ကာကွယ်ဆေးတွေ ထိုးသွင်းလိုက်တဲ့အခါ ရက်ပိုင်းလောက် အကြာမှာ Antibodyနဲ့ Memory B Cellတွေကို ခန္ဓာကိုယ်က ထုတ်ပေးအောင် လှုံ့ဆော်ပေးပါတယ်။ များသောအားဖြင့် ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ Antibodyက အလုံးအရင်း ထွက်ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။ အဲဒီ Antibodyဟာ လပိုင်းလောက် အကြာမှာ အားပျော့ ပျောက်ကွယ်သွားပေမယ့် အကျိုးသက်ရောက်မှု ရေရှည် တည်မြဲအောင် memory B Cellတွေက ဆက်ပြီး ထိန်းသိမ်းပေးထားလေ့ ရှိပါတယ်။
ဒါပေမဲ့ လူတိုင်းမှာ Memory B Cellတွေက ညီတူမျှတူ ထွက်ပေါ်တာ မဟုတ်ကြောင်း Rockefeller တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန စစ်တမ်း တစ်ရပ်က ညွှန်ပြနေပါတယ်။ ကာကွယ်ဆေး ထိုးပြီးကာစမှာ ဖြစ်စေ၊ ရောဂါ ကူးစက်ခံရပြီး ပြန်လည် သက်သာသွားချိန်မှာဖြစ်စေ Antibody ပမာဏ အများအပြားကို ခန္ဓာကိုယ်က လှုံ့ဆော်ပေးပါတယ်။ အဲဒီ Antibody နိုးကြားမှုက လပိုင်းလောက်ကြာရင် ငြိမ်သက်သွားပြီး ကာကွယ်ဆေးကြောင့် ရထားတဲ့ Memory B Cellနဲ့ ရောဂါ ကူးစက်မှုကို တွန်းလှန်ဖို့ ထွက်ပေါ်လာတဲ့ Memory B Cellတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။
ဖြစ်စဉ် အများစုကို လေ့လာရာမှာ ရောဂါ ကူးစက်ခံရလို့ ခန္ဓာကိုယ်က ထုတ်ပေးလိုက်တဲ့ Memory B Cellတွေဟာ နောက်ထပ် မျိုးတူ ဆဲလ်အသစ်တွေ ပိုမို မွေးဖွားနိုင်သလို မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ ထိုးနှက်မှုကို တွန်းလှန်ရာမှာလည်း ပိုမို အစွမ်းထက်ကြောင်း သုတေသီတွေက ပြောပါတယ်။ ဒီလေ့လာ တွေ့ရှိချက် အသေးစိတ်ကို Nature ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
သုတေသန ရလဒ်တွေက သဘာဝ ကိုယ်ခံအားဟာ ကာကွယ်ဆေးထက် ပိုပြီး အားကိုးထိုက်တယ်ဆိုတဲ့ သဘောမျိုးဆီ ညွှန်ပြနေပေမယ့် ကာကွယ်ဆေး မထိုးသင့်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ လုံးဝ မဟုတ်ကြောင်း Rockefellerရဲ့ ဓာတ်ခွဲ သုတေသနဌာန အကြီးအကဲ ပရော်ဖက်ဆာ ရဲ့လ်ဖ် စတိန်းမန်းက ဆိုပါတယ်။ ကာကွယ်ဆေးတွေဟာ ရောဂါကြောင့် အပြင်းအထန် ဖျားနာတာ၊ သေဆုံးတာတွေ ဖြစ်နိုင်ခြေကို ကာကွယ် တားဆီးဖို့ အရေးအကြီးဆုံး ခံစစ်ကြောင်း ပြင်ဆင်မှု တစ်ခုလို့ သူက ပြောပါတယ်။
အခု လေ့လာမှုမှာ သုတေသီတွေက Memory B Cellတွေရဲ့ ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို အဓိကထား ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ mRNA နည်းပညာသုံး ကာကွယ်ဆေး ထိုးထားပြီး ကိုဗစ် တစ်ခါမှ မကူးဖူးသူတွေနဲ့ ကိုဗစ် ဖြစ်ဖူးပြီး ကာကွယ်ဆေး မထိုးဖူးတဲ့ သူတွေရဲ့ သွေးရည်ကြည် နမူနာတွေက Memory B Cell အပြောင်းအလဲတွေကို သုတေသီတွေက အထူးပြု လေ့လာခဲ့ကြပါတယ်။
အစောပိုင်းမှာ အဲဒီ သွေးရည်ကြည် အမျိုးအစားတွေရဲ့ Antibody လှုံ့ဆော်မှုက သိပ်ကြီးကြီးမားမား မကွာခြားလှပေမယ့် လတွေ တော်တော် ကြာလာတဲ့အခါ ရောဂါ ဖြစ်ဖူးသူတွေ ရထားတဲ့ Memory B Cellက အခြေအနေနဲ့ လိုက်လျောညီထွေ ပိုမို ဆင့်ကဲ ပြောင်းလဲနိုင်စွမ်း ရှိနေကြောင်း ဓာတ်ခွဲ ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ ရောဂါ အခြေအနေ ပြင်းထန်လေ၊ ထွက်ပေါ်လာတဲ့ Antibodyနဲ့ Memory B Cell လှုံ့ဆော်မှုက ပိုမို ထင်ရှား ထိရောက်လေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခု တွေ့ရှိချက်ဟာ ကာကွယ်ဆေး Booster ထပ်ထိုးသင့်၊ မထိုးသင့် စဉ်းစား ဆုံးဖြတ်မှုတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ပရော်ဖက်ဆာ စတိန်းမန်းက ဆိုပါတယ်။ ပုံမှန် ဆိုရင်တော့ ၆ လကနေ ၁၈ လအတွင်း သင့်တော်သလို Booster ထပ်ထိုးသင့်ပေမယ့် ရောဂါ အပြင်းအထန် ဖြစ်ဖူးသူတွေကတော့ နှစ်နဲ့ချီပြီး Booster ထပ်ထိုးစရာ မလိုတာမျိုး ဖြစ်နိုင်ကြောင်း သူက ပြောကြားသွားပါတယ်။