Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အငြင်းပွားရာ ရေပြင်မှာ တရုတ်ချထားခဲ့တဲ့ အတားအဆီးတွေကို ဖိလစ်ပိုင်ဖယ်ရှား

အငြင်းပွားရာ ရေပြင်မှာ တရုတ်ချထားခဲ့တဲ့ အတားအဆီးတွေကို ဖိလစ်ပိုင်ဖယ်ရှား

ပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ရေပြင်မှာ တရုတ်က နယ်နိမိတ် သတ်မှတ်တဲ့ သဘောမျိုး ချထားခဲ့တဲ့ ပိုက်တန်း အတားအဆီးတွေကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ပြန်လည် ဖယ်ရှားပစ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ် ရေတပ် စခန်းချထားတဲ့ သောင်ခုံကျွန်း တခုနားမှာ ဖိလစ်ပိုင် ငါးဖမ်းလှေတွေ ဝင်ရောက်မှုကို တားမြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်က အဲဒီ ရေပေါ် ပေါလောမျောနေနိုင်တဲ့ အတားအဆီး ပိုက်တန်းတွေကို ချထားခဲ့တာပါ။

ဒါပေမဲ့ စက်တင်ဘာ ၂၅ ရက်မှာတော့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တွေနဲ့ ရေငုပ်သမားတွေက အဲဒီ အတားအဆီးတွေကို ပြန်လည် ဖြတ်တောက် ဖယ်ရှားခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကို အထူးစစ်ဆင်ရေး တစ်ခုအနေနဲ့ အကောင်အထည် ဖော်ခဲ့ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ တိုက်ရိုက် ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့တာလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ကြေညာပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ပိုင်နက်နယ်မြေအဖြစ် ကြေညာခဲ့သလို အခု အငြင်းပွားမှု ဖြစ်နေတဲ့ သဲသောင်ခုံမှာလည်း ရေတပ်စခန်းတစ်ခု ၂၀၁၂ ခုနှစ်က လာရောက် ထားရှိခဲ့ပါတယ်။

ဖိလစ်ပိုင်က တရုတ်ရဲ့ လုပ်ရပ်ဟာ စကားဘရော့ သောင်ခုံကနေ မီတာ ၃၀၀ အကွာအတွင်း ငါးဖမ်းခွင့် ရှိတယ်ဆိုတဲ့ အခြေခံ သတ်မှတ်ချက်ကို ဖောက်ဖျက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ တရုတ် ကမ်းခြေစောင့် တပ်ကတော့ သူတို့ဟာ လုပ်သင့်တဲ့ ကိစ္စကို လုပ်ခဲ့တာလို့ အစောပိုင်းမှာ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ရေယာဉ်တွေ ခုတ်မောင်း သွားလာနေတဲ့ နေရာမှာ အတားအဆီးတွေ လာချထားတာက ရေကြောင်းသွားလာမှုတွေကို အန္တရာယ် ဖြစ်စေနိုင်သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ မြောက်တယ်လို့ ဖိလစ်ပိုင်က ဝေဖန်ခဲ့ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ အဆိုအရ တရုတ်ချထားတဲ့ အတားအဆီးတွေကို စက်တင်ဘာ ၂၃ ရက်မှာ စတင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေကြားမှာ အခြေအတင် စကားများတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်း အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ကတော့ နှစ်ဖက်စလုံး အခြေအနေကို အေးအေးဆေးဆေး ချဉ်းကပ်ကြဖို့ တိုက်တွန်းပြီး တောင်တရုတ်ပင်လယ်ဟာ ဒေသကြီး တစ်ခုလုံးရဲ့ တည်ငြိမ်ရေးအတွက် အရေးပါတယ်လို့ ထောက်ပြခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ဟာ ငါးသယံဇာတ ပေါကြွယ်ဝပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ အများအပြား ရှိနေတယ်လို့လည်း ယုံကြည်ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ငါးဖမ်းလှေ စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ တောင်တရုတ်ပင်လယ်ထဲမှာ လုပ်ငန်း လည်ပတ်နေကြတာပါ။

တရုတ်အစိုးရက တောင်တရုတ်ပင်လယ် ရေပြင်ကို လက်ဝါးကြီးအုပ် ကြီးစိုးဖို့ ကြံစည်နေတာကြောင့် ဖိလစ်ပိုင်အပြင် ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းစတဲ့ တခြားဒေသတွင်း နိုင်ငံတွေနဲ့ပါ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။