Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျင်းပြုတ်ရည်တွေ၊ တိုင်းရင်းဆေးတွေ အားကိုးပြီး ကပ်ရောဂါကို ခုခံနေရတဲ့ မြောက်ကိုရီးယား ပြည်သူတွေ

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေဟာ အကိုက်အခဲ ပျောက်ဆေးတွေ၊ ဂျင်းပြုတ်ရည်တွေ၊ ရေနွေးကြမ်းတွေ၊ ဆားငန်ရည်တွေ၊ တိုင်းရင်းဆေးဝါးတွေကို အားကိုးပြီး ဆိုးရွားလှတဲ့ ကိုဗစ် ကပ်ရောဂါကြီးကို ရင်ဆိုင် တွန်းလှန်နေကြရပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ စတင် ဖြစ်ပေါ်နေကြောင်း ပထမဆုံးအကြိမ် အတည်ပြု ဝန်ခံခဲ့ပြီး တစ်ပတ် အကြာမှာပဲ ဖျားနာသူ ၂ သန်းကျော်ထိ ရှိလာကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။ လက်တွေ့မှာတော့ အခြေအနေတွေက ဒီထက် ဆိုးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်မှုတွေ စတင်ခဲ့ချိန် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကစလို့ နယ်စပ်ကို ပိတ်ပစ်ခဲ့သလို နိုင်ငံတကာက ဆေးဝါး ထောက်ပံ့မှုတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကလည်း အရမ်း အားနည်းနေပြန်ပါတယ်။ နောက်ပြီး မြောက်ကိုရီးယားဟာ ကိုဗစ် ကာကွယ်ဆေးတွေ တရားဝင် လမ်းကြောင်းကနေ တင်သွင်းခွင့် မပြုတဲ့ နောက်ဆုံးလက်ကျန် ကမ္ဘာ့နိုင်ငံ နှစ်ခုထဲမှာလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ကပ်ရောဂါဆိုးကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာတဲ့အခါ မြောက်ကိုရီးယား ပြည်သူတွေ အနေနဲ့ ထိရောက်တဲ့ ကုထုံးတွေ၊ ကာကွယ်ဆေးတွေကို အသုံးပြုခွင့် မရတော့ဘဲ ဆေးမြီးတိုတွေကိုသာ အားကိုးနေရတာ ဖြစ်ပါတယ်။ ဆားငန်ရည် ငုံပြီး အာလုတ်ကျင်းဖို့၊ ရေနွေးကြမ်းနဲ့ ဂျင်းပြုတ်ရည် ပူပူတွေ များများ သောက်ကြဖို့ အစိုးရပိုင် ရိုဒွန် ဆင်မ်နွန် သတင်းဌာနက တိုက်တွန်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပညာရှင်တွေကတော့ ပူနွေးတဲ့ အရည်တွေ များများ သောက်တာက ကိုဗစ်ရောဂါကို အမှန်တကယ် မသက်သာစေပေမယ့် ကိုဗစ်ကြောင့် ဖြစ်ပွားတဲ့ လက္ခဏာ တချို့ကိုတော့ လျော့ပါးသွားစေကြောင်း၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးမှုကို သာမန်ထက် မြန်ဆန်သွားစေကြောင်း သတိပေးထားပါတယ်။

ဒါ့အပြင် ဆားငန်ရည်နဲ့ ပလုပ်ကျင်းလို့ အဆင်ပြေအောင် ပြုံယမ်းမြို့တော်ဆီ တန်ချိန် ထောင်နဲ့ချီ များပြားတဲ့ ဆားတွေ တင်ပို့ပေးထားတယ်လို့လည်း အစိုးရ မီဒီယာက ဖော်ပြထားပါတယ်။ နောက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာနတွေကလည်း သာမန် အဖျားပျောက်ဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေဟာ ရောဂါ ကုသရာမှာ ထိရောက် အသုံးဝင်တယ်လို့ ထုတ်လွှင့်နေကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ထားတဲ့ သုတေသန ရလဒ်တွေအရ ဒီဆေးတွေဟာ ကိုဗစ်ရောဂါအပေါ် ထိရောက်တဲ့ အာနိသင်မျိုးနဲ့ တုံ့ပြန်နိုင်တာ မရှိပါဘူး။

မြောက်ကိုရီးယားဟာ ကိုဗစ် ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေထဲမှာ ကူးစက်နှုန်း အမြင့်ဆုံးလို့ ဆိုရမယ့် Omicronရဲ့ ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေဟာ အစိုးရ မီဒီယာတွေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အရမ်း မများပြားသေးဘူးလို့ ဆိုနိုင်ပေမယ့် အချက်အလက်ပိုင်း ဘယ်လောက်ထိ ယုံကြည် စိတ်ချရသလဲ ဆိုတာကတော့ ဆန်းစစ်ဖို့ ခက်ခဲနေဆဲပါ။

တောင်ကိုရီးယားဖက်ကို ထွက်ပြေး ခိုလှုံလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေက ပြည်တွင်းမှာ ဆေးဝါး ဝယ်ယူခွင့် ကန့်သတ်ချက် အရမ်းကြီးမားလွန်းကြောင်း တညီတညွတ်တည်း စွပ်စွဲ ပြောဆိုထားကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေကတော့ အခုအချိန်မှာ ဆေးဝါး ထုတ်လုပ်နိုင်စွမ်းကို ပိုမို မြှင့်တင်လာနိုင်ပြီလို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။