Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရောဂါပြင်းထန်တဲ့ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှုတွေ ဂါနာနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိ

လူနာတွေ မသေဆုံးခင် ဆေးစစ်နမူနာတွေ ရယူခဲ့ပြီး ဓာတ်ခွဲရလဒ်က မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက် ခံရတာလို့ အဖြေထွက်ခဲ့တာပါ။ အဲဒီ နမူနာတွေကို လဆန်းပိုင်းက ရယူထားပြီး ဆီနီဂေါ နိုင်ငံက ဓာတ်ခွဲခန်း တစ်ခုကို ပို့ဆောင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရောဂါပြင်းထန်တဲ့ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှုတွေ ဂါနာနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိ
ရောဂါပြင်းထန်တဲ့ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှုတွေ ဂါနာနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိ

သေဆုံးနိုင်ခြေ အရမ်းမြင့်တဲ့ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှုတွေကို ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိခဲ့ကြောင်း ဂါနာအစိုးရက အတည်ပြုခဲ့ပါတယ်။

မာဘက်ဂ် ဗိုင်းရပ်စ်ဟာ နာမည်ကျော် အီဘိုလာဗိုင်းရပ်စ်နဲ့ အနွယ်တူပြီး ကူးစက်ခံရရင် သေဆုံးနိုင်ခြေ အရမ်းများပါတယ်။ ဂါနာမှာ မာဘက်ဂ် ဗိုင်းရပ်စ် ကူးစက် ခံရသူ လူနာ ၂ ဦးကို ဆေးစစ် အတည်ပြု တွေ့ရှိခဲ့ပြီး အခုအခါ ၂ ယောက်စလုံး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။

လူနာတွေ မသေဆုံးခင် ဆေးစစ်နမူနာတွေ ရယူခဲ့ပြီး ဓာတ်ခွဲရလဒ်က မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက် ခံရတာလို့ အဖြေထွက်ခဲ့တာပါ။ အဲဒီ နမူနာတွေကို လဆန်းပိုင်းက ရယူထားပြီး ဆီနီဂေါ နိုင်ငံက ဓာတ်ခွဲခန်း တစ်ခုကို ပို့ဆောင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အာဖရိကတိုက် အနောက်ပိုင်းက နိုင်ငံမှာ လူနာတွေနဲ့ အနီးကပ် ထိတွေ့မိသူ ၉၈ ဦးထက် မနည်းကို အသွားအလာ ကန့်သတ်ပြီး တင်းတင်းကျပ်ကျပ် Quarantine သတ်မှတ်ထားလိုက်ပြီလို့ သိရပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဂါနာ ကျန်းမာရေး အာဏာပိုင်တွေကို အနီးကပ် အကူအညီ ပေးနေသလို ဂါနာ အာဏာပိုင်တွေရဲ့ ခြေမြန်လက်မြန် တုံ့ပြန် ဆောင်ရွက်မှုတွေကို ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့သာ ဆုံးဖြတ်ချက် မပြတ်မသား ဝေဝေဝါးဝါးနဲ့ ဖြစ်နေရင် အခြေအနေတွေက မထိန်းသိမ်းနိုင်လောက်အောင် ကစဉ့်ကလျား ဖြစ်သွားနိုင်တယ်လို့ WHOရဲ့ အာဖရိက ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ မက်ရှီဒီယို မိုတီက ပြောပါတယ်။ မာဘက်ဂ်ဗိုင်းရပ်စ်အတွက် ကုသမှု နည်းလမ်း မပေါ်ပေါက်သေးပေမယ့် လူနာတွေက ရေများများ သောက်ပြီး ရောဂါလက္ခဏာတွေ သက်သာမယ့် တခြားကုထုံးတွေကို ခံယူမယ်ဆိုရင် အသက်ရှင်နိုင်ခြေ ပိုများလာစေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မာဘက်ဂ် ဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေဆီကနေတဆင့် မျိုးဗီဇ ပြောင်းလဲပြီး လူသားတွေဆီ ရောက်ရှိလာတာပါ။ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် လူအချင်းချင်း ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေက သေနိုင်လောက်တဲ့ထိ အပြင်းဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကိုယ်အပူချိန် မတန်တဆ မြင့်တက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ သွေးအန်တာ၊ ခန္ဓာကိုယ်က သွေးယိုစီးတာတွေ ဖြစ်ပါတယ်။

ဂါနာမှာတော့ အာဏာပိုင်တွေက လင်းနို့တွေ ခိုအောင်းတတ်တဲ့ ဂူတွေနား မသွားကြဖို့နဲ့ သားငါးတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ကြဖို့ ညွှန်ကြားထားပါတယ်။ အနောက် အာဖရိကမှာတော့ မာဘက်ဂ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဒုတိယ အကြိမ်မြောက် တွေ့ရှိခဲ့တာပါ။ မနှစ်ကလည်း ဂီနီယာ နိုင်ငံမှာ ကူးစက်လူနာ တွေ့ရှိကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

အာဖရိကတိုက် တနံတလျားမှာတော့ အန်ဂိုလာ၊ ကွန်ဂို၊ ကင်ညာ၊ တောင်အာဖရိကနဲ့ ယူဂန္ဓာ နိုင်ငံတွေမှာ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားခဲ့ဖူးကြောင်း WHOက ဆိုပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကဆိုရင် အန်ဂိုလာမှာ မာဘက်ဂ်ဗိုင်းရပ်စ်ကြောင့် လူ ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ ဆေးပညာ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ပထမဆုံး မာဘက်ဂ် ကူးစက်မှုတွေ တွေ့ရှိခဲ့တာဟာ ၁၉၆၇ က ဂျာမနီ နိုင်ငံမှာဖြစ်ပြီး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဗီဒီယို

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။

သတင်း

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

နိုင်ငံတကာ

ဥရောပတိုက်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။ အခုတော့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ စပိန်နဲ့ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံ တော်တော်များများမှာ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အားတက်စရာ သတင်းတွေ ဆက်တိုက် ကြားနေရပြီလို့...