Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ကိစ္စထက် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ စစ်ကောင်စီ ဦးစားပေးသင့်တယ်လို့ မလေးရှားပြော

အာဏာသိမ်း မြန်မာစစ်ကောင်စီ ဦးစားပေးသင့်တာဟာ ရွေးကောက်ပွဲ ကျင်းပဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်ကောင်စီ ဦးစားပေးသင့်တာဟာ ရွေးကောက်ပွဲ ကျင်းပဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြည်တွင်းစစ်ဒဏ်သင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား မှတ်ချက်ကို ထုတ်ပြောရာမှာ လက်ရှိ အခြေအနေအရ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမယ်ဆိုရင် ပြည်တွင်းက အကွဲအပြဲ ကိစ္စတွေကို ပိုဆိုးရွားသွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

လန်ကာဝီမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့တဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက စစ်ကောင်စီ အကောင်အထည် ဖော်နေတဲ့ ရွေးကောက်ပွဲကိစ္စ မလေးရှားရဲ့ သဘောထားကို မေးမြန်းခဲ့ပြီး သူက အဲဒီလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဆိုတာဟာ အင်အားစု အသီးသီး စုံစုံညီညီ ပါဝင်ဖို့ လိုအပ်ပြီး အစုအဖွဲ့ တစ်ခုတည်းက သီးခြား ကျင်းပလို့ မရကြောင်း၊ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အင်အားစုအားလုံး အကျုံးဝင်နိုင်ရမှာ ဖြစ်ကြောင်း၊ လောလောဆယ် မြန်မာရဲ့ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စဟာ ကြမ်းတမ်းရက်စက်မှုတွေ အဆုံးသတ်ဖို့၊ ငြိမ်းချမ်းရေးကို ပြန်လည် ဖော်ဆောင်ဖို့သာ ဖြစ်သင့်ကြောင်း မိုဟာမက်က ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အဖွဲ့အစည်းကနေ ထုတ်ပယ်တာမျိုး အာဆီယံမှာ ဆန္ဒမရှိကြောင်း၊ မလေးရှား အစိုးရ ကိုယ်တိုင်က အာဆီယံကနေ မြန်မာကို ထုတ်ပယ်သင့်တယ် ဆိုတဲ့ သဘောထားမျိုး ပြောကြားဖူးတာဟာ အကြောင်းအရာဟောင်း တစ်ခုသာ ဖြစ်ပြီး အခုအခါမှာတော့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် အစုအဖွဲ့ ပေါင်းစုံဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ အစိုးရတစ်ရပ် ပြန်လည် ပေါ်ထွန်းလာရေးအတွက် အကောင်းဆုံး ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ခေါင်းချင်းရိုက် ဆွေးနွေးနေကြောင်း မိုဟာမက်က ဆိုပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဆီယံ အနေနဲ့ အဖွဲ့အစည်းအတွက် အရှုပ်ထုပ် ဖြစ်နေတဲ့ မြန်မာကို အဖွဲ့အစည်းထဲကနေ အချိန်တစ်ခုထိ ဖယ်ရှားထားသင့်တယ်လို့ အကြံပြုခဲ့ဖူးပါတယ်။

အဲဒီအချိန်မှာ အန်ဝါက အာဆီယံဟာ လောလောဆယ် မြန်မာကို ခဏ ဖယ်ထုတ်ထားသင့်ကြောင်း၊ မြန်မာရဲ့ ပြဿနာတွေက အာဆီယံရဲ့ ခြေလှမ်းတွေကို အဟန့်အတား မဖြစ်စေသင့်ကြောင်း၊ အဲဒီလို လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာ အာဏာသိမ်း စစ်တပ်ဆီ အာဆီယံက တညီတညွတ်တည်း ပေးပို့တဲ့ အားကောင်းတဲ့ သတင်းစကား တစ်ခုလည်း ဖြစ်လာနိုင်ကြောင်း ထိုင်းနိုင်ငံ ခရီးစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံရေး အခြေအနေတွေ ဆိုးဆိုးရွားရွား ရှုပ်ထွေး ယိမ်းယိုင်လာတာ အခုဆိုရင် ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အာဆီယံ အနေနဲ့လည်း ထိရောက်တဲ့ ကြားဝင် ဖြေရှင်းနိုင်စွမ်းမျိုး ကင်းမဲ့နေဆဲပါ။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက မျက်ကွယ်ပြုထားခြင်းက တိုးတက်မှုတွေကို တားဆီးနေတာ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။

သတင်း

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်အောင် ရေရှည် ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု ကူညီ ရှာဖွေပေးသွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

သတင်း

ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖိဖိစီးစီး တိုက်ဖျက်ဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။