နယူးဇီလန် နိုင်ငံမှာ မြို့တော်ကောင်စီရဲ့ တရားဝင် ရာထူးခန့်အပ် ခံထားရတဲ့ စုန်းကဝေ အမျိုးသားဟာ အလုပ်ပြုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ခရစ္စချတ်ချ်မြို့ရဲ့ မြို့တော်ကောင်စီက အီယန် ဘရက်ကန်ဘူရီ ချန်နဲလ်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော် ကတည်းက မြို့ရဲ့ ဂုဏ်ထူးဆောင် စုန်းကဝေအဖြစ် ရာထူး ခန့်အပ်ထားခဲ့တာပါ။ ခရစ္စချတ်ချ်ကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကတော့ သူ့ကို နယူးဇီလန်ရဲ့ တရားဝင် စုန်းကဝေလို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။ အခုတော့ မြို့တော်ကောင်စီက သူ့ကို ဆက်ပြီး အလိုမရှိတော့ပါဘူး။
လွန်ခဲ့တဲ့ ၂၃ နှစ်တာအတွင်း ချန်နဲလ်ဟာ တစ်နှစ်ကို နယူးဇီလန်ဒေါ်လာ ၁၆၀၀၀ လောက် ပျမ်းမျှလစာ ရရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၁၁၀၀၀ ကျော်လောက်နဲ့ ညီမျှပါတယ်။ ၂၃ နှစ်အတွင်း သူ့ကို မြို့တော်ကောင်စီက အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ ဖိုးလောက် လစာပေးချေခဲ့တဲ့ သဘောပါပဲ။
ချန်နဲလ်ဟာ လန်ဒန်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၇၄ လောက်က ခရစ္စချတ်ချ်မြို့လယ် ရင်ပြင်မှာ သူ့ရဲ့ စုန်းကဝေ ပညာရပ်တွေအကြောင်း ပြောဆိုရင်း လူသိများလာပါတယ်။ သူဟာ မြို့ရဲ့ ဂုဏ်ထူးဆောင် စုန်းကဝေ ရာထူးကို ရယူထားချိန် အတောအတွင်း မိုးခေါင်တဲ့အခါ မိုးခေါ်ပေးတာမျိုး ဝန်ဆောင်မှုတွေ လုပ်ကိုင်ပေးခဲ့ပါတယ်။

Public Service Announcement
အခုတော့ မြို့တော်ကောင်စီက သူ့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နှစ်ပေါင်းများစွာ အမှုထမ်းလာပေးခဲ့တဲ့ ချန်နဲလ်ကို ကျေးဇူးတင်ကြောင်း၊ စုန်းအတတ်ပညာတွေကို ယုံကြည်လေးစားခြင်းဟာ မြို့ရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းတွေကို ထိန်းသိမ်းတဲ့ သဘောလည်း ဆောင်နေကြောင်း မြို့တော်ကောင်စီက ကြေညာပါတယ်။ သူ့ကို ဘာကြောင့် အလုပ်ထုတ်လိုက်သလဲ ဆိုတာကိုတော့ ကောင်စီက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
နောက်ပိုင်းနှစ်တွေမှာ ချန်နဲလ်ဟာ မြို့ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးတက်ရေးအတွက် ပါဝင် ကူညီခဲ့ပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်ခဲ့ပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ကောင်စီနဲ့ သူ့ကြားမှာ အယူအဆ ကွဲလွဲမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။
