Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သေနတ်သမား တစ်ဦးကြောင့် ထရမ့်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရ

သူရှိနေရာ ဂေါက်ကွင်းနားမှာ ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသူ တစ်ဦး ပုန်းခိုနေတဲ့ ဖြစ်ရပ်ကြောင့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖလော်ရီဒါမှာ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက ဖြစ်ရပ်အတွင်း ထရမ့်ကို လုပ်ကြံဖို့ ရည်ရွယ်ထားကြောင်း ယုံကြည်ရသူ တစ်ဦးကို ဖမ်းဆီရမိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂေါက်ကွင်းနားက ချုံပုတ်တစ်ခုကနေ ရိုင်ဖယ် သေနတ်ပြောင်း ထွက်နေတာကို လှမ်းမြင်ခဲ့တဲ့နောက် အထူးလျှို့ဝှက် အေးဂျင့်တွေက သံသယရှိသူကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ထရမ့်ဟာ သေနတ်သမားနဲ့ ကိုက် ၃၀၀ ကနေ ၅၀၀ ကြား အကွာလောက်ကို ရောက်ရှိနေခဲ့တယ်လို့လည်း FBI ထောက်လှမ်းရေး အရာရှိတွေက ဆိုပါတယ်။

အခင်းဖြစ်ရာ နေရာကနေ AK-47 ရိုင်ဖယ်တစ်လက်၊ သေနတ်မှာ တပ်ဆင်တဲ့ မှန်ပြောင်း၊ ကျောပိုးအိတ် နှစ်လုံးနဲ့ GoPro ကင်မရာတစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သံသယရှိသူဟာ ချုံပုတ်ထဲကနေ ထွက်ပြေးပြီး အနက်ရောင် Nissanကား တစ်စီးပေါ် အပြေးအလွှား သွားရောက်ပြီး မောင်းပြေးသွားခဲ့ကြောင်း၊ အထူးအေးဂျင့်တွေက အဲဒီကားကို အကြိမ်တချို့ ပစ်ခတ်ခဲ့ကြောင်း မျက်မြင် တစ်ဦးက ဆိုပါတယ်။ အဲဒီ မျက်မြင်က ကားရဲ့ လိုင်စင်နံပါတ်ပြားကို ဓာတ်ပုံ ရိုက်နိုင်ခဲ့တာကြောင့် မောင်းပြေးသွားတဲ့ ကားကို ခြေရာခံပြီး ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မာတင်ခရိုင် အာဏာပိုင်တွေဆီ ချက်ချင်း ဆက်သွယ်ပြီး ကားနဲ့ ပတ်သက်လို့ သတင်းပေးခဲ့တဲ့အတွက် အဲဒီကားကို ကြားဖြတ် ဟန့်တားပြီး သံသယရှိသူကို ဖမ်းမိခဲ့တယ်လို့ ဖလော်ရီဒါရဲ့ ပမ်းလ်ဘိချ်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ရစ်ဘရက်ဒ်ရှောက ပြောပါတယ်။

ထရမ့်ကတော့ သူဟာ ကျန်းကျန်းမာမာနဲ့ ဘေးကင်းကင်း ရှိနေကြောင်း၊ ဘယ်လို ခြိမ်းခြောက်မှု အန္တရာယ်မျိုးကမှ သူ့ကို ရပ်တန့်စေမှာ မဟုတ်သလို ရည်မှန်းချက်တွေအတွက် ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ကြောင်း ထောက်ခံသူတွေဆီ အဓိက လိပ်မူပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာ၊ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ထရမ့်ကို တကယ်ပဲ လုပ်ကြံဖို့ ကြိုးစားခဲ့သလား ဆိုတာတွေကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ နီးစပ်တဲ့ အရာရှိတွေရဲ့ အဆိုအရ သေနတ်သမားဟာ ဟာဝိုင်ယီမှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ရိုင်ယန် ဝက်စ်လေ ရုသ်ဆိုသူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်တုန်းကလည်း ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ ဘတ္တလာမြို့က လူထုထောက်ခံပွဲ အစီအစဉ် တစ်ခုမှာ သေနတ်သမား တစ်ယောက်ရဲ့ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ထရမ့်ရဲ့ နားရွက်ကို ကျည်ဆန် ရှပ်မှန်ခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ သေနတ်သမားကို အထူးအေးဂျင့်တွေက ပစ်ခတ် ရှင်းလင်းခဲ့ရပါတယ်။

အခု ဖလော်ရီဒါမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ FBIက ကြေညာခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ ဖလော်ရီဒါမှာရှိတဲ့ ထရမ့်ရဲ့ မာအေလာဂို စံအိမ်ကြီးနဲ့ အနီးက အနောက်ပမ်းလ်ဘိချ် ဂေါက်ကွင်းတို့ကို လုံခြုံရေး တိုးမြှင့်ထားလိုက်ပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီး အထူးလျှို့ဝှက် လုံခြုံရေး ဌာနဟာ အကြီးအကျယ် ဝေဖန်မှုတွေ ခံခဲ့ရသလို ဌာနရဲ့ အကြီးအကဲဖြစ်သူ ကင်ဘာလေ ချီတဲလ်ဟာလည်း နောက်ထပ် နှစ်ပတ် အကြာမှာ ရာထူးကနေ တာဝန်ယူ နုတ်ထွက်ခဲ့ရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလတွေနဲ့ ဆက်စပ်ပြီး လူတွေ စိတ်အဝင်စားဆုံး ခေါင်းစဉ် တစ်ခုကတော့ အဓိကပြိုင်ဘက် သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးမှု အစီအစဉ် ဖြစ်ပါတယ်။

နိုင်ငံတကာ

ရီပတ်ဘလစ်ကန်ပါတီ ပြည်လုံးကျွတ် ညီလာခံ (RNC)ရဲ့ အခမ်းအနား အပိတ် မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူကြုံတွေ့ခဲ့တဲ့ လုပ်ကြံမှုအကြောင်း အကျယ်တဝင့် ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ အကောင့်ကို ၂ နှစ်ကြာ ပိတ်ထားမယ်လို့ Facebookက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Trending

Facebook