Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါတီခေါင်းဆောင် အဖြစ်က နုတ်ထွက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ရာထူးပါ စွန့်လွှတ်ရတော့မယ့် ဘောရစ်ဂျွန်ဆန်

ဂျွန်ဆန်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆို တင်သွင်း ခံရတုန်းက ဝန်ကြီးချုပ်အဖြစ် အသက်ဆက်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်အမတ် ၄၁ ရာခိုင်နှုန်းထိ သူ့ကို နုတ်ထွက်စေချင်ကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။

ဘောရစ်ဂျွန်ဆန်
ဘောရစ်ဂျွန်ဆန်

ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်သွားပြီး ဝန်ကြီးချုပ် ရာထူးကိုလည်း စွန့်လွှတ်တော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ကိုဗစ် ကပ်ရောဂါ ကာလမှာ ဗြိတိန် အစိုးရက အသွားအလာ ကန့်သတ်မှုတွေ ကြေညာထားပေမယ့် ဝန်ကြီးချုပ် အိမ်တော်နဲ့ အစိုးရရုံး တချို့မှာ လူစုလူဝေးနဲ့ ပါတီပွဲတွေ ကျင်းပခဲ့တာ အပါအဝင် တခြား အရှက်ရစရာ အခြေအနေတွေက ဂျွန်ဆန်ကို ပါတီထဲမှာ ထောက်ခံမှု ကျဆင်းလာစေခဲ့ပါတယ်။ ဂျွန်ဆန်ဟာ လွှတ်တော်မှာ အယုံအကြည်မရှိ အဆို တင်သွင်း မဲခွဲတဲ့ အခြေအနေကို ကျော်လွှားနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်တွေက ကျောခိုင်းလာတဲ့ ဖိအားကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကွန်ဆာဗေးတစ် ပါတီဝင်တွေ အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်း အရာရှိတွေ ဆက်တိုက် နုတ်ထွက်ကုန်တာက ဂျွန်ဆန်အတွက် ယုံကြည်စရာ မဟာမိတ် အနည်းအကျဉ်းလောက်ပဲ ကျန်တဲ့ အခြေအနေမျိုး ဆိုက်ရောက်သွားခဲ့ပါတယ်။ လွှတ်တော်ထဲမှာရော၊ ပါတီထဲမှာပါ သူ့ကို ထောက်ခံမှုတွေ အရမ်းနည်းသွားတဲ့နောက် ဇူလိုင် ၇ ရက်မှာ ဂျွန်ဆန်က ကွန်ဆာဗေးတစ်ပါတီ အကြီးအကဲ အဖြစ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

သူဟာ ဝန်ကြီးချုပ် ရာထူးကနေလည်း စွန့်ခွာမှာ ဖြစ်ပေမယ့် နောက်ထပ် ဝန်ကြီးချုပ်သစ် တာဝန်မယူသေးခင် အတောအတွင်း ယာယီ ဝန်ကြီးချုပ် အနေနဲ့ ဆက်ရှိမယ်လို့ ပြောသွားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဆန့်ကျင် တုံ့ပြန်မှုတွေ ကြုံလာနိုင်တယ်လို့လည်း ဗြိတိန် နိုင်ငံရေး လေ့လာသူတွေက ယူဆနေပါတယ်။

Public Service Announcement

Public Service Announcement

ဂျွန်ဆန် အပါအဝင် ရာထူးသက်တမ်း မစေ့ဘဲ နုတ်ထွက်လိုက်ရတာ အခုဆိုရင် ဗြိတိန် ဝန်ကြီးချုပ် ၃ ယောက်ဆက်တိုက် ရှိလာပါပြီ။ အခု သီတင်းပတ်ထဲမှာ ဂျွန်ဆန် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုပြင်းထန်လာသလို အစိုးရ အဖွဲ့ဝင် အရာရှိ ၅၀ လောက် တပြိုင်တည်း နုတ်ထွက်ကုန်ကြပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ်ကို ပြည်သူလူထုက မဲပေး ရွေးချယ်တာ မဟုတ်ဘဲ ရွေးကောက်ပွဲ အနိုင်ရပါတီက သူတို့ရဲ့ ခေါင်းဆောင်ကို မဲပေးဆုံးဖြတ်ပြီး ဝန်ကြီးချုပ်တာဝန် အပ်နှင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟာ အာဏာလက်ရှိ ကာလမှာတောင် ပါတီဝင်တွေရဲ့ ထောက်ခံမှုကို ဆက်လက် လိုအပ်နေပါတယ်။

ဂျွန်ဆန်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆို တင်သွင်း ခံရတုန်းက ဝန်ကြီးချုပ်အဖြစ် အသက်ဆက်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပါတီဝင်အမတ် ၄၁ ရာခိုင်နှုန်းထိ သူ့ကို နုတ်ထွက်စေချင်ကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။ ဂျွန်ဆန်ဟာ ပါတီဂိတ်လို့ လူသိများတဲ့ ကိုဗစ်ကာလ ပါတီပွဲတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် နာမည်ပျက်ခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ဒဏ်ရိုက် အရေးယူတာကိုလည်း ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။