Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ်ချခံရတဲ့ တရုတ် စပိုင်မိုးပျံပူဖောင်းက ဘာအချက်အလက်မှ မပေးပို့နိုင်ခဲ့ဘူးလို့ အမေရိကန်ပြော

ပစ်ချခံရတဲ့ မိုးပျံပူဖောင်း အပျက်အစီးတွေကို စစ်ဆေးခဲ့တဲ့အခါ အဲဒီ စပိုင်ပစ္စည်းဟာ အမေရိကန် ပိုင်နက်ကို ဖြတ်ပျံချိန် အတောအတွင်းမှာ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့ထားတာ မတွေ့ရဘူးလို့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပတ်ရိုင်ဒါက ဆိုပါတယ်။

ပစ်ချခံရတဲ့ တရုတ် စပိုင်မိုးပျံပူဖောင်းက ဘာအချက်အလက်မှ မပေးပို့နိုင်ခဲ့ဘူးလို့ အမေရိကန်ပြော
ပစ်ချခံရတဲ့ တရုတ် စပိုင်မိုးပျံပူဖောင်းက ဘာအချက်အလက်မှ မပေးပို့နိုင်ခဲ့ဘူးလို့ အမေရိကန်ပြော

နှစ်ဆန်းပိုင်းတုန်းက အမေရိကန် လေပိုင်နက်ကို ဖြတ်ပျံလို့ ပစ်ချခံခဲ့ရတဲ့ တရုတ် စပိုင် မိုးပျံပူဖောင်းဟာ ထောက်လှမ်းရေး အချက်အလက်တွေ မယ်မယ်ရရ စုဆောင်းနိုင်မှု မရှိခဲ့ကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ချခံရတဲ့ မိုးပျံပူဖောင်း အပျက်အစီးတွေကို စစ်ဆေးခဲ့တဲ့အခါ အဲဒီ စပိုင်ပစ္စည်းဟာ အမေရိကန် ပိုင်နက်ကို ဖြတ်ပျံချိန် အတောအတွင်းမှာ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့ထားတာ မတွေ့ရဘူးလို့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပတ်ရိုင်ဒါက ဆိုပါတယ်။

အမေရိကန်ကို အဲဒီ တရုတ် စပိုင်လေဘောလုံး ဖြတ်ပျံနေတဲ့ ကာလတလျှောက် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့လို့ မရအောင် အမေရိကန်ကလည်း နှောင့်ယှက် တားဆီးထားခဲ့ကြောင်း၊ အဲဒီ အားထုတ်မှုတွေ လက်တွေ့ အလုပ်ဖြစ်ခဲ့ဟန်တူကြောင်းလည်း သူက ပြောပါတယ်။ ရိုင်ဒါက အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် မှတ်ချက်မပေးခဲ့ပါဘူး။

အဲဒီ မိုးပျံပူဖောင်းဟာ ဇန်နဝါရီ လကုန်ပိုင်းက အလာစကာ ပြည်နယ်နဲ့ ကနေဒါ လေပိုင်နက်တွေကို ဖြတ်ပြီး အမေရိကန် လေပိုင်နက်ကို အနောက်မြောက် အရပ်ကနေ အရှေ့တောင်ထောင့်ကို ကန့်လန့်ဖြတ် ပျံသန်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှာတော့ အမေရိကန် ကမ်းရိုးတန်းကို ကျော်သွားတဲ့ မိုးပျံပူဖောင်းကို တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် ကမ်းလွန်ရေပြင်မှာ အမေရိကန် လေတပ်ရဲ့ F-22 တိုက်လေယာဉ် တစ်စီးက ဒုံးကျည်နဲ့ ပစ်ခတ်ပြီး ဖျက်ဆီးပစ်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကိစ္စဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားမှာ သံတမန်ရေးရာ အပြင်းအထန် တင်းမာမှုတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရုတ်က မိုးပျံပူဖောင်းဟာ စပိုင်အသုံးအဆောင် လုံးဝမဟုတ်ဘဲ မိုးလေဝသ စူးစမ်းလေ့လာရေး ကိရိယာတစ်ခုက အမေရိကန် လေပိုင်နက်ထဲ မတော်တဆ လမ်းမှား ရောက်ရှိသွားတာသာဖြစ်ကြောင်း ဖြေရှင်းခဲ့သလို အရပ်ဖက်သုံး သိပ္ပံနဲ့ နည်းပညာ ပစ္စည်းတစ်ခုကို အင်အားသုံး တိုက်ခိုက်ဖျက်ဆီးတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန် ရှုတ်ချခဲ့ပါတယ်။

ပင်လယ်ထဲကနေ ဆယ်ယူရရှိတဲ့ မိုးပျံပူဖောင်းရဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးကြည့်တဲ့အခါ ဘူမိတည်နေရာပြ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းယူဖို့ အသုံးပြုတယ်လို့ ယုံကြည်ရတဲ့ အင်တင်နာ တချို့ကို တွေ့ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီ မိုးပျံပူဖောင်းမှာ နေစွမ်းအင်ကို ခံယူစုဆောင်းဖို့အတွက် ကြီးမားတဲ့ ဆိုလာပြားတွေ တပ်ဆင်ထားတဲ့အပြင် ထောက်လှမ်းရေး အချက်အလက်တွေကို ရှာဖွေပေးနိုင်မယ့် အာရုံခံ စနစ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန်က တရုတ်ဟာ အခုလို မိုးပျံပူဖောင်းမျိုးကို တပ်ဖွဲ့လိုက် စုစည်းပြီး ကမ္ဘာတလွှားကို စေလွှတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း ပြောကြားထားပါတယ်။

ဒါပေမဲ့ အခုလ အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ တရားဝင် ခရီးစဉ် သွားရောက်ခဲ့တဲ့နောက် စပိုင်မိုးပျံပူဖောင်းနဲ့ ပတ်သက်လို့ တရုတ်အပေါ် ထိုးနှက်စွပ်စွဲမှုတွေကို အမေရိကန်က အထိုက်အလျောက် လေသံ လျှော့ပေါ့လာပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ပိုင်နက်ထဲ တရုတ် စပိုင်မိုးပျံပူဖောင်းတစ်လုံး ရောက်လာခဲ့တယ် ဆိုတာကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုသိခဲ့ပုံတောင် မပေါ်ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။