Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်မှုကို တရားဝင် ခွင့်ပြု

အရင်ကတည်းက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ ပြည်ပဝင်ငွေ အမြောက်အမြား ရှာဖွေနေတဲ့ ထိုင်းနိုင်ငံဟာ အခုဆိုရင် နိုင်ငံတကာက ဆေးခြောက် နှစ်ခြိုက်သူတွေကိုပါ ပိုမို ဆွဲဆောင်နိုင်ဖို့ ခြေလှမ်းပြင်လာတဲ့ သဘောပါပဲ။

ထိုင်းမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်မှုကို တရားဝင် ခွင့်ပြု
ထိုင်းမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်မှုကို တရားဝင် ခွင့်ပြု

ထိုင်းနိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှုတွေကို တရားဝင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဆေးခြောက်ကို တရားဝင် ကိုင်ဆောင် အသုံးပြုခွင့်ရဖို့ နှစ်ရှည်လများ တောင်းဆိုခဲ့သူတွေအတွက် မဟာအောင်ပွဲ တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဇွန်လ ၉ ရက်ကစပြီး ဆေးခြောက် စိုက်ပျိုး ထုတ်လုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေ အားလုံး တရားဝင် ဖြစ်လာပြီလို့ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နောက်တစ်နေ့မှာ ဆေးခြောက်မျိုးစေ့ ၁ သန်းကိုလည်း ဌာနက ဖြန့်ဝေပေးသွားမယ်လို့ ပြောပါတယ်။

အရင်ကတည်းက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ ပြည်ပဝင်ငွေ အမြောက်အမြား ရှာဖွေနေတဲ့ ထိုင်းနိုင်ငံဟာ အခုဆိုရင် နိုင်ငံတကာက ဆေးခြောက် နှစ်ခြိုက်သူတွေကိုပါ ပိုမို ဆွဲဆောင်နိုင်ဖို့ ခြေလှမ်းပြင်လာတဲ့ သဘောပါပဲ။

ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါး စီမံ ကွပ်ကဲရေး ဌာနက ဆေးခြောက်ကို တားမြစ် မူးယစ်ဆေးဝါး အဆင့်မှာ ထည့်သွင်း သတ်မှတ်ထားမှု အားလုံးနီးပါးကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အရင်ကတည်းက ထိုင်းဟာ ဆေးခြောက်ကို ဆေးဝါး ကုသမှုနဲ့ ကုန်ထုတ် လုပ်ငန်းတွေမှာ တရားဝင် အသုံးပြုခွင့် ပေးခဲ့တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ ကနေဒါနဲ့ ဥရုဂွေး နိုင်ငံတွေမှာလိုမျိုး စိတ်အပန်းဖြေတဲ့ မူးယစ်ဆေး အဆင့်မျိုးနဲ့ တရားဝင် အသုံးပြုခွင့် ပေးလိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးဖြစ်ဝါးဖြစ် အသုံးပြုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာ ဆေးခြောက်ပင် စိုက်ထားရင်လည်း ရဲတွေက တစ်စုံတရာ အရေးယူတာမျိုး မရှိကြောင်း သိရပါတယ်။

မူးယစ်ဆေး အနေနဲ့ ဆေးခြောက်ကို အသုံးပြုခွှင့် ပေးလိုက်တယ်လို့ နားလည်မှု မလွဲစေချင်ကြောင်း၊ လက်ရှိ ဥပဒေတွေ အရလည်း ဆေးခြောက်ကို အကျိုးကျေးဇူး ဖြစ်ထွန်းစေတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ သုံးစွဲရင် အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီး အနူတင် ချန်ဗီရာကူလ်က သတိပေးခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ထိုင်းမှာ ဆေးခြောက်၊ ဆေးခြောက်လျှော်ပင်တွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးနိုင်မှာ ဖြစ်သလို သတ်မှတ် စံနှုန်းနဲ့ ညီညွတ်တဲ့ ဆေးခြောက် ပမာဏမျိုး ထည့်ထားတဲ့ အစားအသောက်တွေ၊ လူသုံးကုန်တွေကိုလည်း ဆိုင်တွေမှာ ရောင်းချခွင့် ရှိလာတော့မှာပါ။ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ် အနေနဲ့ရော၊ တခြား အကျိုးရှိတဲ့ ထုတ်ကုန် ကဏ္ဍတွေမှာပါ သုံးစွဲစေဖို့ သူတို့မှာ ကာလရှည်ကြာ ဆန္ဒရှိခဲ့တယ်လို့ ဝန်ကြီး အနူတင်က ဆိုပါတယ်။

အရင်က ဆေးဖြစ်ဝါးဖြစ် ရည်ရွယ်ချက်အတွက် အရေအတွက် ကန့်သတ် ရောင်းချတဲ့ ဆေးခြောက် ကဖေးတွေမှာ အခုဆိုရင် ပိုပြီး လွတ်လွတ်လပ်လပ် ဝယ်ယူခွင့် ရလာတော့မှာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆေးခြောက် အသုံးပြုမှုကို ပိုပြီး လွတ်လပ်ခွင့် ပေးလိုက်ပြီ ဆိုပေမယ့် ပြည်တွင်းမှာ ဆေးလိပ်သောက်သုံးမှုကို ပိုမို လျော့ပါးအောင် လုပ်ဆောင်ဖို့တော့ တိုက်တွန်း တောင်းဆိုထားပါတယ်။

အများပြည်သူ သွားလာရာ ဧရိယာတွေမှာ ဆေးခြောက်ပါတဲ့ ဆေးလိပ်တွေ သောက်တာကို တားမြစ်တဲ့ ဥပဒေတွေ ဆက်လက် ကျင့်သုံးနေမယ်လို့ ထိုင်းအစိုးရက အတည်ပြုထားပြီး ပြစ်ဒဏ်အနေနဲ့ ဘတ်ငွေ ၂၅၀၀၀ ထိ ဒဏ်ငွေ၊ ဒါမှမဟုတ် ထောင်ဒဏ် ၃ လထိ ကျခံရနိုင်ပါတယ်။

ဆေးခြောက်ကို အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပေမယ့် ဆေးခြောက် အဆီလိုမျိုး ထုတ်ကုန်တွေမှာ tetrahydrocannabinol (THC) ဓာတ်ပစ္စည်း ၀.၂ ရာခိုင်နှုန်းထက် ပိုများနေရင်တော့ တရားမဝင် မူးယစ်ဆေးဝါး အဆင့် သတ်မှတ်ပြီး အရေးယူမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အဲဒီအခါမှာ ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် အသုံးပြုခွင့် ပေးမထားဘူးဆိုတဲ့ ဥပဒေ သတ်မှတ်ချက်က အရေးပါလာပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်။

ဆေးခြောက်နဲ့ ပတ်သက်တဲ့ ကန့်သတ် မူဝါဒတွေ ပြင်ဆင် ပြောင်းလဲလိုက်တဲ့နောက် ထိုင်းမှာ အသေးစား တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူတွေလည်း ဝင်ငွေ တိုးလာမယ့် ကောင်းကျိုးတွေ ရှိနိုင်ပါတယ်။ တစ်ဖက်မှာလည်း စျေးကွက်ထဲ ဝေမျှမှုမှာ ဟန်ချက်မညီတဲ့ ပြဿနာတွေ ကြုံလာမှာကို စိုးရိမ်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လိင်တူချင်း ထိမ်းမြားခွင့် ဥပဒေ ပထမဆုံး စတင် အသက်ဝင်မယ့်နေ့မှာ ရာပေါင်းများစွာသော လိင်တူ ချစ်သူ စုံတွဲတွေ လက်ထပ်ကြဖို့ စီစဉ်ထားပါတယ်။

သတင်း

တစ်နိုင်ငံတည်းသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခို ခေါ်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

၂၀၂၄ ပထမ ၉ လအတွင်းမြန်မာတွေက ကွန်ဒို အခန်းပေါင်း ၁၀၅၀ ကို ဘတ် ၅၄၆၃သန်းဖိုးဝယ်ယူခဲ့

သတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်တွေမှာ ဆွေးနွေးပွဲတွေကျင်းပနေခြင်းဖြစ်ပြီး မနက်ဖြန်(ဒီဇင််ဘာ ၂၀ရက်)ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။