Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗြိတိန်ရဲ့ ထီးဆောင်းမင်းအသစ် ဖြစ်လာတဲ့ ချားလ်စ်ဘုရင်

နန်းမွေခံ စည်းမျဉ်းတွေအရ ဘုရင်မကြီးရဲ့ သားတော် ဝေးလ်စ် မင်းသားကြီး ချားလ်စ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဘုရင်အသစ်အဖြစ် ချက်ချင်း အရိုက်အရာ ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ သမိုင်းမှာ သက်တမ်း အရှည်ဆုံး ထီးနန်း စိုးစံသွားခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘက်သ်ဟာ စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ နန်းမွေခံ စည်းမျဉ်းတွေအရ ဘုရင်မကြီးရဲ့ သားတော် ဝေးလ်စ် မင်းသားကြီး ချားလ်စ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဘုရင်အသစ်အဖြစ် ချက်ချင်း အရိုက်အရာ ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ဘုရင်မကြီး ဆုံးပါးသွားပြီဆိုတဲ့ သတင်းကို ဘက်ကင်ဂမ် နန်းတော်က ထုတ်ပြန်ချိန်မှာ ချားလ်စ်ကို ဘုရင်ကြီးလို့ သုံးနှုန်းသွားပြီး ဇနီးဖြစ်သူ ကယ်မီလာကိုတော့ တော်ဝင် ကိုယ်လုပ်တော်လို့ ရည်ညွှန်းထားခဲ့ပါတယ်။ သူ့ရဲ့ မိခင်ဟာ နှစ်ပေါင်း ၇၀ ကျော် စိုးစံပြီး ဗြိတိန်ရဲ့ သက်တမ်း အရှည်ဆုံး ထီးဆောင်းမင်း ဖြစ်ခဲ့သလို ချားလ်ကလည်း ဗြိတိန်မှာ အိမ်ရှေ့မင်းသား ဘဝကို သက်တမ်း အရှည်ဆုံး ဖြတ်သန်းသူလို့ မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုတော့ သူ့အသက် ၇၃ နှစ် အရွယ်မှာ ဗြိတိန်ထီးနံကို ဆက်ခံ စိုးစံခဲ့ပြီ ဖြစ်ပါတယ်။

ဘုရင်ရဲ့ ဘွဲ့နာမည် ဘယ်လိုခေါ်မလဲ

နန်းတက်ချိန်မှာ ချားစ်မင်းသားဟာ ချားလ်စ်ဘုရင် (တတိယ)ဆိုတဲ့ ဘွဲ့နာမည်ကို ရရှိမှာပါ။ ချားလ်စ်ဘုရင်ရဲ့ နာမည်အရင်းက ချားလ်စ် ဖိလစ် အာသာ ဂျော့ဂျ်ဖြစ်ပြီး သူသာ ဆန္ဒရှိရင် နောက်ထပ် ဘွဲ့နာမည် တစ်ခုကို အဲဒီ နာမည် စာလုံးတွေထဲကနေ ရွေးချယ်ခွင့် ရှိပါတယ်။

ဗြိတိန် တော်ဝင် မိသားစုထဲမှာ သူကောင်းမျိုးနွယ် ခန့်အပ်မှု အပြောင်းအလဲတွေလည်း ဖြစ်လာမှာပါ။ ဖခင်ဖြစ်သူ ချားလ်စ်က ဘုရင်ဖြစ်လာတဲ့အတွက် သားကြီးဖြစ်တဲ့ မင်းသား ဝီလျံက အိမ်ရှေ့စံအဖြစ် အလိုအလျောက် သတ်မှတ်ခံရပေမယ့် ဝေးလ်စ်နယ်စား အရိုက်အရာကိုတော့ ချက်ချင်း လွှဲယူလို့ မရသေးပါဘူး။ အဲဒီ ရာထူး သတ်မှတ်ချက်ကိုတော့ ဖခင်ဖြစ်သူက သီးခြား အပ်နှင်းပေးဖို့ လိုပါတယ်။ ဝီလျံနဲ့ ကြင်ရာတော်ဖြစ်သူ ကိတ်မစ်ဒယ်လ်တန်တို့ဟာ ကွန်းဝဲလ်နဲ့ ကင်းဘရစ်ဂျ် နယ်စားပယ်စားတွေအဖြစ် ခန့်အပ် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

ချားလ်စ်ရဲ့ ဇနီးသည် ကယ်မီလာက တော်ဝင် ကိုယ်လုပ်တော် အနေနဲ့ ခန့်အပ်ခံရပြီး ရှေးအစဉ်အဆက် သုံးစွဲလာတဲ့ ဝေါဟာရဟာ တကယ်တမ်းတော့ မိဖုရားဆိုတဲ့ သဘောကိုပဲ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ဘုရင်အဖြစ် အပ်နှင်းမယ့် အစီအစဉ်

ဗြိတိန်ရဲ့ ဘုရင်သစ်အဖြစ် ချားလ်စ်ကို စက်တင်ဘာ ၁၀ ရက်မှာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ တော်ဝင် မိသားစု ထီးမွေခံ ကောင်စီ အဖွဲ့ဝင်တွေက တရားဝင် အပ်နှင်း ကြေညာဖို့ ရှိနေပါတယ်။ အဲဒီအတွက် လန်ဒန်မြို့က စိန့်ဂျိမ်းစ် နန်းတော်မှာ အခမ်းအနားတစ်ခု ကျင်းပဖို့ စီစဉ်နေပါတယ်။

ဘုရင်သစ်ကို ထောက်ခံကြေညာမယ့် အထူးကောင်စီမှာ အစိုးရ အကြီးတန်း ဝန်ကြီးတွေ၊ ဝန်ကြီးဟောင်းတွေ၊ လူမှုဝန်ထမ်း အဖွဲ့ခေါင်းဆောင်တွေ၊ ဓနဿဟာယ အဖွဲ့ဝင် နိုင်ငံတွေဆီက ကော်မရှင်လူကြီးတွေ၊ လန်ဒန် မြို့တော်ဝန်နဲ့ တခြား အရာရှိတွေ စုံစုံလင်လင် တက်ရောက်ကြမှာပါ။ လုပ်ထုံးလုပ်နည်းတွေအရ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရှိသူ ၇၀၀ လောက်ထိ များပြားပေမယ့် ပြင်ဆင်ချိန် နည်းသွားတာကြောင့် တကယ်တမ်း ရောက်လာမယ့် ဧည့်ပရိသတ်က အဲဒီထက် နည်းနိုင်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ အဲလိဇဘက်သ်ကို ဘုရင်မအဖြစ် ကြေညာတဲ့ အခမ်းအနားကို တက်ရောက်သူ ၂၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

ဘုရင်သစ်ရဲ့ ပထမဆုံးနေ့

သူ့ဆီကို ဘုရင်အဖြစ် ခန့်အပ်ကြောင်း အသိပေးမှု ပထမဆုံး ရောက်လာချိန်မှာ ချားလ်စ်ဟာ မိခင်ရဲ့ ရုပ်အလောင်းနားမှာပဲ ရှိနေခဲ့ပါတယ်။ ဘုရင်ဖြစ်လာပြီးတဲ့နောက် ချားလ်စ်ဟာ ထီးမွေခံ ကောင်စီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးလုပ်ပြီး သူ့ရဲ့ ထီးနန်းဆက်ခံမှုကို ကြေညာရပါမယ်။ စည်းမျဉ်းခံ အုပ်စိုးမှုမှာတော့ တခြားနိုင်ငံ ခေါင်းဆောင်တွေလို ဘုရင်သစ်က ကျမ်းသစ္စာ ကျိန်ဆိုရတာမျိုး မရှိပါဘူး။ ၁၈ ရာစု အစောပိုင်းတွေ ကတည်းက ကျင့်သုံးလာတဲ့ အစဉ်အလာအတိုင်း စကော့တလန် ဘုရားကျောင်းတော် တည်မြဲရေး ဆက်လက် အားထုတ် ထိန်းသိမ်းပေးဖို့ သစ္စာဓိဋ္ဌာန်ကို ရွတ်ဆိုရပါမယ်။

ဘုရင်အသစ်ဟာ စိန့်ဂျိမ်းစ်နန်းတော်ရဲ့ ဝရန်တာကနေတဆင့် တိုင်းသူပြည်သားတွေကို နှုတ်ဆက်မှာပါ။ စိန့်ဂျိမ်းစ် နန်းတော် အရာရှိတွေဟာ ဘုရင်ကြီးကို ဘုရားသခင် စောင့်ရှောက်ပါစေဆိုတဲ့ ဆုတောင်းမှုကို ၁၉၅၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကြွေးကြော်မှာ ဖြစ်ပါတယ်။ ဟိုက်ဒ်ပက်ခ်နဲ့ လန်ဒန် မျှော်စင်ဖက်ကရော၊ ဗြိတိန် တော်ဝင် ရေတပ်ကပါ သေနတ်တွေ ပစ်ဖောက်ပြီး ချားလ်စ်ကို ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။

နန်းတက်ပွဲ အခမ်းအနား

ချားလ်စ်ဟာ ဘုရင်အဖြစ်ကို ရောက်ရှိနေပြီ ဆိုပေမယ့် နန်းတက်ပွဲ အစီအစဉ်ကိုတော့ တခမ်းတနား ပြင်ဆင်ကျင်းပပြီး သရဖူ အပ်နှင်းမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချိန် သေသေချာချာ လိုအပ်တဲ့အတွက် နန်းတက်ပွဲက လောလောလတ်လတ် ဖြစ်မြောက်လာဖို့တော့ အကြောင်းမမြင်သေးပါဘူး။ ဗြိတိန်ထီးနန်းကို အဲလိဇဘက်သ် ဆက်ခံချိန်ကလည်း နောက်ထပ် ၁ နှစ်နဲ့ ၄ လလောက် ကြာပြီးမှ နန်းတက်ပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။

ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ဗြိတိန် ဘုရင်တွေ အစဉ်အဆက် နန်းတက်ပွဲ ကျင်းပခဲ့ကြတာဟာ လွန်ခဲ့တဲ့ နှစ်ပေါငး ၉၀၀ ကတည်းကပါ။ ဝီလျံဘုရင် လက်ထက်က အစပြုခဲ့တဲ့ အစဉ်အလာကို လိုက်ပါ ကျင့်သုံးမယ့် ဘုရင်တွေထဲမှာ ချားလ်စ်က အယောက် ၄၀ မြောက် ဖြစ်လာပါမယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမယ့် အခမ်းအနားမှာ ဘုရင်အသစ်က သစ္စာဓိဋ္ဌာန်ပြုပါမယ်။ ကန်တာဘာရီ သင်းအုပ် ဘုန်းတော်ကြီးက ၁၆၆၁ ခုနှစ် ကတည်းက လက်ဆင့်ကမ်းလာတဲ့ ရွှေသားအတိပြီးတဲ့ စိန့်အက်ဒွပ် သရဖူကို ချားလ်စ်ရဲ့ ဦးခေါင်းမှာ ဆောင်းပေးပါလိမ့်မယ်။

လန်ဒန် မျှော်စင်မှာ ထားရှိတဲ့ ထီးမွေခံ နန်းစင်ရတနာတွေထဲက သရဖူကြီးဟာ ဘုရင်၊ ဘုရင်မတွေ နန်းတက်တဲ့ အခမ်းအနားမှာပဲ ဆောင်းလေ့ ရှိပါတယ်။ ၅ ပေါင်လောက် လေးတဲ့ သရဖူကို အချိန်ပြည့် ဆောင်းထားဖို့လည်း မလွယ်ပါဘူး။

တော်ဝင် မိသားစု မင်္ဂလာပွဲတွေနဲ့ မတူတာက နန်းတက်ပွဲဟာ နိုင်ငံတော်နဲ့ဆိုင်တဲ့ အခမ်းအနားလို့ သတ်မှတ်ထားတာကြောင့် အစိုးရက အကုန်အကျ ခံပေးရပါတယ်။ ပြီးတော့ ဖိတ်ကြားမယ့် ဧည့်သည်တော်တွေကိုလည်း ဆုံးဖြတ်ပေးရပါတယ်။ တခြား ဖျော်ဖြေပွဲ အစီအစဉ်တွေလည်း ထည့်သွင်းသွားမှာပါ။

နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ရဲ့ ဘုရင်

ဗြိတိန် ဘုရင်ဖြစ်လာတဲ့အတွက် ချားလ်စ်ဟာ ဓနဿဟာယ နိုင်ငံများ အစည်းအရုံးရဲ့ ခေါင်းဆောင် အနေနဲ့ပါ တင်မြှောက် ခံရမှာပါ။ ဒီအစုအဖွဲ့မှာ လွတ်လပ်စွာ ရပ်တည်နေတဲ့ နိုင်ငံပေါင်း ၅၆ ခု ပါဝင်ပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း ၂.၄ ဘီလီယံလောက် အကျုံးဝင်နေပါတယ်။ အဲဒီထဲကမှ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၄ ခုက ချားလ်စ်ကို နိုင်ငံရဲ့ ထီးဆောင်းမင်းအဖြစ် တရားဝင် သတ်မှတ်ထားကြမှာပါ။ အဲဒီထဲမှာ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျမေကာ၊ ကနေဒါတို့လို နိုင်ငံကြီးတွေလည်း ပါဝင်နေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မြန်မာသံရုံးရော၊ MOGEကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

နိုင်ငံတကာ

ရှပ်စ်ဟာ Telegraphနဲ့ အင်တာဗျူးမှာ ဗြိတိန်ရဲ့ BAE Systemsလို ကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီးတွေက ယူကရိန်းမှာ လက်နက်စက်ရုံတွေ တည်ဖို့ ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။