Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ ဝန်ကြီးချုပ် ထရူဒူ ရက်ပိုင်းအတွင်း ရာထူးကနေ နုတ်ထွက်နိုင်တယ်လို့ဆို

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ အခုသီတင်းပတ်ထဲမှာတင် ရာထူးကနေ နုတ်ထွက်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ အခုသီတင်းပတ်ထဲမှာတင် ရာထူးကနေ နုတ်ထွက်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ကိုယ်စားပြု လစ်ဘရယ်ပါတီထဲမှာ သူ့ကို ဆန့်ကျင်မှုတွေ ပိုမို ပြင်းထန်လာခြင်းနဲ့အတူ ထရူဒူဟာ ဝန်ကြီးချုပ် နေရာကို စွန့်လွှတ်ဖို့ ဖိအားတွေ တိုးလာနေတယ်လို့ The Globe and Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းထဲက အမည်ဖော်မပြတဲ့ သတင်းရင်းမြစ် တချို့က ထရူဒူဟာ နုတ်ထွက်မှုကို ဇန်နဝါရီ ၆ ရက်မှာ အစောဆုံး ကြေညာဖြစ်ဖွယ် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

လစ်ဘရယ်ပါတီရဲ့ သဘောထားအမြင် စစ်တမ်းကောက်ယူမှု အစီအစဉ် တစ်ခု ပြုလုပ်မယ့် ဇန်နဝါရီ ၈ ရက်နေ့ မတိုင်ခင် ထရူဒူဆီက နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်လာနိုင်တယ်လို့ အဲဒီ ရင်းမြစ်တွေကို ကိုးကားပြီး The Globe and Mailက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါတီက ခေါင်းဆောင်သစ် တစ်ဦးကို ရှာဖွေခန့်အပ်ပြီးတဲ့ အချိန်ထိ ထရူဒူက ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူပေးထားမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

သူဦးဆောင်တဲ့ အစိုးရဟာ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်း ခံရမှုတွေကနေ ကပ်ပြီး လွတ်မြောက်ခဲ့သလို လူထုထောက်ခံမှုလည်း ကျဆင်းလာတာကြောင့် ထရူဒူ နုတ်ထွက်ပေးဖို့ တောင်းဆိုသံတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ပိုမို ကျယ်လောင်လာခဲ့ပါတယ်။

မူလက ထရူဒူဟာ အောက်တိုဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲထိ ပါတီကို ဦးဆောင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း ပါတီတွင်းမှာ ကန့်ကွက်သူ ဦးရေ တိုးလာသလို အမေရိကန် သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်ဆီက ဖိအားတွေကြောင့်လည်း အကျပ်ရိုက်ခဲ့ပါတယ်။

ထရမ့်က သူသမ္မတ ဖြစ်လာရင် ကနေဒါရဲ့ သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးပြီး စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထရမ့်ရဲ့ အစီအမံကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာအပေါ် မူတည်ပြီး သဘောထား ကွဲလွဲရာက ဒုတိယ ဝန်ကြီးချုပ် ခရစ္စတီရာ ဖရီးလန်းဟာ ဒီဇင်ဘာလထဲမှာ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ထရူဒူရဲ့ အစိုးရ အဖွဲ့ထဲက အကွဲအပြဲတွေ ပထမဆုံးအကြိမ် လူသိရှင်ကြား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လကုန်ပိုင်းမှာတော့ ထရူဒူက အစိုးရ အဖွဲ့ကို အကြီးစား ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီး ဝန်ကြီးနေရာ အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက ထရူဒူဟာ အမေရိကန်ထိ သွားရောက်ခဲ့ပြီး ထရမ့်နဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ဖူးပေမယ့် အဆင်ပြေပုံ မရခဲ့ဘဲ အဲဒီ ခရီးစဉ်နောက်ပိုင်း ထရမ့်က ထရူဒူကို လှောင်ပြောင် ထိုးနှက်မှုတွေ ပိုပြီး သိသာလာပါတယ်။ တစ်ကြိမ်မှာတော့ ထရမ့်က ထရူဒူကို ကနေဒါဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာပြီး ထရူဒူကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သတ်မှတ်နိုင်ရင် ကောင်းမယ် ဆိုတာမျိုး ပြက်ရယ်ပြုခဲ့ပါတယ်။

ထရူဒူဟာ ၂၀၁၅ ခုနှစ်မှာ ကနေဒါ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၂၀၁၉ နဲ့ ၂၀၂၁ ရွေးကောက်ပွဲတွေမှာလည်း လစ်ဘရယ်ပါတီ အနိုင်ရအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။

နိုင်ငံတကာ

တောင်အာဖရိက အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ယူခဲ့တဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် ကနေဒါ အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။