ဆယ်ကျော်သက် ကျောင်းသား တစ်ဦး သေဆုံးမှုကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ လူထု အုံကြွမှုဟာ တရုတ် အာဏာပိုင်တွေရဲ့ အင်အားသုံး ဖိနှိပ်ဖြိုခွင်းမှုအပြီး ပြန်လည် ငြိမ်သက်သွားတယ်လို့ ယုံကြည်ရပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှန်စီးပြည်နယ်ထဲက ပူချန်းမြို့မှာ မကျေမနပ် အုံကြွတဲ့ လူထုနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယို မှတ်တမ်းတွေကို ဆန်းစစ် အတည်ပြုပြီး BBC သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ပြင်းထန် ကြမ်းတမ်းတဲ့ ဆင်ဆာဖြတ်တောက်မှုတွေကြောင့် အဲဒီဖြစ်စဉ်တွေနောက်ပိုင်း ပူချန်းမှာ ဘာတွေ ဆက်ဖြစ်ကုန်သလဲ ဆိုတာကို စုံစမ်းလို့ မရဘဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၂ ရက်နေ့တုန်းက ဆယ်ကျော်သက် လူငယ်တစ်ဦးဟာ ကျောင်းသားအဆောင်ပေါ်က ပြုတ်ကျပြီး သေဆုံးရာက အစပြုခဲ့ပါတယ်။ ရဲတွေက ဒီကိစ္စဟာ မတော်တဆမှု သက်သက်လို့ ထုတ်ပြန်ပေမယ့် မြို့ခံတွေက ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး အဓိကရုဏ်း အခြေအနေဆီ ဦးတည်ခဲ့တာပါ။
တရုတ် အစိုးရရဲ့ ဖိနှိပ်တားဆီးမှုတွေ ကြားကနေ အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ ဗီဒီယိုတွေမှာတော့ လူတွေက ရဲတွေကို ကျောက်တုံးတွေ၊ တခြားအရာတွေနဲ့ ပစ်ပေါက်နေပြီး ရဲတချို့က ဆန္ဒပြသူတွေကို ရိုက်နှက်နေတာ တွေ့ရပါတယ်။
တရုတ်မှာ လူထုဆီက မကျေမနပ် ဆန္ဒပြတာမျိုးတွေ ရံဖန်ရံခါ ရှိတတ်ပေမယ့် တရုတ် အစိုးရဟာ အဲဒီအခြေအနေတွေအပေါ် ထိလွယ်ရှလွယ် သဘောထားပြီး ပမာဏ ကျယ်ပြန့်မလာခင် ဖိအားပေး ထိန်းချုပ်လေ့ ရှိပါတယ်။
အထူးသဖြင့် ၂၀၂၂ ခုနှစ်တုန်းက အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး မူဝါဒတွေကို လူထုက ဆန္ဒပြတဲ့ စက္ကူဖြူ လှုပ်ရှားမှု အပြီးမှာတော့ တရုတ် အစိုးရဟာ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ရင် ပိုမို အကဲဆတ်လာပါတယ်။ အဲဒီ လှုပ်ရှားမှုမှာ ရှားပါး အခြေအနေအဖြစ် ဆန္ဒပြသူတွေဟာ အာဏာရ ကွန်မြူနစ်ပါတီနဲ့ သမ္မတ ရှီကျင့်ဖျင်ကို တိုက်ရိုက် ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။
ပူချန်းက အဓိကရုဏ်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ကတော့ တရုတ် အစိုးရဟာ ဘာကိစ္စမှ မဖြစ်ခဲ့သလို ဖာသိဖာသာ နှုတ်ဆိတ်နေပါတယ်။ တရုတ်ရဲ့ ဆင်ဆာဖြတ်တောက်မှုတွေ တင်းကျပ်ထားတဲ့ ကြားကနေ လူမှုကွန်ရက် မီဒီယာ Xကို အဲဒီ ကိစ္စရဲ့ ဗီဒီယိုတွေ ပေါက်ကြားလာခဲ့တာပါ။ ဗီဒီယို မှတ်တမ်းတွေကို လေ့လာခဲ့တဲ့နောက် ရဲတွေနဲ့ ပြည်သူတွေကြား ပဋိပက္ခဟာ ပူချန်းအသက်မွေး ပညာရပ်စင်တာလို့ခေါ်တဲ့ ကျောင်းမှာ ဖြစ်ပွားခဲ့တာလို့ BBCက အတည်ပြုထားပါတယ်။
အုံကြွမှုတွေဟာ ရက်တချို့ကြာအောင် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဖော်ပြချက်တွေကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ BBCက ဆက်သွယ်မေးမြန်းတဲ့အခါ ပူချန်း ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးက မြို့ထဲမှာ ဆန္ဒပြမှု၊ အုံကြွမှု တစ်ခုခု ဖြစ်ခဲ့တာ မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက မြို့အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်ခုမှာတော့ အမြင့်က ပြုတ်ကျလို့ မျိုးရိုးနာမည် တန်ဆိုတဲ့ တတိယနှစ် ကျောင်းသားတစ်ယောက် သေဆုံးတယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ တန်ဟာ အဆောင်ထဲမှာ တခြားကျောင်းသားတွေ စကားပြောနေလို့ ညဦးပိုင်းမှာ လန့်နိုးခဲ့ကြောင်း၊ နောက်တော့ တခြား ကျောင်းသား တစ်ယောက်နဲ့ စကားများလို့ ကျောင်းတာဝန်ရှိသူ တစ်ယောက်က ဖြန်ဖြေပေးခဲ့ရကြောင်း၊ ညနက်ပိုင်းရောက်တော့ တန်ရဲ့ အလောင်းကို တခြားကျောင်းသား တစ်ယောက်က အဆောင်နားမှာ ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။
ကျောင်းသားဟာ မတော်တဆ အခြေအနေ တစ်ခုကြောင့် ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်နိုင်ပြီး လတ်တလော စုံစမ်းမှုတွေမှာတော့ ရာဇဝတ်ကြောင်း အမှုအခင်း ဖြစ်နိုင်ခြေကို ထည့်စဉ်းစားမထားသေးကြောင်းလည်း ရေးသားထားပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ရဲတွေဟာ အမှုမှန်ကို ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေက အွန်လိုင်းမှာ ပျံ့နှံ့လာပြီး မြို့ခံလူထုအတွက် ဒေါသထွက်စရာ ဖြစ်လာပါတယ်။ တိကျတဲ့ အထောက်အထား မရှိပေမယ့် တန်ဟာ အစောပိုင်းက စကားများခဲ့တဲ့ ကျောင်းသားရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာဆိုတဲ့ စွပ်စွဲရေးသားမှုတွေ ရှိလာခဲ့ပါတယ်။ နောက်ပြီး အတည်မပြုနိုင်ပေမယ့် တန်ရဲ့ မိသားစုက ပြောဆိုထားတယ်ဆိုတဲ့ အကြောင်းအရာတွေလည်း လူမှုကွန်ရက်ပေါ်ကို ရောက်လာပါတယ်။ သေမှုသေခင်း စစ်ဆေးမှုတွေအရ တန်ရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတဲ့ ဒဏ်ရာတွေက ရဲတွေ ပြောဆိုထားတဲ့ အချက်တွေနဲ့ အကြောင်းမညီညွတ်ဘဲ ဖြစ်နေတယ်ဆိုတဲ့ ဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။
အကျိုးဆက်အဖြစ် လူပေါင်း အနည်းဆုံး ရာနဲ့ချီ ပါဝင်တဲ့ မကျေမနပ် အုံကြွမှုဟာ ပူချန်းမှာ ပေါ်ပေါက်ခဲ့တာပါ။ အနိုင်ကျင့် ဗိုလ်ကျမှု ကိစ္စတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်မှာ လူပြောများတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ အရင်ကလည်း အနိုင်ကျင့်မှုတွေနဲ့ ဆက်နွှယ်တဲ့ ကျောင်းသားတွေ သေဆုံးမှုတွေမှာ ဆန္ဒပြမှုတွေ ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း တရုတ် တရားရုံး တစ်ခုဟာ အတန်းဖော်ကို သတ်ဖြတ်တဲ့ ဆယ်ကျော်သက် နှစ်ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ပူချန်းမှာ အုံကြွ ဆန္ဒပြမှုတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဘာတွေ ဆက်ဖြစ်သလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် မြို့ထဲမှာ ရဲဝန်ထမ်း ပမာဏ အလုံးအရင်း ဖြန့်ကျက်ပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ဇန်နဝါရီ ၇ ရက်နောက်ပိုင်း နောက်ထပ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။
ဒီအတောအတွင်း အာဏာပိုင်တွေက လူထုအနေနဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလတွေကို ယုံစားတာ၊ ကိုယ်တိုင် ဖြန့်ဝေတာ၊ ဖန်တီးတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား: BBC