ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ စစ်ရေး လုပ်ဆောင်ချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်ဆိုတဲ့ အဆင့်ထက် လွန်ကဲနေတယ်လို့ တရုတ်က ဝေဖန် ပြောကြားလိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အစ္စရေးဟာ ဂါဇာ အခြေစိုက် ဟားမားစ် ပြောက်ကျားတပ်ဖွဲ့တွေကို ဦးတည် တိုက်ခိုက်နေရင်တောင်မှ ဂါဇာ ပြည်သူတွေကိုပါ ရောနှော အပြစ်ပေးနေတာမျိုး လုပ်ခွင့်မရှိဘဲ အဲဒီကိစ္စတွေကို ရပ်တန်းက ရပ်ဖို့လိုကြောင်း အောက်တိုဘာ ၁၅ ရက်မှာ ပြောဆိုခဲ့တာပါ။
အောက်တိုဘာ ၇ ရက်က ဟားမားစ်တွေဟာ အစ္စရေး မြို့ရွာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင် စီးနင်းမှုတွေပါ ပြုလုပ်ခဲ့ရာက အစ္စရေး အရပ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမားစ် စစ်အခြေစိုက် စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး ဂါဇာဒေသကိုလည်း စားနပ်ရိက္ခာနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေ တင်သွင်းခွင့်ကို ဖြတ်တောက် ပိတ်ဆို့ခဲ့ပါတယ်။ ပြီးတော့ ဂါဇာနယ်စပ်မှာ တပ်တွေ စုရုံးပြီး အပြင်းအထန် ထိုးစစ်ဆင်ဖို့ စီစဉ်နေပါတယ်။
ဝမ်က အစ္စရေး လုပ်ရပ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုတဲ့ ရှုထောင့်ထက် ပိုကျယ်ပြန့်နေတယ်လို့ ပြောပါတယ်။ အစ္စရေး အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ရဲ့ စဉ်ဆက်မပြတ် တောင်းဆိုမှုတွေ၊ ထောက်ပြမှုတွေကို အလေးထားသင့်ပြီး ဂါဇာ ပြည်သူလူထုကိုပါ ရောနှော ဖိနှိပ် အပြစ်ပေးနေတာတွေ ရပ်တန့်ဖို့လိုကြောင်း သူက ဆိုပါတယ်။
ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်လ် ဘင် ဖာဟန်နဲ့ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးခဲ့မှု အပြီးမှာ ဝမ်က အဲဒီလို သဘောထား မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ သူက နှစ်ဖက်စလုံးဟာ ပြဿနာတွေ ပိုကြီးထွားလာအောင် မီးစာ ဖြည့်ပေးတာကို ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းဆီ အမြန်ဆုံး ပြန်ဦးတည်သင့်တယ်လို့လည်း ပြောပါတယ်။

Public Service Announcement
အစ္စရေး အစိုးရက နိုင်ငံရဲ့ စစ်တပ်ဟာ မြေပြင်ထိုးစစ် စတင်တော့မှာ ဖြစ်တဲ့အတွက် ဂါဇာမြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁.၁ သန်းလောက်ကို တောင်ပိုင်းနယ်မြေတွေဆီ ၂၄ နာရီအတွင်း ရွှေ့ပြောင်းရမယ်လို့ ညွှန်ကြားထားပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၁၅ ရက်ထိ အတောအတွင်း ပဋိပက္ခကြောင့် အစ္စရေးဖက်က ၁၃၀၀ ကျော်နဲ့ ဂါဇာမှာ ၂၂၀၀ ကျော် သေကြေခဲ့ကြပြီး ဖြစ်ပါတယ်။ နှစ်ဖက်စလုံးမှာ အသေအပျောက် အများစုဟာ အစ္စရေးနဲ့ ပါလက်စတိုင်း အရပ်သားတွေပါ။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ နိုင်ငံသမိုင်းမှာ အဆိုးဆုံး အထိနာခဲ့တဲ့ ရန်သူ့ လျှပ်တပြက် ထိုးစစ်ကို ကြုံတွေ့ခဲ့ပြီးတဲ့နောက် ဟားမားစ်တွေကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ထိ ချေမှုန်းသွားမယ်လို့ ကြုံးဝါးထားပါတယ်။
