Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ၊ ခတ္တမန္ဒူမှာ ပျက်စီးမှု စာရင်းတွေ စတင်ကောက်ယူ

လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရေဘေးအပြီး နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့တော်မှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို စတင် စာရင်းကောက်ယူ ဆန်းစစ်နေပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းထိ စာရင်းတွေအရ ခတ္တမန္ဒူ အပါအဝင် နိုင်ငံအနှံ့ ဒေသတချို့မှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူဟာ ၂၀၉ ဦးထက်မနည်းထိ မြင့်တက်လာခဲ့ပါတယ်။

ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ဆက်စပ်နေရာ အာရှတောင်ပိုင်း နိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နှစ်ရက်ဆက်တိုက် မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းရာကနေ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးမှု အများစုဟာ ရေစီးနဲ့ မျောပါသွားတာ၊ တောင်ပြိုပြီး ရွှံ့နွံတွေအောက် ပိမိတာတွေကြောင့်ဖြစ်ပြီး မရှင်းလင်းရသေးတဲ့ အပျက်အစီးတွေအောက်မှာ နောက်ထပ် ပျောက်ဆုံးနေသူတွေ ရှိနိုင်ပါတယ်။

ဇွန်လကနေ စက်တင်ဘာလအတွင်း မုတ်သုံရာသီဥတု ဖြတ်သန်းတဲ့အခါ နီပေါမှာ ရေကြီးတာ၊ မြေပြိုတာတွေ နှစ်စဉ် ကြုံတတ်ပေမယ့်လည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အဲဒီပြဿနာဟာ ပိုပြီး ဆိုးရွားလာနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ခတ္တမန္ဒူမှာ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို စာရင်းကောက်ယူပြီး အမှိုက်သရိုက် အပျက်အစီးတွေကိုလည်း ရှင်းလင်းနေတာ တွေ့ရပါတယ်။ နီပေါ အစိုးရက ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း မကြုံစဖူး စံချိန်တင် ပမာဏမျိုး မိုးရွာခဲ့တာကြောင့် ဒေသကြီး ၈ ခုရဲ့ မြေနိမ့်ပိုင်းတွေ ရေမြုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ခတ္တမန္ဒူမှာ ဆိုရင်လည်း တချို့ရပ်ကွက်တွေဟာ ရပ်ကွက်လိုက်ကြီးတွေ ရေကြီးကုန်ပါတယ်။ ရေတက်လာတာကလည်း အရမ်းမြန်တာကြောင့် ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ် တစ်ဆင့်ချင်းစီ ကူးပြီး ခက်ခက်ခဲခဲ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

နီပေါမှာ လက်ရှိ အချိန်ထိ ပျောက်ဆုံးနေသူ အနည်းဆုံး ၂၉ ဦးရှိပါတယ်။ သေဆုံးသူတွေထဲမှာလည်း ခန္တမန္ဒူ တောင်ပိုင်း အဝေးပြေးလမ်း တစ်နေရာမှာ တောင်ပြိုကျရာက ကားတွေနဲ့အတူ ပိမိပြီး အစုလိုက် အသက်ဆုံးရှုံးခဲ့ရသူ ၃၅ ဦး ပါဝင်ခဲ့ပါတယ်။

နိုင်ငံအနှံ့ အဝေးပြေးလမ်းတွေမှာ တောင်ပြိုပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တဲ့ ပြဿနာကိုလည်း ရှင်းလင်းနေရဆဲ ဖြစ်ပါတယ်။

နီပေါစစ်တပ်ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီပေးနေပြီး ရဟတ်ယာဉ်တွေ၊ မော်တော်ဘုတ်တွေ၊ စစ်သုံးဖောင်တွေကိုနဲ့အတူ လူပေါင်း ၄၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ကြေညာပါတယ်။

အခု ရေကြီးမှုတွေ အပါအဝင် ဒီနှစ် မိုးရာသီတလျှောက် နီပေါမှာ မိုးရွာသွန်းမှုတွေနဲ့ ဆက်စပ်တဲ့ အကြောင်းကြောင်းကြောင့် သေဆုံးသူ ဦးရေဟာ ၃၀၀ ကျော်ထိ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား – AFP⁩

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ