Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ကြမ္မာဆိုးမျိုး ဟိုသီတွေလည်း ကြုံသွားနိုင်တယ်လို့ အစ္စရေး သတိပေး

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ဆိုးရွားတဲ့ ကံကြမ္မာမျိုးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေလည်း ကြုံတွေ့သွားနိုင်ကြောင်း အစ္စရေးက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လို ဆိုးရွားတဲ့ ကံကြမ္မာမျိုးကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေလည်း ကြုံတွေ့သွားနိုင်ကြောင်း အစ္စရေးက ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ပုန်ကန်ပြီး မြို့တော် ဆာနားအပြင် တခြား ကျယ်ပြောတဲ့ ဒေသတွေကို ထိန်းချုပ်ထားတဲ့ ဟိုသီတွေဟာ ဂါဇာကမ်းမြှောင် ဒေသမှာ လှုပ်ရှားနေတဲ့ ဟားမားစ်၊ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာတို့နည်းတူ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစု တစ်ခု ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အစ္စရေးနဲ့ ဟားမားစ်ကြား စစ်ပွဲစတင် ဖြစ်ပွားပြီးတဲ့နောက် ဟစ်ဇ်ဘိုလာရော၊ ဟိုသီတွေကပါ အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အစ္စရေးကလည်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေကိုပါ တိုက်ရိုက်ကျကျ စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်မှာတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်ခံခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာတော့ အစ္စရေးရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒန်နီ ဒါနွန်က ဟိုသီတွေ အနေနဲ့ အစ္စရေးအပေါ် အကြိမ်ကြိမ် ရန်စနေတာတွေ မဆင်ခြင်ဘူးဆိုရင် ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့လိုပဲ တူညီတဲ့ ထိခိုက်နစ်နာမှုတွေ ကြုံရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ဒါနွန်က အစ္စရေး အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသထဲမှာ အီရန် အပါအဝင် ဘယ်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်စွမ်း ရှိနေကြောင်း၊ အီရန်ရဲ့ လက်ဝေခံ အင်အားစုတွေက လာရန်စနေတာကို အစ္စရေးက သည်းခံနေမှာလည်း မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဟိုသီတွေဟာ အစ္စရေး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပြီး ဒါဟာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်း ရှိမှုကို ပြသတဲ့ လုပ်ရပ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ ဟိုသီတွေရဲ့ ဒရုန်းနဲ့ ဒုံးကျည် အများစုကို အစ္စရေးနဲ့ မဟာမိတ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။ ဟိုသီတွေဟာ အစ္စရေးနဲ့ အဆက်အစပ် ရှိတယ်လို့ စွပ်စွဲပြီး ပင်လယ်နီ ရေပြင်မှာ ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကိုလည်း အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပါတယ်။

ဒါနွန်ရဲ့ ကုလသမဂ္ဂမှာ သတိပေး ပြောဆိုမှု အပြီးမှာတောင် ဟိုသီတွေက အစ္စရေးဖက်ကို ဒုံးကျည်တချို့နဲ့ လှမ်းပစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါနွန်က ဟိုသီတွေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အရှေ့အလယ်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို ကောင်းကောင်း အာရုံစိုက်မိပုံ မပေါ်သေးဘူးလို့ ဆိုပါတယ်။ ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့အပြင် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကပါ အစ္စရေးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြကြောင်း၊ အကျိုးဆက်က ဘာတွေ ဖြစ်ကုန်သလဲ ဆိုတာကို ဟိုသီတွေ နားလည်ဖို့ လိုကြောင်း၊ ဒါဟာ ခြိမ်းခြောက်မှု မဟုတ်ဘဲ နောက်ဆုံးအကြိမ် သတိပေးခြင်းအဖြစ် မှတ်ယူနိုင်သလို ကတိတစ်ခုလည်း ဖြစ်ကြောင်း၊ မဆင်ခြင်ရင် ဟိုသီတွေဟာလည်း တူညီတဲ့ ကံကြမ္မာဆိုးနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ယီမင်မှာရှိတဲ့ ဆာနား လေဆိပ် အပါအဝင် ဟိုသီ စစ်ရေးပစ်မှတ် တချို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ဒါဟာ အစ္စရေးက တကယ်တမ်း လုပ်ဆောင်နိုင်တဲ့ စစ်ဆင်ရေး ပမာဏရဲ့ အဖျားအနားသာ ရှိသေးတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက မှတ်ချက်ပေးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ ဆီကနေ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို လက်ခံ ရရှိခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကနေတဆင့် ဟားမားစ်တွေက ဓားစာခံ ရုပ်အလောင်း တစ်ခုကို လွှဲပြောင်းပေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက်...