အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး ပြင်သစ် ပိုင်နက်အဖြစ် ရပ်တည်နေတဲ့ ကျွန်းနိုင်ငံလေး မာယော့တ်မှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရာဂဏန်း အတော်များများကနေ ထောင်ဂဏန်းထိ အသေအပျောက် ရှိနိုင်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဖရိကတိုက် အရှေ့ပိုင်း၊ မာဒါဂါစကာ ကျွန်းကြီးရဲ့ မြောက်ဖက်မှာ တည်ရှိတဲ့ ကျွန်းငယ်လေးကို အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်း ချီဒိုက ဖြတ်သန်း တိုက်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
တစ်နာရီကို ၂၂၅ ကီလိုမီတာနှုန်းလောက် ပြင်းထန်တဲ့ လေတိုက်နှုန်းမျိုး သယ်ဆောင်လာတဲ့ ဆိုင်ကလုန်းကြောင့် ကျွန်းပေါ်က တချို့သော လူနေ ဧရိယာတွေဟာ ပြားပြားဝပ် ပြိုလဲ ပျောက်ကွယ်ကုန်ပါတယ်။ အထူးသဖြင့် တဲငယ်လေးတွေ ဖြစ်သလို ထိုးပြီး နေထိုင်ကြတဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ အခြေအနေ အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲ၊ လမ်းတွေပိတ်၊ ရေတွေလွှမ်းပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တဲ့တိုင် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အလှမ်းဝေးတဲ့ ဧရိယာတွေမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။
အသေအပျောက် ကိန်းဂဏန်းတွေကို တိတိကျကျ မသိရသေးပေမယ့် ရာထောင်ချီ များပြားမယ်လို့တော့ ကနဦး ခန့်မှန်းထားတာ ဖြစ်ပါတယ်။
လူဦးရေ ၃၂၀၀၀၀ သာရှိတဲ့ ကျွန်းနိုင်ငံလေးမှာ တချို့ မိသားစုတွေဟာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ နေစရာ မရှိတဲ့ ဒုက္ခသည်ကို အပြင်းအထန် ခံစားနေရပါတယ်။ မြို့တော် မာမွတ်ဇူ အပါအဝင် ကျွန်းအနှံ့က လူနေဧရိယာတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေလည်း မရောက်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ချီဒိုဟာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက မာယော့တ်ကို မဖြတ်သန်းခင် ရက်ပိုင်းအလို ကတည်းက မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ လေပြင်းတိုက်ခိုက်မှုတွေကို ဖြစ်ပေါ်နေစေခဲ့ပါတယ်။
မာယော့တ်ရဲ့ စီးပွားရေးဟာ ပြင်သစ်နိုင်ငံအပေါ် ကြီးကြီးမားမား မှီခိုနေရပြီး ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ ပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကာလရှည်ကြာ ရုန်းကန်နေရပါတယ်။ နိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ မာယော့တ်ရဲ့ ဆင်းရဲနွမ်းပါးမှု သတ်မှတ်နှုန်းထားအောက်မှာ ရှိနေပြီး အလုပ်လုပ်နိုင်သူ ဦးရေရဲ့ သုံးပုံတစ်ပုံက အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က မာယော့တ် နိုင်ငံသားတွေ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ သဘာဝ ဘေးဆိုးကြီးအတွက် စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ပြင်သစ်ကနေ ပို့ဆောင်လိုက်တဲ့ ထောက်ပံ့ရေး ပစ္စည်းတချို့ မာယော့တ်ကို စတင်ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ စတင်ဖြန့်ဝေနိုင်ရေးမှာ ကြန့်ကြာမှုတချို့ ရှိနေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC