လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်နဲ့ မကျေပွဲ နွှဲချင်သေးတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
ဘိုင်ဒန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတဟောင်း ထရမ့်ကို အနိုင်ယူပြီး အမေရိကန် သမ္မတ ရာထူးကို ရယူနိုင်ခဲ့တာပါ။ ထရမ့်ဟာ သမ္မတအဖြစ် ၄ နှစ်သက်တမ်း တစ်ကြိမ်သာ တာဝန်ယူရသေးတာကြောင့် ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲ ဝင်ရောက်ခွင့် ရှိနေဆဲပါ။
၂၀၂၄ ခုနှစ်မှာ နောက်ထပ် အမေရိကန် ရွေးကောက်ပွဲ ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ထရမ့်က ရွေးချယ်ခံရမလား ဆိုတာကို လေ့လာသူတွေက စောင့်ကြည့်နေပါတယ်။ ထရမ့် လက်ထက်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒက အငြင်းပွားစရာတွေ များခဲ့ပေမယ့် သူ့ကို အခိုင်အမာ ထောက်ခံတဲ့ အင်အားစုကလည်း ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ NATO မဟာမိတ် အဖွဲ့ရဲ့ ညီလာခံ တစ်ခုကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့အချိန် ဘိုင်ဒန်က ၂၀၂၄ မှာ သူသာ ထရမ့်နဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ရမယ်ဆိုရင် ကံကောင်းတယ်လို့ မှတ်ယူမိမှာဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

Public Service Announcement
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဘိုင်ဒန်ဟာ ထရမ့်ထက် မဲအရေအတွက် ၄ ရာခိုင်နှုန်း ပိုသာပြီး ရွေးကောက်ခံ ကိုယ်စားလှယ် နေရာ ၇၄ ခု အသာစီး အခြေအဆနေနဲ့ အနိုင်ရခဲ့ပါတယ်။ ထရမ့်ဟာ ၂၀၁၆ ခုနှစ်တုန်းက ရွေးကောက်ခံ ကိုယ်စားလှယ် နေရာမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ထက် ၇၇ နေရာ အသာစီးရပြီး နိုင်ခဲ့ပေမယ့် စုစုပေါင်း မဲအရေအတွက်ကျတော့ ကလင်တန်ထက် ၂ ရာခိုင်နှုန်း ပိုနည်းခဲ့ပါတယ်။
ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ပြီး မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲခဲ့တာကြောင့် နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။


















































