ဇူလိုင်-၂၄၊၂၀၂၅။ထားမြတ်/People’s Spring
လက်ရှိဖြစ်ပေါ်နေသောထိုင်း နှင့် ကမ္ဘောဒီးယားစစ်ရေးအခြေအနေတင်းမာမှုများကြောင့် နယ်စပ်ဒေသများ၌ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ လုံခြုံဘေးကင်းရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိပေးထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်း နှင့် ကမ္ဘောဒီးယားတို့ဇူလိုင် ၂၄ရက် မနက်တွင်တိုက်ပွဲစတင်ဖြစ်ပွားရာ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နယ်စပ်ရောက် မြန်မာများအတွက် ကနဦး သတိပေး ချက်အကြံပြုချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဒေါ်ဇင်မာအောင်၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသတွင် ရောက်ရှိခိုလှုံနေသူများ၊ ခရီးသွားလာသူ မြန်မာနိုင်ငံသားများ မိမိရောက်ရှိနေသည့်သက်ဆိုင်ရာနိုင်ငံလုံခြုံရေးတာဝန်ရှိသူများ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန် အကြံပြုထားသည်။

Public Service Announcement
“နှစ်နိုင်ငံ တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုများရှိလာပြီးဖြစ်ပါသဖြင့်တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ဒေသများမှ ရှောင်ရှားကြရန် နှင့် ဆိုရှယ်မီဒီယာတွင်ထိုင်းနှင့်ကမ္ဘောဒီးယားပဋိပက္ခ ကို ပိုမို ဆိုးရွားစေမည့် ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းများ သတိထားရှောင်ကျဉ်ကြရန်၊ ထိုင်းလူမျိူး ၊မြန်မာလူမျိူး နှင့် ကမ္ဘောဒီးယားလူမျိူးများသည်လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင်နေကြပါသဖြင့် ဂရုတစိုက် သတိနှင့် နေထိုင်ကြပါရန် ကနဦး သတိပေး နှိုးဆော် အပ်ပါသည်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ထုတ်ပြန်သည်။
NUG၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအတွက် လုံခြုံရေးဆိုင်ရာ အကြံပြုချက်ကို ဖော်ပြထားရာ တိုက်ပွဲဖြစ်ပွားရာနေရာများကို ရှောင်ရှားရန်၊ သွားလာရမည့် ပတ်ဝန်းကျင်ကို ဆန်းစစ်ပြီး ပေါက်ကွဲနိုင်သည့် ပစ္စည်းများ ရှိနိုင်သည်ကို သတိပြုရန်၊ မိသားစုအတွင်းလိုက်နာရမည့် လုံခြုံရေး အစီအမံများနှင့် အရေးပေါ် ပြောင်းရွှေ့ရမည့် နည်းလမ်းကို မိသားစုဝင်အားလုံးကို အသိပေးရန် အကြံပြုထားသည်။
ထို့အပြင်ပစ်ခတ်နေချိန် ပိတ်မိနေပါကအကာအကွယ်ရှာနေထိုင်ရန်၊ အကာအကွယ်မရှိပါက မြေနိမ့်ရာ နေရာ၌ ဝပ်နေရန်၊တုန်ခါပေါက်ကွဲမှုကြောင့် နားစည်ထိခိုက် နိုင်၍ ခေါင်းကို လက်ဖဝါးနှင့် အုပ်၊ နားကို လက်ဖျံဖြင့် ပိတ်၊ တံတောင်ကို မြေတွင် ထောက်ပြီး ရင်ဘတ်နှင့် မြေကြီး ခွာထား၍ မှောက်နေရန်၊ ပါးစပ်ကို အနည်းငယ် ဟထားရန် အကြံပြုထားသည်။ လေကြောင်း တိုက်ခိုက်ချိန်တွင် ကြောက်လန့်တကြား ထွက်ပြေးခြင်း၊ ဗီဒီယို ရိုက်ကူးခြင်း၊ မာကျောသော နံရံများကို မှီနေခြင်း၊ မြေကြီးတွင် ခေါင်းကို ကပ်ထားခြင်း မပြုလုပ်ရန် သတိပေးထားပြီးမှန်များ၊တုန်ခါမှုကြောင့် ပေါက်ကွဲနိုင်သည့် အရာများ အနီးတွင်မနေရန်အကြံပြုထားသည်။
“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေရဲ့ရေမြေအနေအထားနဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး တစ်ဦးချင်းစီရဲ့ ရင်ဆိုင်တုံ့ပြန်မှုကလည်း ကွဲပြားနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဖြစ်လာနိုင်တဲ့အန္တရာယ်ကို ကြိုတင်သတိရှိပြီးပြင်ဆင်ဆောင်ရွက်ကြဖို့ အင်မတန်အရေးကြီးပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသအသီးသီးက တိုင်းရင်းသား ညီကိုမောင်နှမတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် တနည်းနည်းနဲ့ အထောက်အကူပြုနိုင်ဖို့ မျှဝေပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါတယ်”ဟု လူသားစာနာ နှင့် ဘေးစီမံ ဝန်ကြီးဌာနက ထုတ်ပြန်သည်။
























































