ဒေါ်နယ်လ်ထရမ့်ရဲ့ တကျော့ပြန် အမေရိကန် သမ္မတ တာဝန်ယူမှု ပထမဆုံးနေ့မှာ ကြိုတင် ကြေညာထားတဲ့အတိုင်း လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြင်းထန် ကျပ်တည်းတဲ့ မူဝါဒတွေ ကျင့်သုံးမယ့် အမိန့်တွေကို ဆက်တိုက် လက်မှတ်ရေးထိုး အတည်ပြုသွားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ သမ္မတ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုတွေမှာ ကတည်းက ထရမ့်ဟာ သူ့ရဲ့ ပထမ သက်တမ်းတုန်းက ကျင့်သုံးခဲ့တဲ့ မူဝါဒတွေရော၊ နောက်ထပ် မူဝါဒ အသစ်တွေကိုပါ ပြဋ္ဌာန်းသတ်မှတ်ပြီး တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေ၊ တခြားနည်းလမ်းတွေနဲ့ အမေရိကန်မှာ အခြေချဖို့ အားထုတ်မှုတွေကို ကန့်သတ် တိုက်ဖျက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
ဇန်နဝါရီ ၂၀ မှာတော့ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ကတည်းက ထရမ့်ဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မယ့် အမိန့်တွေကို ဆက်တိုက် လက်မှတ်ရေးထိုးခဲ့ရမှာ ဒုက္ခသည် လက်ခံမှုဆိုင်ရာ အစီအစဉ်တွေကို ပြန်လည် သုံးသပ် ပြောင်းလဲမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မက္ကဆီကိုနဲ့ ထိစပ်နေရာ နိုင်ငံတောင်ပိုင်း နယ်စပ်ကို အရေးပေါ် အခြေအနေ ကြေညာပြီး မူးယစ်မှောင်ခို ဂိုဏ်းတွေကို နိုင်ငံရပ်ခြား အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ်လည်း သတ်မှတ်ဖို့ အမိန့်ထုတ်မှုတွေ ပါဝင်ခဲ့ပါတယ်။
နောက်ပြီး အမေရိကန်ရဲ့ ဒုက္ခသည် ဝင်ရောက်ခွင့် လက်ခံမှု အစီအမံတွေကိုလည်း ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ ယာယီ ရပ်ဆိုင်းသွားစေမယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေကို လက်ခံမှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုတာ သေချာကြောင်း စိစစ် အတည်ပြုနိုင်တဲ့ထိ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း၊ လက်ရှိ ပိတ်ပင်မှုကို ပြန်ပြောင်းသင့် မသင့် ဆိုတာကို ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညှိနှိုင်းပြီး ရက်ပေါင်း ၉၀ အတွင်း သူ့ဆီ အစီရင်ခံစာတင်ဖို့ ထရမ့်ရဲ့ အမိန့်မှာ ညွှန်ကြားထားပါတယ်။

Public Service Announcement
ဒါ့အပြင် အမေရိကန်မှာ ခိုလှုံခွင့်တွေနဲ့ ပတ်သက်လို့ အပြီးတိုင် ရပ်ဆိုင်းဖို့၊ တရားဝင် မဟုတ်တဲ့ နယ်စပ်ဖြတ်ကျော်မှု မှန်သမျှကို တားမြစ်ဖို့ စီစဉ်ထားကြောင်းလည်း အိမ်ဖြူတော် အရာရှိ တချို့က ပြောကြားခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်အရ အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု လုပ်ငန်းစဉ်တွေရဲ့ ဖြစ်နိုင်ခြေ မှန်သမျှကို ချက်ချင်း ပယ်ဖျက်ပြီးသား သဘောမျိုး သက်ရောက်သွားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ဆိုပါတယ်။
ထရမ့်ဟာ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံသူတွေကို စိစစ်လက်ခံပေးဖို့ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ခွင့်ပြုထားတဲ့ အမိန့်ကိုလည်း စောစောစီးစီးပဲ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီ အခြေအနေက အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိဖို့ မျှော်လင့်ထားသူတွေအတွက်ရော၊ လက်ရှိ ခိုလှုံနေသူတွေအတွက်ပါ ဆိုးရွားတဲ့ ပြဿနာကြီး ဖြစ်လာနိုင်ပါတယ်။
ထရမ့်က လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်တွေထဲမှာ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေကို နိုင်ငံသားဖြစ်ခွင့် ပြုထားတဲ့ ဥပဒေကို ပြောင်းလဲရေး ဆိုတာလည်း ပါဝင်ပါတယ်။ လက်ရှိ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေမှာတော့ မိဘတွေရဲ့ နေထိုင်မှုက တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေဟာ နိုင်ငံသားဖြစ်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ထရမ့်က တရားမဝင် ကျူးကျော်ဝင်ရောက် ခိုလှုံလာသူတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကနေ အမေရိကန် နိုင်ငံသားတွေကို ထိရောက်တဲ့ အကာအကွယ်တွေ ပေးဖို့ လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။ သူဟာ ဘိုင်ဒန်လက်ထက်တုန်းက ဖြေလျှော့ပေးထားတဲ့ နယ်စပ်ရေးရာ မူဝါဒတွေကို ပြန်တင်းကျပ်ပြီး အမေရိကန်မှာ တရားမဝင် ရောက်ရှိနေသူ အများအပြားကို နယ်နှင်ပစ်မယ်လို့လည်း ကြုံးဝါးထားဖူးပါတယ်။
ထရမ့် သမ္မတဖြစ်လာတဲ့နောက် အဲဒီ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် အရာရှိ တချို့က သတင်းထောက်တွေနဲ့ အမေးအဖြေ လုပ်ရာမှာ ပြည်တွင်းလုံခြုံရေး အထူးအဖွဲ့တွေဟာ ပြည်နယ်နဲ့ ဒေသအလိုက် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေကို ချိတ်ဆက်ပြီး အမေရိကန်ကို တရားမဝင် ရောက်ရှိနေသူတွေ, ဒုစရိုက်ဂိုဏ်းသားတွေ၊ ရာဇဝတ်သားတွေကို ဖယ်ရှားသွားမယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဘိုင်ဒန် လက်ထက်တုန်းက နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာသူတွေက ခိုလှုံခွင့် လျှောက်ထားတောင်းခံဖို့ စီစဉ်ပေးထားခဲ့တဲ့ CBP One appဟာလည်း ပိတ်သိမ်းသွားပါပြီ။ အဲဒီ appဟာ အမေရိကန်မှာ ခိုလှုံခွင့် တရားဝင် လျှောက်ထားဖို့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: NPR


















































