ရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်ချက်ကို သမ္မတ ဂျိုးဘိုင်ဒန်သာ ခပ်စောစော ချခဲ့မယ်ဆိုရင် ပါတီအတွက် အများကြီး ပိုပြီး အထောက်အကူ ဖြစ်စေခဲ့လိမ့်မယ်လို့ အမေရိကန် ဝါရင့် အောက်လွှတ်တော် အမတ် နန်စီ ပလော့စီက ဝေဖန် ပြောကြားလိုက်ပါတယ်။
ပလော့စီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် နှစ်အတော်များများ တာဝန်ယူခဲ့ဖူးသလို ဘိုင်ဒန်နဲ့ ကာမာလာ ဟားရစ်တို့ ကိုယ်စားပြုတဲ့ ဒီမိုကရက်တစ် ပါတီထဲမှာ ဩဇာအကြီးမားဆုံး အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ အသက်အရွယ်နဲ့ ကြံ့ခိုင်မှု အခြေအနေကို ပါတီတွင်းမှာတင် မယုံကြည်မှုတွေ တိုးလာတဲ့နောက် ပလော့စီနဲ့ သမ္မတဟောင်း ဘာရတ် အိုဘားမားတို့လို ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး ဘိုင်ဒန်ကို ၂၀၂၄ ခုနှစ်၊ အမေရိကန် ရွေးကောက်ပွဲမှာ ဒုတိယ သက်တမ်းအတွက် ဆက်မပြိုင်တော့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်ကတော့ ရွေးကောက်ပွဲမှာ ၂၀၂၀ ပြည့်နှစ် ပြိုင်ဘက်ဟောင်း ဒေါ်နယ်လ်ထရမ့်နဲ့ ရင်ဆိုင်ဖို့ ခေါင်းမာမာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ထရမ့်နဲ့ ဘိုင်ဒန် စကားစစ်ထိုးမှုမှာ ဘိုင်ဒန်က အခြေအနေ အတော်ဆိုးခဲ့ပြီး ပါတီထဲမှာလည်း စိုးရိမ်တကြီး ဝေဖန်မှုတွေ မြင့်တက်လာတဲ့ အခါမှသာ ဘိုင်ဒန်က ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက်ကို စွန့်လွှတ်ပြီး ဒုတိယ သမ္မတ ဟားရစ်အတွက် နေရာဖယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ပလော့စီကတော့ ဘိုင်ဒန်သာ ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်ကို စောစောစီးစီး ချမှတ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲမှာ ဟားရစ်ရော၊ ဒီမိုကရက်တစ်ပါတီ အမတ်တွေ အတွက်ပါ ပိုပြီး အကျိုးရှိစေခဲ့လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
အစောကြီး ကတည်းကသာ သမ္မတက ရွေးကောက်ပွဲ ဆက်မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြိုကြိုတင်တင် ချမှတ်ထားခဲ့မယ်ဆိုရင် ကိုယ်စားလှယ်လောင်း နေရာအတွက် ပါတီတွင်းမှာ ပိုအားကောင်းတဲ့ ယှဉ်ပြိုင်ခွင့်မျိုး ဖန်တီးပေးနိုင်ခဲ့မှာ ဖြစ်တယ်လို့ ပလော့စီက ဆိုပါတယ်။
ဘိုင်ဒန်က ရွေးကောက်ပွဲ မဝင်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ ရွေးကောက်ပွဲနဲ့ အချိန် အရမ်းကပ်နေပြီ ဖြစ်တာကြောင့် ဒီမိုကရက်တစ် ပါတီဟာ လက်တွေ့အားဖြင့် ဟားရစ်ကလွဲပြီး တခြား ကိုယ်စားလှယ်လောင်း တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ပလော့စီက တကယ်လို့ တခြားကိုယ်စားလှယ်တွေနဲ့ အပြိုင် ရွေးချယ် ခံရမယ် ဆိုရင်လည်း ဟားရစ်ဟာ အခြေအနေ ကောင်းမယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းတွေကို လူထုရှေ့မှောက်မှာ ပိုပြီး အားကောင်းကောင်းနဲ့ ပြသနိုင်ခဲ့မှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီဟာ သမ္မတ နေရာကို ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေဆီ လက်လွှတ်လိုက်ရရုံသာ မကဘဲ အထက်လွှတ်တော် အမတ်နေရာ နှစ်ခုကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ အခုအခါ ရီပတ်ဘလစ်ကန်တွေဟာ အထက်လွှတ်တော်ထဲမှာပါ အင်အားသာလွန်လာခဲ့ပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အရှုံးနဲ့ ပတ်သက်ပြီး ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက် နှောင့်နှေးမှုကို တခြား ဒီမိုကရက်တစ် ပါတီအမတ် တချို့ကလည်း ဝေဖန်ထားသေးကြောင်း သိရပါတယ်။
ကိုးကား: New York Times


















































