Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖူးခက်က မြေပြိုမှုတွေမှာ အသေအပျောက် ၁၃ ဦးထိ မြင့်တက်လာ၊ မြန်မာ ၉ ဦး ပါဝင်

ထိုင်းနိုင်ငံ၊ ဖူးခက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် မြန်မာတွေ အပါအဝင် သေဆုံးသူ ဦးရေဟာ ၁၃ ဦးထိ ရှိလာခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် မြန်မာတွေ အပါအဝင် သေဆုံးသူ ဦးရေဟာ ၁၃ ဦးထိ ရှိလာခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်နေ့က ဖူးခက်မြို့ရဲ့ ကာရွန်မြို့နယ်ခွဲမှာ တောင်ကျရေတွေ စီးဆင်းမှုနဲ့အတူ နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်ပွားရာက နေအိမ်တွေအပေါ် ရွှံ့နွံတွေ ဖုံးအုပ်သွားခဲ့ပါတယ်။ ဩဂုတ် ၂၄ ရက်နေ့မှာတော့ အသေအပျောက် စာရင်းဟာ မြန်မာ ၉ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးထိ မြင့်တက်လာကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ဩဂုတ် ၂၄ ရက်နေ့မှာ တစ်ဦးနဲ့တစ်ဦး တင်းတင်းဖက်လျက်သား သေဆုံးနေတဲ့ မြန်မာစုံတွဲရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ သူတို့လက်ထဲမှာ ဖုန်းတွေနဲ့ ဓာတ်မီးတွေကို ကိုင်ထားတာ တွေ့ခဲ့ရပါတယ်။ ညနေပိုင်းမှာတော့ အိပ်ရာထဲမှာသာ အနေများတဲ့ နာတာရှည် ရောဂါသည် အမျိုးသမီး တစ်ဦးရဲ့ အလောင်းကိုလည်း ရွှံ့နွံတွေ ဖုံးနေတဲ့ နေအိမ်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။

ကူလ်ဆိုဟမ်ဖူးခက် လူမှုကူညီရေး အသင်းဟာ အလောင်းအားလုံးကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဗာချီရာ ဖူးခက် ဆေးရုံဆီ ပို့ဆောင်လိုက်ပါတယ်။ မြေပြိုမှုတွေဟာ ဩဂုတ် ၂၂ ရက် ညသန်းခေါင်ကျော် ဩဂုတ် ၂၃ ရက် မနက်အစောပိုင်း၊ လူအများ အိပ်စက်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

နက်ခက်ဒ် တောင်တန်းကနေ အရှိန်နဲ့ လိမ့်ကျလာတဲ့ ရွှံ့နွံတွေနဲ့ ရွှံ့ရေတွေဟာ ဇိမ်ခံအိမ်ကြီးတွေ အပါအဝင် နေအိမ်တွေကို ဖုံးလွှမ်းသွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက် စာရင်းမှာတော့ မြန်မာ ၉ ဦး၊ ရုရှား ဇနီးမောင်နှံ ၂ ဦးနဲ့ ထိုင်းအမျိုးသမီး ၂ ဦးတို့ ပါဝင်နေပါတယ်။ နောက်ထပ် လူ ၁၉ ဦး ဒဏ်ရာတွေ ရခဲ့ပြီး အိမ်ပေါင်း ၂၀၉ လုံးဟာ လုံးဝဥဿုံ ပျက်စီးတာ၊ ဒါမှမဟုတ် အတော်ကြီး ဆိုးဆိုးရွားရွား ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။ တောင်စောင်းကနေ အရှိန်နဲ့ လိမ့်ဆင်းလာတဲ့ ရွှံ့နွံတွေဟာ ကာရွန်ရဲ့ အစိတ်အပိုင်း ၄ ခုလောက်ကို ခွဲခြား ရောက်ရှိသွားခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အကြီးစား ယန္တရားကြီးတွေကို အသုံးပြုပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူကို အပူတပြင်း လိုက်ရှာနေပါတယ်။ သေဆုံးသူတွေထဲက ရုရှား ဇနီးမောင်နှံဟာ ဇိမ်ခံအိမ် တစ်လုံးမှာ နေထိုင်ကြပြီး ကျန်တဲ့ ၁၁ ယောက်ကတော့ အိမ်ငှားနေသူတွေ ဖြစ်ကြပါတယ်။

ဩဂုတ် ၂၄ ရက်နေ့မှာ ထိုင်းပြည်ထဲရေး ဒုတိယဝန်ကြီး ချာဒါသိုင်ဆက်ဟာ အခင်းဖြစ်ရာ နေရာကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး အသက်ရှင် လွတ်မြောက်လာသူတွေ၊ နေအိမ်ဆုံးရှုံးခဲ့သူတွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေကို အားပေး စကား ပြောခဲ့သလို အစိုးရ အနေနဲ့ အကူအညီတွေ အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ စာရင်းနဲ့ အချက်အလက်တွေကိုလည်း ဖူးခက်မှာရှိတဲ့ ရုရှား ကောင်စစ်ဝန်ရုံးနဲ့ ဘန်ကောက်က မြန်မာ သံရုံးတွေဆီ အသီးသီး ပေးပို့ အကြောင်းကြားထားပြီးပြီလို့လည်း ချာဒါက ပြောကြားသွားပါတယ်။

ကိုးကား: Khaosod⁩

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအတွင်း အနည်းဆုံး ၈ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။