၂၀၂၅ ခုနှစ်မှာ ပထမဆုံး တိုက်ချင်းပစ် ဒုံးကျည် ပစ်ခတ်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။
တာလတ်ပစ် ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၆ ရက်နေ့မှာ မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်လအတွင်း ပထမဆုံး အဲဒီလို လက်နက် စမ်းသပ်တာမျိုးလို့လည်း တောင်ကိုရီးယားက မှတ်ချက် ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၁၁၀၀ လောက် ခရီးပေါက်အောင် ပျံသန်းခဲ့တဲ့နောက် ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယား စစ်တပ်က အဲဒီ လုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ အတိအလင်း ရန်စမှု တစ်ခုလို့ စွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီ ဒုံးကျည် စမ်းသပ်မှုဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ပြီး နိုင်ငံရေး အရှုပ်အထွေးတွေ ကြုံနေတဲ့ မဟာမိတ် နိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ဘလင်ကန်ဟာ ယာယီ သမ္မတ ချွိုင်ဆန်မွတ်ခ်နဲ့ တွေ့ဆုံပြီး ယာယီ အစိုးရ အဖွဲ့အပေါ် အမေရိကန်က ယုံကြည်မှု အပြည့်ရှိကြောင်း ပြသခဲ့ပါတယ်။
တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားမှာ နောက်ထပ် ဒုံးကျည် ပစ်ခတ်မှုတွေ ရှိလာနိုင်ခြေကို စောင့်ကြည့်ဖို့ ထောက်လှမ်းရေး ကဏ္ဍကို ပိုမို အားစိုက်ထားသလို ရရှိထားတဲ့ အချက်အလက်တွေကိုလည်း အမေရိကန်၊ ဂျပန်တို့နဲ့ အပြန်အလှန် မျှဝေထားတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် ဒုံးကျည်တွေ ပစ်ခတ် စမ်းသပ်ခဲ့တာဟာ နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မှာ မြောက်ကိုရီးယားဟာ အရှေ့ဖက်ကမ်းလွန် ပင်လယ်ပြင်ဆီ တာတိုဒုံးကျည် ၇ စင်းထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
ကိုးကား: Reuters