Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Covid-19 လူနာဟောင်းတချို့ နောက်ဆက်တွဲ လက္ခဏာတွေ နှစ်နဲ့ချီ စွဲမြဲ ခံစားရနိုင်

Covid-19 လူနာဟောင်းတွေဟာ ရောဂါရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို နှစ်နဲ့ချီ စွဲမြဲ ခံစားရတာမျိုး ဖြစ်နိုင်ကြောင်း တရုတ် သုတေသီတွေက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ဆေးရုံတက်ရတဲ့ လူနာတွေမှာ ဒီလို ဖြစ်နိုင်ခြေမျိုးက ပိုမို မြင့်မားနေတတ်ကြောင်း တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသန စစ်တမ်း တစ်ခုက အဖြေထွက်ခဲ့ပါတယ်။ Covid-19 ရောဂါ ခံစားရသူတွေမှာ နောက်ဆက်တွဲအဖြစ် မောပန်းတာ၊ အသက်ရှူရ ခက်ခဲတာမျိုး လက္ခဏာတွေကို ကြုံရတတ်ပါတယ်။ ဒီလက္ခဏာတွေက နှစ်လ၊ သုံးလလောက်ထိ ကြာမြင့်လေ့ ရှိတတ်ပါတယ်။

ဒါပေမဲ့ တရုတ်မှာ ပြုလုပ်တဲ့ သုတေသန စစ်တမ်းအရ လူနာဟောင်း တချို့ဟာ တစ်နှစ်ကျော် ကြာလာတဲ့ထိ ဒီလို ပြဿနာတွေနဲ့ ရုန်းကန်နေရဆဲလို့ အတည်ပြု တွေ့ရှိခဲ့ပါတယ်။ ရောဂါ ပြင်းပြင်း ခံစားခဲ့ရလေလေ၊ ဒီလို ရေရှည် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရဖို့ ဖြစ်နိုင်ခြေ များလေလေလို့လည်း ပညာရှင်တွေက ပြောပါတယ်။ အဲဒီ တွေ့ရှိချက်ကို Lancet ဆေးပညာ ဂျာနယ်မှာလည်း ဖော်ပြခဲ့ပါတယ်။

သုတေသီတွေက ဝူဟန်မြို့မှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက မေလအတွင်း ရောဂါကူးစက်ပြီး ဆေးရုံတက်ခဲ့ရသူ ၁၃၀၀ လောက်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေကို လေ့လာခဲ့ကြတာပါ။ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ၆ လမပြည့်ခင် ပျောက်ကွယ်သွားသူ ၆၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၂ လ မပြည့်ခင် ပျောက်ကွယ်သွားသူ ၄၉ ရာခိုင်နှုန်းလောက်ထိ များပြားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ အချိန်အပိုင်းအခြားကို ကျော်လွန်ပြီး နောက်ဆက်တွဲ လက္ခဏာ တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်မက ခံစားရသူတွေလည်း တော်တော်များများ ရှိနေပါတယ်။ နောက်ပြီး Covid-19 နောက်ဆက်တွဲအဖြစ် ကြွက်သားတွေ ကိုက်ခဲနာကျင်တာ၊ အသက်ရှူရ ခက်ခဲတာ၊ မောပန်းနွမ်းနယ်တာတွေ ရေရှည် စားရတာက အမျိုးသားတွေနဲ့ ယှဉ်ရင် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ၄၃ ရာခိုင်နှုန်းလောက် ပိုများကြောင်း သိရပါတယ်။ Covid-19 နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ စိတ်မတည်မငြိမ်ဖြစ်တာ၊ စိတ်ဖိစီးတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလေ့လာမှုဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပေမယ့် Covid-19နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေအတွက် ရေရှည် ကူညီထောက်ပံ့မှုတွေ လိုအပ်တယ်ဆိုတာ ညွှန်ပြနေကြောင်း Lancetမှာ ဖော်ပြထားပါတယ်။ Covid-19 နောက်ဆက်တွဲ လက္ခဏာတွေဟာ ဆေးပညာ ကဏ္ဍရဲ့ ခေတ်သစ် စိန်ခေါ်မှု တစ်ခု ဖြစ်လာပြီလို့လည်း ဂျာနယ် အယ်ဒီတာက သုံးသပ်ထားပါတယ်။ Covid-19 ကူးစက် ခံရပြီး ရောဂါ ပျောက်သွားရင်တောင် နောက်ဆက်တွဲ အခြေအနေတွေအတွက် ကူညီကုစားပေးဖို့ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေ၊ ပိုမိုပြည့်စုံတဲ့ သုတေသနပြု လေ့လာမှုတွေ လိုအပ်နေပြီလို့လည်း ဂျာနယ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။