုတွေ၊ နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေနဲ့ စစ်ဆင်နွှဲမှုတွေကနေတဆင့် အကျပ်အတည်းတွေကို ထပ်ခါတလဲလဲ ဖန်တီးခဲ့တဲ့ တရားခံပါ။ စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းမှုမျိုး ဖြစ်လာနိုင်တဲ့ လူမှုရေးနဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်တွေကိုဖျက်ဆီးရင်းနဲ့တောင်မှ၊ သူ့ကိုယ်သူ “နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူ” အဖြစ် ကာလကြာရှည် မဏ္ဍပ်တိုင် တက်ခဲ့သေးပြန်ပါတယ်။ စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုလုပ်လာခဲ့တယ်၊ လက်နက်ကိုင်ပဋိပက္ခတွေကို ပိုနက်ရှိုင်းစေခဲ့တယ်၊ ဖက်ဒရယ် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ လွတ်မြောက်ရေးအပြောင်းအလဲမှန်သမျှကို ဟန့်တားရင်းနဲ့ “ပြည်ထောင်စုကိုကာကွယ်နေတာပါ” လို့ အကြောင်းပြခဲ့ပါတယ်။ လက်ရှိ အကျပ်အတည်းဆိုတာဟာ ပြင်ပလူတွေက ညီညွတ်နေတဲ့စစ်အုပ်စိုးမှုစနစ်တခုအပေါ် တမင်သက်သက်ဖိအားပေးလို့ ဖြစ်လာတာမဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကိုယ်တိုင် ကျူးလွန်ခဲ့တာတွေ စုပုံလာတဲ့ ရလဒ်ပါပဲ။
၂၀၂၁ အာဏာသိမ်းမှုက စစ်တပ်အင်စတီကျူးရှင်းရဲ့ အဲဒီရှေ့နောက်မညီ ဆန့်ကျင်ဘက်ဖြစ်မှုတွေကို ပိုပြီး သိသာလာစေပါတယ်။ အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်းနဲ့ စစ်တပ်ဟာ အရင်က သူတို့ရဲ့ ကြီးစိုးမှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ယန္တရားတွေကိုပါ သူ့လက်နဲ့ရေးသမျှ သူ့ခြေနဲ့ပြန်ဖျက်ဆီးမိရက်သား ဖြစ်သွားတယ်။ အရင်က သူတို့တည်ဆောက်ထားခဲ့တဲ့ တရားဝင်မှု အကြွင်းအကျန်လေးတွေကိုပါ ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားတယ်။ အရင်ကရှိခဲ့တဲ့ ညှိနှိုင်းမှုတွေ၊ အကြောက်တရားနဲ့ အုပ်စိုးရေးလမ်းကြောင်းတွေကိုပါ ဖြတ်တောက်လိုက်ပါတယ်။သူတို့ဟာပြည်သူလူထုအပေါ် ကျူးကျော်သိမ်းပိုက်ထားတဲ့တပ်ဖွဲ့တခုမျှသာဆိုတာကိုပိုပြီးဗြောင်ကျကျ ပြသလိုက်တာပါပဲ။
ဒါဟာ နိုင်ငံရေးနဲ့စစ်ရေးသက်သက် အကျပ်အတည်းတင် မဟုတ်ပါဘူး။ အင်စတီကျူးရှင်းဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်ပွဲတွေကြောင့် အရင်တုန်းက စစ်အုပ်ချုပ်ရေးကို တည်ငြိမ်စေခဲ့တဲ့ အခွင့်ထူးခံပေးတာတွေ၊ ဓနဥစ္စာစည်းစိမ်ရှာဖွေခွင့် ပေးတာတွေနဲ့ ဗဟိုနဲ့နယ်စပ်ဒေသတွေကို ကွပ်ကဲခဲ့တဲ့ လမ်းကြောင်းဟောင်းတွေ အားလုံး ကျဉ်းမြောင်းသွားခဲ့ပါတယ်။မေးခွန်းကထိပ်ဆုံးရာထူးကို ဘယ်သူယူသလဲဆိုတာ သက်သက်မဟုတ်တော့ပါဘူး။
စနစ်အဆောက်အအုံဟောင်းကြီးက ဟာလာဟင်းလင်းဖြစ်လွန်း၊ ကုန်ကျစရိတ်ကြီးလွန်း၊မတည်ငြိမ်လွန်း၊ ဂုဏ်သိက္ခာကျဆင်းလွန်းနေချိန်မှာ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုကို ဘယ်လို ဆက်ပြီး ထိန်းသိမ်းမလဲဆိုတာက အဓိကဖြစ်လာပါတယ်။
အဲဒီအကျပ်အတည်းဟာ စစ်အုပ်စိုးမှု ပြန်လည်အသက်သွင်းရေးအထိပါ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေပါတယ်။ နိုင်ထက်စီးနင်းအုပ်ချုပ်တဲ့ စနစ်တွေဟာ အင်အားသုံးရုံသက်သက်နဲ့ ရှင်သန်နိုင်တာ မဟုတ်ပါဘူး။ ပုံမှန်နာခံမှုရှိဖို့၊ ကြားခံကွန်ရက်တွေ၊ သဘောတရားအယူဝါဒပိုင်းဆိုင်ရာ အကာအကွယ်တွေနဲ့အုပ်စိုးမှုကို ဆက်ပြီးလည်ပတ်နိုင်စေမယ့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အစီအစဉ်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ စစ်အုပ်စုအတွက် အဲဒီ အုတ်မြစ်အခြေခံတွေဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားပါပြီ။
၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ တော်လှန်ခုခံမှုတွေက နယ်စပ်ဒေသတွေမှာတင် ရပ်မနေတော့ပါဘူး။ စစ်တပ်ရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြောင့်၊ အစုလိုက်အပြုံလိုက် ဆန္ဒပြမှုတွေကနေ အလယ်ပိုင်းမြေပြန့်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်ခုခံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါက ဘာလို့အရေးကြီးလဲဆိုတော့၊ စစ်တပ်နဲ့ သူတို့ လူသူတပ်သားအင်အားစုဆောင်းခဲ့တဲ့၊ ဗမာဗုဒ္ဓအမျိုးသားရေးတရားဝင်မှုကို ရယူခဲ့တဲ့၊အာဏာတည်မြဲဖို့လူမှုရေးအခြေခံအဖြစ်သုံးခဲ့တဲ့ လူမှုနယ်ပယ်တွေအကြားက သမိုင်းဝင် အဆက်အသွယ်ပြတ်တောက်သွားတာကို ပြနေလို့ပါပဲ။
အခု ပြိုကျပျက်စီးနေတာက နယ်မြေထိန်းချုပ်မှုတင် မကပါဘူး၊ အရင်က စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းစေခဲ့တဲ့ လူမှုရေးနဲ့ အယူဝါဒရေးရာ အုတ်မြစ်အခြေခံတွေပါ ပြိုကျနေတာပါ။ကြမ်းတမ်းတဲ့ စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ သွတ်သွင်းလာတာက ဒီပြိုကျပျက်စီးမှုကို အထင်အရှား ပြနေပါတယ်။ ဒါက စစ်အုပ်ချုပ်ရေးကို ကာလကြာရှည် လည်ပတ်စေခဲ့တဲ့ လမ်းကြောင်းတွေထဲက အက်ကွဲကြောင်းတွေကို ပြနေတာပါ၊ လူသစ်စုဆောင်းနေကျ လမ်းကြောင်းတွေ၊ အခွင့်ထူးခံကွန်ရက်တွေ၊ သဘောတရားရေးရာ အလေ့အထတွေနဲ့ စစ်ပွဲနဲ့ စစ်အာဏာရှင်စနစ်ရဲ့ လူမှုကုန်ကျစရိတ်တွေကို စုပ်ယူထမ်းပိုးလည်ပတ်ပေးခဲ့တဲ့ အိမ်ထောင်စုတွေရဲ့လုပ်အားတွေ အစစအရာရာပါပဲ။ အဲဒီလမ်းကြောင်းတွေ အက်ကွဲသွားတဲ့အခါ အုပ်စိုးသူဟာ တရားဝင်မှုကိုသာမက နိုင်ထက်စီးနင်းအုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းတဲ့ ယန္တရားရဲ့ တစိတ်တပိုင်းကိုပါ ဆုံးရှုံးသွားရပါတယ်။
ဒါကြောင့်မို့လို့ စစ်အုပ်စုရဲ့ အနေအထား အားနည်းလာတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။ အုပ်ချုပ်မှုပုံစံဟောင်းတွေ ကျရှုံးလာရင်း ဖိနှိပ်မှုတွေ ပိုကျယ်ပြန့်လာတယ်။ စစ်မှုထမ်းခိုင်းတာဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာကို ပြတာမဟုတ်ဘဲ အားနည်းချက်ကို ပြနေတာပါ။ ကွပ်ကဲမှုတွေ ပိုမိုမလုံခြုံလာတဲ့အတွက် အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာပါတယ်။
သမ္မတရာထူးကလည်း ဒီယုတ္တိဗေဒထဲမှာပဲ ပါဝင်ပါတယ်။ ဒါဟာ ဖိနှိပ်မှုတွေကနေ ရုန်းထွက်တာမဟုတ်ဘဲ၊ ဖိနှိပ်မှုတွေပတ်ပတ်လည်က ပိုမာကျောတဲ့ နောက်ထပ် အခွံတခုသာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒါက အမြဲတမ်း အရေးပေါ်အုပ်ချုပ်နေရတဲ့ပုံစံမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံနဲ့ ဖုံးကွယ်ထားရင်း၊ စစ်တပ်ရဲ့ အာဏာကို ပြန်လည်ခွဲဝေပြီး ဆက်ထိန်းထားဖို့ ကြိုးစားနိုင်မယ့် ယန္တရားတခုလည်ပတ်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။
●စစ်-အရင်းရှင် အုပ်စု
ဒါက လူတယောက်တည်းရဲ့ အကြောက်တရား (သို့မဟုတ်) အင်စတီကျူးရှင်းတခုရဲ့ အကျပ်အတည်းအကြောင်း သက်သက် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ အုပ်စိုးသူအုပ်စုတစုရဲ့ ဇာတ်လမ်းပါ။
မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်က ဗိုလ်ချုပ်တွေ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ ခရိုနီတွေ၊ ကန်ထရိုက်တာတွေ၊ သယံဇာတထုတ်ယူတဲ့ အရင်းရှင်တွေ၊ နယ်စပ်ကုန်သွယ်ရေးပွဲစားတွေ၊ မြေယာသိမ်းဆည်းသူတွေနဲ့ အာဏာရှင်စနစ်ရဲ့တည်ငြိမ်မှုအပေါ် မှီခိုထုတ်ယူစားသောက်တဲ့ ကပ်ပါးလူတန်းစားအလွှာတွေပါဝင်တဲ့ စစ်အရင်းရှင်အုပ်စုရဲ့ အကျိုးစီးပွားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ဒီအုပ်စုက နိုင်ငံတော်ဆီကနေ အကျိုးအမြတ်ရယူရုံတင် မဟုတ်ပါဘူး၊ နိုင်ငံတော်ယန္တရားကနေတဆင့် ဒီအုပ်စုကို ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ လက်ဝါးကြီးအုပ်ခွင့်ရတာ၊ နိုင်ထက်စီးနင်း အကာအကွယ်ပေးတာ၊ သိမ်းပိုက်တာနဲ့ လက်နက်ကိုင်အခွင့်ထူးတွေရဲ့ ရလဒ်ပါပဲ။ သူတို့က ဖိနှိပ်မှုနဲ့ စစ်ပွဲတွေကြားထဲကနေတောင်မှ ကြွယ်ဝမှုတွေကို စုဆောင်းနေခဲ့တာ မဟုတ်ဘဲ၊ အဲဒီ ဖိနှိပ်မှုတွေ စစ်ပွဲတွေကနေတဆင့်ကို ကြွယ်ဝမှုတွေကို စုဆောင်းနေတာပါ။
၂၀၂၁နောက်ပိုင်းစစ်အုပ်စိုးမှုကိုဆန့်ကျင်တဲ့ တော်လှန်ရေးက အဲဒီစစ်အရင်းရှင်စနစ်ဆက်လက်ထိန်းသိမ်းဖို့ ပိုခက်ခဲသွားစေခဲ့တယ်။ စစ်အုပ်စုရဲ့ ခရိုနီတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပြည်သူလူထုရဲ့ သပိတ်မှောက်မှုကိုလည်း ခံနေရပါတယ်။ ဒါပေမယ့် အခု စစ်အစိုးရ ရင်ဆိုင်နေရတဲ့ ဖိအားတွေဟာ တော်လှန်ခုခံမှုတခုတည်းရဲ့ ရလဒ် မဟုတ်ပါဘူး။အဲဒါဟာ စစ်တပ်ရဲ့ကိုယ်ပိုင် အုပ်စိုးမှုဆိုး ရလဒ်လည်းဖြစ်ပါတယ်၊လွဲမှားတဲ့ စီးပွားရေး စီမံခန့်ခွဲမှုတွေ၊ ကျယ်ပြန့်လာတဲ့ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ ပြီးတော့ အရင်က အရင်းအမြစ်ထုတ်ယူမှုနဲ့ အခွင့်ထူးခံစနစ်တွေ မှီခိုနေရတဲ့ လူမှုအခြေအနေတွေအပေါ် ခေါင်းပုံဖြတ် ဖျက်ဆီးပစ်တာတွေကြောင့်ပါ။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားကြပါတယ်။ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ငွေကြေးတန်ဖိုးတွေ ထိုးကျသွားပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကလည်း ပိုပြီး လက်ရှောင်လာကြတယ်။ နယ်စပ်ဒေသနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကနေ ခေါင်းပုံဖြတ်ယူနိုင်တဲ့ စစ်အစိုးရရဲ့ ခေါင်းပုံဖြတ်နိုင်စွမ်းကလည်းအားနည်းသွားပါတယ်။စစ်အုပ်စုအတွက် ပြဿနာက အရင်းအမြစ်တွေ နည်းသွားတာ သက်သက်မဟုတ်ပါဘူး။အရင်ကရှိခဲ့တဲ့ အရင်းအမြစ်ထုတ်ယူမှုနဲ့ အခွင့်ထူးခံစနစ်ကို ပြန်ဖန်တီးဖို့ ပိုခက်လာတာပါ။
အဲဒီ ဖိအားကို ဒီစနစ်အပေါ် ကာလကြာရှည် မှီခိုနေခဲ့တဲ့ စစ်အရင်းရှင်အုပ်စုတခုလုံးက ခံစားနေရပါတယ်။ ဒီအုပ်စုကို ရှင်းရှင်းလင်းလင်း နာမည်တပ်ရပါမယ်။ ဒါဟာ ရိုးရှင်းတဲ့ ကြားနေ အီလိအုပ်စု သက်သက် မဟုတ်ပါဘူး။ အဲဒါဟာ စစ်ရေးကွပ်ကဲမှုနဲ့ အရင်းကို ပေါင်းစပ်ထားတဲ့ ခေါင်းပုံဖြတ်မဟာမိတ်အဖွဲ့ပါ။ သူတို့ရဲ့ အကျိုးအမြတ်တွေဆိုတာ မတရားသဖြင့် ငြင်းပယ်ခံထားရတဲ့ အခွင့်အရေးတွေ၊ ဖိနှိပ်ခံထားရတဲ့ သမဂ္ဂတွေ၊ သိမ်းဆည်းခံရတဲ့ မြေယာတွေ၊ စစ်ရေးအရ လွှမ်းမိုးထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ သယံဇာတထုတ်ယူခွင့်တွေ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ စာချုပ်တွေကို အသုံးချပြီး အလုပ်သမားတွေနဲ့ အရာရာဆုံးရှုံးထားတဲ့ လူတန်းစားတွေကို အမြဲတမ်း လက်အောက်ခံအဖြစ် သွတ်သွင်းထားမှုတွေအပေါ်မှာ မှီခိုနေပါတယ်။
ဒီလို မတရားသဖြင့် ခေါင်းပုံဖြတ် ချမ်းသာကြွယ်ဝမှုစုဆောင်းတာကို လုံခြုံစေတဲ့ နိုင်ငံရေး-စီးပွားရေးယန္တရားကို ကာကွယ်ပေးဖို့ကြိုးစားတဲ့ သမ္မတရာထူးဟာ အရေးပါနေတာပါ။ ဒါက ချမ်းသာကြွယ်ဝမှုကို အီလိအလွှာမှာ စုပုံ ထိန်းသိမ်းထားပြီး၊ အကျပ်အတည်းရဲ့ ကုန်ကျစရိတ်တွေကိုတော့ အောက်ခြေလူတန်းစားတွေဆီကို တွန်းချမယ့် မဟာဗျူဟာရဲ့ တစိတ်တပိုင်းပါပဲ။ စစ်ပွဲ၊ငွေကြေးဖောင်းပွမှု၊ နေရပ်စွန့်ခွာရမှု၊ အတင်းအဓမ္မ စစ်မှုထမ်းလူသစ်စုဆောင်းခံရမှု၊ အကြွေး၊ အိုးအိမ်စွန့်ခွာရမှုနဲ့ လူမှုပျက်စီးယိုယွင်းမှုတွေကို သာမန်ပြည်သူတွေကပဲ အများစု ခံစားနေရပါတယ်။ တချိန်တည်းမှာပဲ အုပ်စိုးသူအုပ်စုကတော့ သူတို့ရဲ့ အခွင့်ထူးတွေကို မပျက်မစီး ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို အောက်ခြေကို ဘုံပိုင် ခွဲဝေပေးလိုက်ပြီး၊ အကာအကွယ်ပေးမှုတွေကိုတော့ အထက်ပိုင်းအတွက် ပုဂ္ဂလိကပိုင် လုပ်ထားတာပါ။
ဒါဟာ အာဏာရှင်စနစ်သက်သက် မကပါဘူး။ လက်နက်ကိုင်အင်အားနဲ့ ဖွဲ့စည်းကာကွယ်ထားတဲ့ လူတန်းစား အုပ်စိုးရေးစနစ်ပါ။ ဒါကြောင့်မို့လို့ သမ္မတရာထူးဆိုတာ ပုဂ္ဂိုလ်ရေး ရှင်သန်ရေး (သို့မဟုတ်) အင်စတီကျူးရှင်း ပြန်လည်ဒီဇိုင်းထုတ်ရေးသက်သက် မကတော့ပါဘူး။ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုနဲ့ ကာလကြာရှည် လုံခြုံအောင် တည်ဆောက်ထားတဲ့ ခေါင်းပုံဖြတ်လူမှုစနစ်ကြီးကို ကာကွယ်ဖို့လည်း ဖြစ်နေပါတယ်။
●အသွင်ကူးပြောင်းရေး မဟုတ်ဘဲ အုပ်စိုးမှုကို ခဝါချပြီး ပြန်လည်ဖွဲ့စည်းမှု
အရေးအကြီးဆုံးက မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေတာပါပဲ။ မင်းအောင်လှိုင်က အရေးပါတဲ့နယ်ပယ်တိုင်းမှာ နောက်ကျောမလုံမှုတွေ ခံစားနေရတာကြောင့် သမ္မတရာထူးကို ဖက်တွယ်ထားပါတယ်။ဖက်ဆစ်စစ်တပ်ဟလည်း အင်စတီကျူးရှင်းတခုအနေနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ဟာ ကွပ်ကဲမှု၊ နယ်မြေ၊ တပ်တွင်းစည်းလုံးညီညွတ်မှု၊ တရားဝင်မှု၊ အရင်းအမြစ်တွေနဲ့ အုပ်စိုးမှုကို ပြန်လည်သက်ဝင်စေနိုင်စွမ်းတွေ ထပ်ပြီး တိုက်စားခံရမှာကို ရင်ဆိုင်နေရပါတယ်။ ပြီးတော့ စစ်အရင်းရှင်အုပ်စုကလည်း သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးထားတဲ့ စနစ်ကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု၊ အခွင့်ထူးခံမှု၊ အရင်းအမြစ်ထုတ်ယူမှုနဲ့ ပြစ်မှုတွေအတွက် အရေးယူဒဏ်ခတ်မခံရဘဲကင်းလွတ်ခွင့်ရနေမှုတွေကို ကာလကြာရှည် လုံခြုံစေခဲ့တဲ့ လူတန်းစားအုပ်ချုပ်ရေးယန္တရားကြီး အားနည်းသွားမှာကို ကြောက်နေကြပါတယ်။ ဒီအကျပ်အတည်းတွေကို ပေါင်းစပ်ထားတာကတော့ အာဏာကိုမစွန့်လွှတ်ဘဲ ဆုံးရှုံးကျဆင်းမှုကိုဟန့်တားဖို့ လိုအပ်ချက် တူညီနေကြတာကြောင့်ပါ။
အဲဒါက အာဏာရှင်ရဲ့ သမ္မတရာထူးနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စုက အခုလက်ရှိ ဖန်တီးကပြနေတဲ့ အတုအယောင် အသွင်ကူးပြောင်းရေးရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ပါပဲ။ ဒါဟာ စစ်တပ်ရဲ့ ကြီးစိုးမှုကနေ ခြေတလှမ်း ဆုတ်ခွာတာမဟုတ်ဘဲ ပုံစံသစ်တခုနဲ့ သူတို့ကိုယ်သူတို့ကယ်တင်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က စစ်အုပ်စိုးမှုကို ဖျက်သိမ်းဖို့မဟုတ်ဘဲ ပြန်လည်ထုပ်ပိုးဖို့၊ နိုင်ငံတော်ကို ဒီမိုကရေစီအသွင်ပြောင်းဖို့ မဟုတ်ဘဲ ထိန်းချုပ်မှုကို ပြန်လည်ဖွဲ့စည်းဖို့ပါ။ အာဏာကို စွန့်လွှတ်ဖို့ မဟုတ်ဘဲ ပိုရောင်းပန်းလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအခွံတခုနဲ့ ခဝါချပြီးအကာအကွယ်ပေးဖို့ပါ။
မင်းအောင်လှိုင်ဟာ တရားဝင်မှုအစစ်ကို နာလန်ပြန်မထူနိုင်၊ ပြန်မရနိုင်ပါဘူး။ ဖိနှိပ်မှုတွေကနေတဆင့် သဘောတူညီချက်ကို သူ မဖန်တီးနိုင်ဘူး။ ဒါပေမယ့် သူက တရားဝင်မှုရဲ့ အသွင်အပြင်ကို ဖန်တီးဖို့တော့ ကြိုးစားနိုင်ပါတယ်။ ဒီနေရာမှာ သမ္မတတွေ၊ လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေနဲ့ ဇာတ်တိုက်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ယန္တရားတွေအဖြစ် မဟုတ်ဘဲ နိုင်ငံရေးဇာတ်ခုံအဖြစ် အသုံးဝင်လာပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံရေးအရ ခဝါချဖို့ပါပဲ။
ဒါကြောင့်မို့လို့ အသွင်ကူးပြောင်းရေး ဆိုတဲ့ စကားလုံးကို ပယ်ချရပါမယ်။ ဘယ်လို အမှန်တကယ် အာဏာလွှဲပြောင်းမှုမှလည်း ဖြစ်မနေပါဘူး။ အခု ပုံမှန်အခြေအနေတရပ်လို ဖန်တီးနေတာဟာ ကြီးစိုးခြယ်လှယ်မှုပါပဲ။ ဒီကြီးစိုးခြယ်လှယ်မှုကို ဥပဒေ ပုံစံ အသစ်တခုပေးတယ်၊ လုပ်ထုံးလုပ်နည်းသစ်တွေနဲ့ ထုပ်ပိုးတယ်၊ ပြီးတော့ အသွင်ကူးပြောင်းရေးအဖြစ် ဈေးကွက်တင်ရောင်းချတာပါ။ မင်းအောင်လှိုင်အတွက် ပုဂ္ဂိုလ်ရေး အကာအကွယ်၊ စစ်တပ်အတွက် အင်စတီကျူးရှင်းဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုနဲ့ စစ်အရင်းရှင်အုပ်စုအတွက် လူတန်းစား ကာအကွယ်ဆိုတဲ့ ရှင်သန်ရပ်တည်ရေး ပုံစံသုံးမျိုးကို တပြိုင်နက်တည်း စုစည်းပေးထားတဲ့အတွက် သမ္မတရာထူးဟာ နိုင်ငံရေးအရ အရေးပါနေတာပါ။ ဒါ့အပြင် ဘယ်သူမှ ဒီအခင်းအကျင်းကို သဘောထားအလယ်အလတ်ကျင့်သုံမှုလို့လည်း အထင်မလွဲသင့်ပါဘူး။ အခု စစ်အုပ်စု ရှာဖွေနေတာက ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သို့မဟုတ် အာဏာရှင်အုပ်ချုပ်ရေးကနေ ထွက်ခွာရေး မဟုတ်ပါဘူး။
အချုပ်အခြာအာဏာပိုင် မျက်နှာဖုံးအသစ်တခုအောက်မှာ စစ်အရင်းရှင်အုပ်စိုးမှုကို ပြန်လည်ဖွဲ့စည်းရုံပါ။ အဓိက ယုတ္တိဗေဒက အတူတူပါပဲ၊ အထက်မှာ ပြစ်မှုတွေအတွက် ဒဏ်ခတ်မခံရဘဲ လွတ်နေမှု၊ အောက်မှာ ဖိနှိပ်မှု၊ အထက်မှာ အခွင့်ထူးခံမှု၊ အောက်မှာ ပျက်စီးဆုံးရှုံးမှု၊ အထက်မှာ အခမ်းအနားတွေ၊ အောက်မှာ နိုင်ထက်စီးနင်းအုပ်ချုပ်မှုတွေပါ။ မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးကို စွန့်လွှတ်ဖို့ သမ္မတရာထူးကို ဖက်တွယ်နေတာ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုက သူ့အကျပ်အတည်းကနေ လွတ်မြောက်ပြီး ပုံစံသစ်နဲ့ ပြန်လည်ပေါ်ပေါက်လာဖို့နဲ့ သူ့ကို တည်ဆောက်ခဲ့သူတွေကို (အထူးသဖြင့် သူ့ကိုယ်သူ) ဆက်ပြီး ကာကွယ်နိုင်ဖို့အတွက် ဒီရာထူးကို ဖက်တွယ်နေတာ ဖြစ်ပါတယ်။ ။
(ဆောင်းပါးရှင် ငြိမ်းငြိမ်းပြည့်ဟာ သတင်းထောက်၊ အရပ်ဘက်အခွင့်အရေးနဲ့ လူမှုတရားမျှတရေး ရပ်တည်လှုပ်ရှားသူတဦး ဖြစ်ပါတယ်။)





















































