Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြေအောက်မှာ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယ အလုပ်သမား ၄၁ ဦးကို ကယ်တင်

ပိတ်မိနေသူတွေ အပြင်ပြန်ရောက်ချိန် ဥမင်ပေါက်ရှေ့မှာ စုဝေးနေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြသလို အချိုမုန့်တွေကိုလည်း ကောင်းမှုမင်္ဂလာ အထိမ်းအမှတ် တစ်ခုအနေနဲ့ လိုက်လံ ပေးဝေခဲ့ပါတယ်။

မြေအောက်မှာ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယ အလုပ်သမား ၄၁ ဦးကို ကယ်တင်
မြေအောက်မှာ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယ အလုပ်သမား ၄၁ ဦးကို ကယ်တင်

ရင်မောစရာတွေ၊ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ၁၇ ရက် အကြာမှာတော့ ဥမင် ပြိုကျပြီး မြေအောက်မှာ ပိတ်မိနေသူ အိန္ဒိယ အလုပ်သမား ၄၁ ဦးကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အူတာခန် ပြည်နယ်ထဲက ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ထိစပ်နေတဲ့ နေရာက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ၃ မိုင်ရှည်လျားတဲ့ ဥမင်ထဲကို အဲဒီ အလုပ်သမားတွေ ပိတ်မိနေခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးကို စက်ယန္တရား လွန်သွားတွေနဲ့ ထိုးဖောက်ပြီး ၃ ပေ ကျယ်တဲ့ ပိုက်ရှည်ကြီးကို တပ်ဆင်ခဲ့ကြပါတယ်။

အဲဒီနောက် ပိတ်မိနေသူတွေနား ရောက်ခါနီးမှာတော့ လက်နဲ့ ဆက်တူးကြပြီး တိုးလျှိုပေါက် ဖြစ်တဲ့အထိ ချိတ်ဆက်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၈ ရက် ညပိုင်းမှာတော့ ဘီးတပ်ထားတဲ့ ထမ်းစင်တွေကို သုံးပြီး အလုပ်သမား တစ်ယောက်ချင်းစီကို ပြင်ပ ပြန်ရောက်တဲ့ထိ ဆွဲထုတ်နိုင်ခဲ့ပြီး ၁၇ ရက်ကြာ အိပ်မက်ဆိုးကြီးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အလုပ်သမားတွေကို ကယ်မထုတ်ရသေးခင် အတောအတွင်းမှာတော့ ပိုပြီး သေးငယ်တဲ့ ပိုက်သွယ်တန်းပြီး ရေဘူးတွေ၊ ရိက္ခာထုပ်တွေနဲ့ အောက်စီဂျင်ဘူးတွေ ပို့ဆောင်ပေးနေခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ လွန်တူးစက် ပျက်သွားတာမျိုး အနှောင့်အယှက် အတားအဆီးတွေ ကြုံခဲ့ရတာကြောင့် ပိတ်မိနေသူတွေရော၊ စိတ်ပူနေတဲ့ မိသားစုတွေပါ စိတ်မော၊ လူမောနဲ့ စောင့်ခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ အိန္ဒိယ မိုင်းတူးလုပ်သားတွေ အဓိက ဦးဆောင်တဲ့ ကယ်ဆယ်ရေး မစ်ရှင်ဟာ အထမြောက် အောင်မြင်ခဲ့ပြီး ပိတ်မိနေသူ ၄၁ ဦးစလုံးကို ဆေးရုံတင်ပို့နိုင်ခဲ့ပါတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရမထားကြဘဲ မကြာခင် အားပြည့် ကျန်းမာလာမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်၊ ဥမင်ပြိုကျမှု အပြီးကတည်းက မြေအောက်မှာ ပိတ်မိနေခဲ့သူတွေ လွတ်မြောက်လာတဲ့ သတင်းကို အိန္ဒိယ သမ္မတ ဒရူပါဒီ မာမူကိုယ်တိုင်က လူမှုကွန်ရက် မီဒီယာ Xမှာ ဝမ်းမြောက်ဝမ်းသာ ရေးသား ကြေညာခဲ့ပြီး သတင်းကောင်းကြောင့် စိတ်သက်သာရာ ရမိတယ်လို့ ဆိုပါတယ်။ သမ္မတက အခက်အခဲပေါင်းစုံ ကြုံခဲ့ပေမယ့် ကျားကုတ်ကျားခဲ ဆက်ကြိုးစားခဲ့ကြတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း အလေးအနက် ချီးကျူးခဲ့ပါတယ်။ ဒီကယ်ဆယ်ရေး မစ်ရှင်ဟာ လူသားတွေရဲ့ ဇွဲနဘဲနဲ့ ခံနိုင်ရည်ရှိမှုအတွက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

ပိတ်မိနေသူတွေ အပြင်ပြန်ရောက်ချိန် ဥမင်ပေါက်ရှေ့မှာ စုဝေးနေတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြသလို အချိုမုန့်တွေကိုလည်း ကောင်းမှုမင်္ဂလာ အထိမ်းအမှတ် တစ်ခုအနေနဲ့ လိုက်လံ ပေးဝေခဲ့ပါတယ်။

ပြိုကျခဲ့တဲ့ ဆစ်ခ်ယာရာ ဥမင်ဟာ ဟိမဝန္တာနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယရဲ့ အဓိက ဘုရားဖူး နယ်မြေ နှစ်ခုကို ကုန်းလမ်းနှစ်သွယ်နဲ့ ဆက်စပ်ပေးမယ့် ဒေါ်လာ ၁.၅ ဘီလီယံတန် ပရောဂျက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ဥမင်ထဲ ရှိနေချိန်မှာ မြေပြိုမှု တစ်ခုကြောင့် ပိတ်မိခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ကျောက်တုံးနဲ့ သတ္တုတွေ ရောနှောနေတဲ့ မီတာ ၆၀ လောက် အထူရှိတဲ့ အပျက်အစီး အလွှာကြီးကို ဖောက်ထွင်းခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။