ကွဲပြားတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ရောစပ် ထိုးနှံခြင်းဟာ ဘေးဥပါဒ် မရှိဘဲ ရောဂါ ကာကွယ်နိုင်စွမ်း Antibodyကိုတောင် ပိုမို မြှင့်တင်နိုင်ဖွယ် ရှိနေကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက သုတေသန အဖွဲ့တစ်ခုဟာ မတူညီတဲ့ ကာကွယ်ဆေးတွေကို ရောစပ် ထိုးနှံပေးပြီး အကျိုးအပြစ်တွေကို စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။ အကျိုးရလဒ် အနေနဲ့ ပိုပြီး ထိရောက်တဲ့ Antibody လှုံ့ဆော်မှုမျိုး ရှိလာတာကို တွေ့ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒီလေ့လာမှုမှာ ကနဦးအဆင့်အဖြစ် အခြေခံ ထုတ်လုပ်မှု နည်းပညာ မတူညီတဲ့ ကာကွယ်ဆေးတွေ ရောစပ် ထိုးနှံပေးခဲ့ပါတယ်။ ဥပမာ Adenoviral Vector နည်းပညာ သုံးထားတဲ့ AstraZenecaရဲ့ ကာကွယ်ဆေးကို mRNA နည်းပညာနဲ့ ဖော်စပ်ထားတဲ့ Pfizer ကာကွယ်ဆေးနဲ့ တွဲထိုးပေးတားမျိုး ဖြစ်ပါတယ်။ နောက်ပြီး Modernaရဲ့ ကာကွယ်ဆေးကို Novavaxရဲ့ ဆေးနဲ့ တွဲထိုးပေးတာမျိုးတွေလည်း ရှိပါတယ်။ စမ်းသပ်မှုမှာ ဆန္ဒအလျောက် ပါဝင်သူ ၁၀၇၉ ဦးက ကာကွယ်ဆေး အတွဲအစပ်တွေကို ကြုံသလို ရွေးချယ်ပြီး ထိုးနှံ ခံခဲ့ကြတာပါ။
စောင့်ကြည့် လေ့လာမှုတွေအရ ဆေးအရောတွေ ထိုးနှံစေခြင်းကြောင့် ဘယ်လို သိသာထင်ရှားတဲ့ ဆိုးကျိုး သက်ရောက်မှုမှ မတွေ့ရဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ Moderna၊ Pfizerနဲ့ AstreZenecaဆေးတွေကို သတ်မှတ် အချိုးအစား တစ်ခုနဲ့ ရောစပ် ထိုးနှံထားသူ တချို့မှာ ရောဂါ ကာကွယ်နိုင်စွမ်း Antibodyက ဆေးတစ်မျိုးတည်း ထိုးထားသူတွေထက် သိသိသာသာ လှုံ့ဆော်နိုင်စွမ်း ပိုမြင့်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ AstraZenecaရဲ့ ဆေးကို Novavaxရဲ့ ဆေးနဲ့ တွဲဖက်ပေးတဲ့ အခါမှာလည်း ရောဂါ ကာကွယ်မှု ဒုတိယ တံတိုင်းလို့ ဆိုရမယ့် T-Cellတွေ ထုတ်လုပ်မှုကို မြှင့်တင်ပေးတာ တွေ့ရှိရကြောင်း သုတေသီတွေက ဆိုပါတယ်။ ပညာရှင်တွေက ဘယ်ကာကွယ်ဆေးတွေကို ဘယ်လောက် အချိုးအစားနဲ့ ပေါင်းစပ်ပေးလိုက်တာက အထိရောက်ဆုံး ရောဂါ ကာကွယ်နိုင်စွမ်းမျိုး ရရှိစေသလဲ ဆိုတာကို ဆက်လက် လေ့လာနေဆဲပါ။
ဒါ့အပြင် ကိုဗစ်ရောဂါ ရှိမရှိကို တံတွေးနဲ့ သလိပ်ကနေ စစ်ဆေးနိုင်မယ့် နည်းပညာ တစ်မျိုးကလည်း အတော်လေး အောင်မြင်နေပြီလို့ သိရပါတယ်။ တံတွေးနဲ့ သလိပ်ကို စစ်တဲ့ ရလဒ်တွေဟာ လက်ရှိ သုံးစွဲနေတဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ယူပြီး စစ်တဲ့ နည်းလမ်းမျိုးနီးပါး ရလဒ်အဖြေ တိကျတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေ အနေနဲ့ တောင်အာဖရိက နိုင်ငံမှာ အသစ်တွေ့ရှိထားပြီး ကမ္ဘာ့နိုင်ငံ အချို့ကို ပျံ့နှံ့ ရောက်ရှိနေတဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်နဲ့ ပတ်သက်လို့လည်း ပိုပြီး ထဲထဲဝင်ဝင် ဆန်းစစ် လေ့လာမှုတွေ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
